လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ 

လက်ရှိတွင် စစ်ကောင်စီသည် သံတွဲမြို့နှင့် အနီးအနားရွာများကို လေကြောင်းဗုံးကြဲမှု ဆက်တိုက် လုပ်ဆောင်နေ၍ အရပ်သားထိခိုက် သေဆုံးမှုမှာလည်း မြင့်တက်နေသည်။ 

By Admin 26 Dec 2024

လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ 

DMG ၊ ဒီဇင်ဘာ ၂၆ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် တစ်နေရာမှ တစ်နေရာသို့ မကြာခဏ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ 

သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် ဂျိတ္တော၊ ငပလီ၊ မြပြင်၊ ဇီးဖြူကုန်း၊ လင်းသာ စသည့် ကျေးရွာများမှ စစ်ဘေးရှောင်များမှာ သံတွဲမြို့တွင်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ 

သို့သော်လည်း စစ်ကောင်စီက သံတွဲမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေ၍ စစ်ဘေးရှောင်များမှာ အသက်မလုံခြုံမှုကြောင့် ထပ်မံ နေရာရွှေ့ပြောင်းလိုက်ရသည်။ 

“စစ်ဘေးရှောင်တွေက မြို့ထဲမှာ အိမ်ငှားပြီးနေတဲ့သူတွေရှိသလို အသိမိတ်ဆွေအိမ်တွေမှာ နေသူတွေလည်း ရှိတယ်။ အခုက သံတွဲမြို့ကို မကြာမကြာ ဗုံးလာကြဲတော့ နေရာပြောင်းပြီး နေထိုင်နေရတယ်။ မြို့တွင်းက ပြန်ထွက်တဲ့သူတွေ လည်းရှိတယ်” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့မှာ နေရပ်ပြန်ခွင့်မရသေး၍ သံတွဲမြို့တွင် ယာယီစစ်ရှောင်နေခြင်းဖြစ်ပြီး သံတွဲမြို့ခံအများစုမှာ ဧပြီလအတွင်းမှစကာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်။

လက်ရှိတွင် စစ်ကောင်စီသည် သံတွဲမြို့နှင့် အနီးအနားရွာများကို လေကြောင်းဗုံးကြဲမှု ဆက်တိုက် လုပ်ဆောင်နေ၍ အရပ်သားထိခိုက် သေဆုံးမှုမှာလည်း မြင့်တက်နေသည်။ 

 “ဒီလိုမျိုး ဆက်တိုက်ဗုံးလာကြဲနေတော့ မြို့တွင်းမှာ မနေရဲတော့ဘူး။ နေထိုင်ရတာ မလုံခြုံဘူး။ မြို့ပေါ်ကို ဗုံးကြဲရင် မြို့ကထွက်ပြီး နယ်ဖက်ကိုပြောင်းရတယ်။ အဲလိုမျိုး ပြောင်းရွေ့နေထိုင်ရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်က သံတွဲမြို့တွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားပြီး ဒီဇင်ဘာ ၁၉ ရက်ကလည်း ဒေသခံ ၃ ဦး ဒဏ်ရာရသွားခဲ့သည်။

သံတွဲဒေသခံ ကိုစိုင်းမျိုးသန့်က “ဒီရက်ပိုင်းအတွင်းမှာတောင် ၃ ကြိမ်ထက်မနည်း ဗုံးလာကြဲခဲ့တယ်။ စစ်ဖက်ဆိုင်ရာ AA ရုံးတွေမရှိဘဲ လူတွေနေတဲ့နေရာတွေကိုပဲ ဗုံးကြဲတယ်။ စစ်ကောင်စီဗုံးကြဲတဲ့ နေရာမှာက အရပ်သားတွေပဲ နေတာ” ဟု ပြောသည်။

အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်လိုက်သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှစ၍ သံတွဲမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၈၁ ဦးရှိကြောင်း DMG က ကောက်ယူထားသည့် စာရင်းအရ သိရသည်။