စစ်ကောင်စီ ကျရှုံးမှုနှင့်  ALP အနာဂတ်

မကြာမီကာလတွင် စစ်တွေမြို့ကို AA က ထိုးစစ်ဆင်လာပါက ALP နှင့် ထိပ်တိုက်တွေ့မည်။ တိုက်ပွဲဖြစ်လျှင် စောမြရာဇာလင်းအပါအဝင် ခေါင်းဆောင်များက နေပြည်တော်သို့ ထွက်ပြေးနိုင်သော်လည်း အောက်ခြေတပ်သားများမှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီးခုခံရမည့် အခြေအနေတွင် ရှိနေသည်။

By Admin 19 Aug 2024

စစ်ကောင်စီ ကျရှုံးမှုနှင့်  ALP အနာဂတ်

အောင်သူရ - ရေးသည်။ 

ရခိုင်စစ်မြေပြင်တွင် အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ရခိုင်ပြည်ထဲမှ အပြီးတိုင်ထွက်ခွာသွားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ရခိုင်က မြို့ကြီး ၉ မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားပြီး မောင်တော၊ သံတွဲ၊ အမ်းတို့တွင် တိုက်ပွဲ ပြင်းထန်နေသည်။ 

စစ်ကောင်စီကင်းစင်နယ်မြေ များလာသည်နှင့်အမျှ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ အနာဂတ်ကိုလည်း ပြည်သူများက စိတ်ဝင်စားနေကြသည်။

ရခိုင်ပြည်တွင် “အာရက္ခတပ်တော်ကလွဲ၍ မည်သည့်လက်နက်ကိုင်အဖွဲ့မှ မရှိစေရ” ဟု AA ၏ ပြတ်သားသည့် မူဝါဒကလည်း ALP အတွက် စိုးရိမ်စရာဖြစ်ပေသည်။ 

■ ALP အနှစ်ချုပ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ကို “ရခိုင်ပြည်သူ လွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးအတွက် လွတ်လပ်ရေးအထိ တိုက်ပွဲဝင်မည်” ရည်ရွယ်ချက်ဖြင့် ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

တော်လှန်ရေးသက်တမ်း ၅၇ နှစ် ရှိလာသော်လည်း နိုင်ငံရေးဆွေးနွေးပွဲသက်သက် သွားနေသည့်အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးရနှစ်ဆက်တွင် ALP ပါတီမှာ ငြိမ်းချမ်ရေးဆွေးနွေးပွဲများသာ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်တွင်း ထူးခြားသည့် ပြောင်းလဲမှု တစ်စုံတစ်ရာ မလုပ်နိုင်ခဲ့ပေ။ 

ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ထိုးခဲ့သည်။ 
လက်ရှိအင်အားကို တရားဝင် ထုတ်ပြောခြင်းမရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များကို သုတေသနပြုနေသည့် ISP-Myanmar နှင့် BNI-Myanmar Peace Monitor ၏ အစီရင်ခံစာများအရ အင်အား ၂၀၀ ခန့်သာရှိကြောင်း သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပါတီတွင်းအာဏာလွန်ဆွဲမှု ဖြစ်ပွားခဲ့ကြပြီး ခိုင်ရဲခိုင်ဦး ဆောင်သည့် ALP၊ ခိုင်စိုးနိုင်အောင် ဦးဆောင်သည့် ALP နှင့် စောမြရာဇာလင်း ဦးဆောင်သည့် ALP ဆိုပြီး (၃) ဖွဲ့ကွဲသွားခဲ့သည်။ ခိုင်ရဲခိုင် ဦးဆောင်သည့် ALP မှာ အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ခိုင်စိုးနိုင်အောင် ဦးဆောင်သည့် ALP မှာ ထိုင်း-ကရင် နယ်စပ်တွင် အင်အားဆယ်ဂဏန်းခန့်ဖြင့် ရှိနေသည်။

ALP အကွဲအပြဲ (သို့မဟုတ်) အရှုပ်အထွေး

၎င်းတို့ထဲမှ စောမြရာဇာလင်း ဦးဆောင်သည့် ALP မှာ စစ်ကောင်စီပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်တိုက်တက်ရောက်နေပြီး ထင်သာမြင်သာလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။ ဌာနချုပ်ကိုလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်(နာဇီရွာ)၊ အေးသာယာလမ်းတွင် အခြေစိုက်ထားသည်။ 

၂၀၂၂ စက်တင်ဘာ နောက်ဆုံးအပတ်က စစ်တွေရုံးချုပ်တွင် ပြုလုပ်ခဲ့သော ALP ရဲဘော်သစ် သင်တန်းဆင်းပွဲ

စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် နီးကပ်သည့်အနေအထားကို တွေ့မြင်လာရပြီး စစ်တွေမြို့တွင်း၌ စစ်ကောင်စီတပ်နှင့် ALP ပူးပေါင်းပြီး ကင်းလှည့်မှုများကိုပါ ပူးတွဲလုပ်ဆောင်ခဲ့သည်။

၂၀၂၂ ခုနှစ်က ALP ကို နယ်ခြားစောင့်တပ်အဖြစ်ထားရန် ဆွေးနွေးခဲ့သော်လည်း တပ်ဖွဲ့ဝင်အင်အားနည်းပါး၍ စစ်ကောင်စီက လက်မခံခဲ့ဘဲ၊ စစ်ကောင်စီ၏ ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးဖက်တစ်ခုအဖြစ်သာ ထားရှိခဲ့ကြောင်း ALP နှင့် နီးစပ်သူများက ပြောကြသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်သိမ်းတိုက်ပွဲ စတင်ပြီးနောက် စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့လိုက်သည်။ ယင်းနောက် စစ်တွေမြို့မှ ထွက်ခွာလိုသည့် ဒေသခံများအား စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက ငွေညှစ်ကောက်ခံနေသည်ကို စာရေးသူကိုယ်တိုင် ကြုံခဲ့ရသည်။  

ALP သည် စစ်တွေမြို့အတွင်း ပိတ်မိနေသည့် အခြေခံလူတန်းစားများကို ငွေကြေးနှင့် တခြားမက်လုံးများပေးပြီး တပ်သားသစ်စုဆောင်းကာ စစ်ကောင်စီနှင့်အတူ ခံစစ်ပြင်ဆင်နေပြီး၊ အရပ်သားများအား ဖမ်းဆီးမှုများတွင်လည်း ပူးပေါင်းပါဝင်နေသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ALP အဖွဲ့၏ အဆိုးရွားဆုံးသော ပူးပေါင်းမှုမှာ မေလ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်စဉ် ဖြစ်သည်။ 

ဗျိုင်းဖြူရွာတွင် စစ်ကောင်စီနှင့် ALP ပူးပေါင်းပြီး ဒေသခံ ၇၆ ဦးထက်မနည်းကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း AA နှင့် ဗျိုင်းဖြူရွာသားများက အခိုင်အမာပြောကြားထားပြီး ALP ဖက်က  ငြင်းထားသည်။

ယင်းအပြင် ဇွန်လ ၁၈ ရက်မှာလည်း ရခိုင်အတွင်း မြို့သိမ်းတိုက်ပွဲ မဆင်နွှဲကြရန် ကြေညာချက်တစ်စောင်ကို စစ်ကောင်စီအကြိုက်ဆောင်သည့် စကားလုံးများသုံးနှုန်းပြီး ထုတ်ပြန်ခဲ့သည်။

■ ALP အကျပ်အတည်း

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ALP, ARSA, ARA, RSO စသည့် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည်။ 

ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေသော AA က ရခိုင်ပြည်တွင် အာရက္ခတပ်တော်ကလွဲပြီး မည်သည့်လက်နက်ကိုင်အဖွဲ့မှ မရှိစေရဟု မူဝါဒချထားပြီး စစ်ကောင်စီနှင့် ALP အတွက် ပိုမိုပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။ 

AA မူဝါဒသည် ALP ကို စစ်ကောင်စီနှင့် ပိုမိုနီးကပ်သော အခြေအနေကို ရောက်စေကြောင် သုံးသပ်၍ရနိုင်သည်။ 

AA သည် ရခိုင်ပြည်အတွင်း စစ်ရေးလှုပ်ရှားရန် စတင်ဝင်ရောက်လာစဉ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ယခင်ကရှိနှင့်နေသည့် ALP နှင့် အဆင်မပြေမှုများ ရှိခဲ့သည်။ ထို့နောက် နှစ်ဖက်တင်းမာမှုများဖြစ်ကာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင် အိန္ဒိယနယ်စပ်က ALP ဌာနချုပ်ကို AA က သိမ်းပိုက်ခဲ့သည်။

 ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်လည်း ALP ၏ ဗဟိုကော်မတီတစ်ဦးဖြစ်သည့် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ခိုင်ပေါ်လင်းကို ရာဇဝတ်မှုတစ်ခု  ကျူးလွန်သည်ဆိုပြီး AA က ဖမ်းဆီးခဲ့သည်။ 

ယင်းနောက်ပိုင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ အပါအဝင်ခေါင်းဆောင် ၃ ဦး စစ်တွေ ALP ရုံးချုပ်အနီးမှာ လုပ်ကြံခံရသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ALP ပါတီ ဒုဥက္ကဌ ခိုင်နီရောင် အပါအဝင် အရာရှိ ၃ ဦး စစ်တွေမြို့အတွင်း ထပ်မံသတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါသတ်ဖြတ်မှုများကို AA လက်ချက်ဟု  ALP က စွပ်စွဲပြီး AA  က ငြင်းဆိုခဲ့သည်။ ပါတီထိပ်ခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက် စစ်တွေမြို့တွင် အရပ်သားတစ်ချို့ကို ALP က ဖမ်းဆီးခဲ့သည်။
 
■ ALP အနာဂတ်အလားအလာ

ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီသည် ချင်းနှင့်ရခိုင်က မြို့နယ် ၁၀ ခုအထိ လက်လွှတ်ထားရပြီး မောင်တော၊ သံတွဲ၊ အမ်း နှင့် တောင်ကုတ်မြို့နယ်တို့ကို လက်လွတ်မခံရရေး အပြင်းအထန်ခုခံနေရသည်။

AA ကလည်း ရခိုင်ပြည်တွင် စစ်ကောင်စီကင်းစင်အောင် တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။ လက်ရှိတွင် စစ်ကောင်စီ၏ ပြည်နယ်အစိုးရရုံးစိုက်ရာ စစ်တွေမြို့နယ်က တပ်ရင်းဌာနချုပ်များကို AA က ဝိုင်းရံပိတ်ဆို့ကာ စစ်ရေးပြင်ဆင်ထားသဖြင့် ALP မှာလည်း အကျပ်အတည်းကို ရောက်နေသည့် အခြေအနေရှိသည်။ 

ထို့သို့ ဝိုင်းရံပိတ်ဆို့ခံထားရချိန် ALP ကလည်း လုံခြုံရေး၊ စစ်ရေး အသင့်ပြင်ဆင်ထားကြောင်း  ALP ပြောခွင့်ရသူ ဗိုလ်မှူး ခိုင်သူရိန်က မီဒီယာတစ်ခုတွင် ပြောကြားထားသည်။ AA ကလည်း စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ALP နှင့် ဆွေးနွေးမည်မဟုတ်ဘဲ ပြတ်သားစွာ ချေမှုန်းသွားမည်ဟု ဇွန်လ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ 

မကြာမီကာလတွင် စစ်တွေမြို့ကို AA က ထိုးစစ်ဆင်လာပါက ALP နှင့် ထိပ်တိုက်တွေ့မည်။ တိုက်ပွဲဖြစ်လျှင် စောမြရာဇာလင်းအပါအဝင် ခေါင်းဆောင်များက နေပြည်တော်သို့ ထွက်ပြေးနိုင်သော်လည်း အောက်ခြေတပ်သားများမှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီးခုခံရမည့် အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် ALP တပ်ဖွဲ့ဝင်များမှာ AA နှင့် ရင်ဆိုင်တိုက်ခိုက်မည့်လမ်းကို ရွေးချယ်မည်လား၊ လက်နက်ချသည့်လမ်းကို ရွေးချယ်မည်လား ဆိုသည်ကို သေချာစဉ်းစားရမည့်အချိန် ရောက်ပြီလည်း ဖြစ်သည်။

ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးကပ်စွာဆက်ဆံရေးရှိသည့် စောမြရာဇာလင်းကိုလည်း ALP တပ်ဖွဲ့မရှိတော့လျှင် စစ်ခေါင်းဆောင်က မည်ကဲ့သို့သဘောထားမလဲ ဆိုသည်ကလည်း စိတ်ဝင်စားစရာဖြစ်သည်။ 

အချုပ်ဆိုရလျှင် စစ်ပွဲအတွေ့အကြုံမရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲများဖြင့် လွတ်လပ်ရေးယူမည်ဟု ကြွေးကြော်ထား သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ အနာဂတ်အတွက် တွေးပူစရာ အမျိုးမျိုးရှိနေကြောင်း သုံးသပ်ရပေမည်။