ဥသြရယ်… တွန်သံ မချိုတော့ပြီလား

ကျီးကန်းတွေနဲ့ အတူတကွ ပေါင်းသင်းနေထိုင်တုန်းကဆိုရင် အင်အားကြီးမားလှတဲ့ အရှေ့ဖက် တောအုပ်ကြီးက နဂါးတွေရဲ့ နယ်မြေချဲ့ထွင်လာမှုကို ထောက်ပြဝေဖန်ခဲ့တာတွေကြောင့် အနောက်ဖက် တောအုပ်က သတ္တဝါအားလုံးရဲ့ထောက်ခံမှုကို ရရှိခဲ့ဖူးတာပေါ့။
နဂါးတွေကလည်း ခေသူတွေမဟုတ်ကြ၊ အင်အားကြီးမားသလောက် ဉာဏ်နီဉာဏ်နက်တွေ သုံးတာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက် ဥသြကို သူတို့ရဲ့ဌာနေကို ဖိတ်ခေါ်ပြီး ဧည့်ဝတ်ကျေပွန် ပြလိုက်ပါတော့တယ်။ အဲဒီနောက်မှာတော့ သိုင်းဝတ္ထုတွေထဲကလို မည်သို့မည်ပုံ ပြုလုပ်လိုက်သည်မသိ ဥသြဆီက နဂါးကြီးတွေအတွက် ဝေဖန်သံတွေ တိတ်ဆိတ်သွားတော့တာပါပဲ။

By ဖိုးဇော် 24 Jul 2022

DMG ၊ ဇူလိုင် ၂၄

(Satire)

ဆောင်းအကုန် နွေအကူးမှာ အဖော်ဝေးသူတို့အတွက် ဖြေသိမ့်စရာတစ်ခုဖြစ်တဲ့ ဥသြတွန်သံက နားဝင်ပီယံဂီတတစ်ခုလို့ တင်စားလို့ရနိုင်ကောင်းပါရဲ့။ အမှန်တကယ်လည်း ကျနော်တို့ရဲ့တောနက်ထဲမှာ သာယာနာပျော်ဖွယ် ဂီတတစ်ခုအဖြစ် ခံစားခဲ့ကြတာပါပဲ။
သူ့နာမည်က ဥသြ၊ တစ်ကောင်တည်းနေတတ်တဲ့ အကျင့်စရိုက်ရှိတယ်။ ဥသြမျိုးစိတ်တွေထဲကမှ ဥသြပြောက် အမျိုးအစား ဥသြတစ်ကောင်။

တစ်နေ့ ရာသီဥတုသာယာတဲ့ ဆောင်းဦးပေါက်ကာလမှာ သူ့ရဲ့တွန်သံက တောအုပ်တစ်ခုလုံးကို ဖမ်းစားသွားခဲ့တယ်။ သတ္တဝါအပေါင်းပျော်စံရာ ဒီတောအုပ်ကို ဘေးမဲ့တောအဖြစ် ဖန်ဆင်းနိုင်ဖို့ သူကိုယ်တိုင် ဦးစီးဆောင်ရွက်ခဲ့တယ်။ တောတွင်း သတ္တဝါအားလုံးနီးပါးက သူ့ဆောင်ရွက်ချက်ကို ကြိုဆိုခဲ့ကြတာပေါ့။

အဲဒီအချိန်မှာပဲ ကိုရွှေဥသြက ဘဝင်ကိုလေဟပ် မတ်တပ်ပျံဆိုသလို စိတ်ကြီးဝင်တော့တာပဲ။ တောအုပ်အတွက် ဦးဆောင်သူရွေးချယ်ရမယ့်အချိန်မှာ ကိုရွှေဥသြ ဗျာများရပြီ။ သူကျက်စားရာ တောနက်ကြီးရဲ့ အနောက်ပိုင်းမှာ သူက ရှုံးနိမ့်လို့မဖြစ်၊ သူသာရှုံးနိမ့်ရင် သူ့ဂုဏ်သိက္ခာကျဆင်းတော့မှာမလွဲ။ ကံကောင်းတယ်လို့ပဲဆိုရမလား ဒီတောနက်ကြီးရဲ့ ဥပဒေပြုပြင်ရေးမှာ ကိုယ်စားလှယ်တစ်နေရာ ရခဲ့ပြီ။

ခေါင်းပေါင်းစတလူလူနဲ့ တောလယ်ကခန်းမထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ မျက်နှာထားနဲ့ ကိုရွှေဥသြ တင်းသွင်းလိုက်တဲ့အဆိုက သူမွေးထားတဲ့စာကလေးတွေ ရောဂါဖြစ်တဲ့ကိစ္စ။ အားလုံးမှင်သက်ခဲ့ကြတဲ့ အခိုက်အတန့်ပေါ့။
နောက်ပိုင်းမှာတော့ တောလယ်ကခန်းမကြီးတစ်ခုလုံးကို ပွဲဆူအောင် လုပ်ပြနိုင်ခဲ့တာတွေလည်း ရှိပါသေးတယ်။

ကိုဥသြ သူ့ရဲ့အစုအဖွဲ့ကို ဦးဆောင်ခဲ့ရတဲ့ရည်ရွယ်ချက်က ဒီတောအုပ်ရဲ့ အနောက်ဘက်ပိုင်းဖြစ်တဲ့ သူကျက်စားရာနေရာမှာ သတ္တဝါတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးကို တိုက်ယူစရာမလိုဘဲ သတ္တဝါထုအားနဲ့ ရယူနိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဦးဆောင်ခဲ့တာ။
တောနက်လွှတ်တော် ပထမသက်တမ်းကုန်တော့ ကိုသြဥတစ်ကောင်တည်း ရပ်တည်ရခက်ခဲလာပြီ။ သူ ပထမသက်တမ်းမှာ လုပ်ခဲ့နိုင်တာက သူ့အကျိုးစီးပွားရယ်၊ သတ္တဝါအပေါင်း စုံညီတဲ့အချိန်မှာ အသံထွက် တေးဆိုပြနိုင်ခဲ့တာတွေကြောင့် အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပေါ့။ ရပ်ဝေးမြေခြား တောအုပ်တွေထိတောင် အလည်အပတ်ခရီးတွေ ပျံသန်းနိုင်ခဲ့တာ။

တောလယ်ကညီလာခံမှာ ငှက်အချင်းချင်း ဒေါင်းတွေနဲ့ အပေါင်းအဖေါ်ဖြစ်လို့ ကိုဥသြတို့ သာယာခဲ့လိုက်ကြတာများ သြချလောက်ပါရဲ့။

တောနက်ကြီး အနောက်ပိုင်းက ထွက်ပေါက်/ဝင်ပေါက်ပြဿနာမှာ ခြင်္သေ့တွေ အကယ်ကောင်းလို့ သူတို့ဘဝ အေးချမ်းခဲ့တယ်လို့လည်း ချီးမွှမ်းခဲ့သေးပါတယ်။

ဥသြဟာ ကျီးကန်းတွေနဲ့ ပလဲနံသင့်နေကြပြီး မြေပြင်က ဘေးတိုက်သွားတတ်တဲ့ ကဏန်းတွေနဲ့ပါ ပေါင်းစည်းညီညွတ်အောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါသေးရဲ့။

တဖြေးဖြေး တောနက်လွှတ်တော်ရဲ့ ဒုတိယသက်တမ်းကို ရောက်ရှိလာတော့ အရောင်တူ၊ အသွေးတူတယ်လို့ ထင်ရတဲ့ ဥသြနဲ့ ကျီးကန်းတို့ဟာ ပေါင်းစည်းညီညွတ်ပြီး တောအုပ်ကြီးရဲ့ အနောက်ဖက်ခြမ်းကို သိမ်းပိုက်လိုက်ပါတော့တယ်။ ဒါပေမဲ့ ကိုဥသြဟာ ဒီပွဲမှာ အောင်ပွဲမခံနိုင်ခဲ့ပါဘူး။

ငှက်ချင်းတူတယ်၊ အရောင်အသွေးချင်းတူတယ်ဆိုပေမဲ့ အရွယ်အစားနဲ့ အကျင့်စရိုက်တွေက မတူလှပါဘူး။ ကျီးကန်းဆိုတဲ့အမျိုးက အဖော်အပေါင်းတွေနဲ့ နေတတ်ကြသလို တစ်ကောင်ကိုထိရင် တစ်အုပ်လုံးဝိုင်းအုံပြီး အာကြတဲ့ မျိုးစိတ်ပါ။ ဥသြကတော့ တစ်ကောင်တည်း၊ ဒါပေမယ့် လွတ်လပ်တယ်။ ဒါကြောင့်လည်း ကျီးကန်းတွေရဲ့အင်အားနဲ့ပဲ ကိုရွှေဥသြဟာ တောလည်ကခန်းမထဲကို တကျော့ပြန်လည် ရောက်ရှိလာပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ သူဟာ ခြင်္သေ့အုပ်စုနဲ့ ပိုမိုနီးစပ်လာတာကြောင့် အရင်က သူနဲ့တစ်ဘက်တည်းမှာ ရပ်တည်ခဲ့ဖူးတဲ့ ဒေါင်းအုပ်စုကလည်း သူ့ကိုခပ်ခွာခွာနေလာကြပါတော့တယ်။

ဒီတောအုပ်မှာ ကြီးစိုးကြတာက ကျီးကန်း + ဥသြအဖွဲ့၊ ဒေါင်းငှက်အဖွဲ့၊ တောဘုရင်လို့တင်စားရတဲ့ ခြင်္သေ့အဖွဲ့နဲ့ သားရဲတိရိစ္ဆာန်တွေကို အမဲလိုက်တတ်တဲ့ သိမ်းငှက်အဖွဲ့တွေပဲ ဖြစ်ပါတယ်။

ဥသြဟာ တဖြေးဖြေးနဲ့သီးခြားဆန်လာပြီး တစ်ကိုယ်ရည်သွေးမှုတွေ များလာတာကြောင့် ကျီးကန်းတွေနဲ့ ကင်းကွာလာပါတော့တယ်။

နောက်ပိုင်းမှာ ဥသြ၊ ကျီးကန်းနဲ့ ကဏန်းတို့ဟာ တစ်စခန်းတည်း မနေနိုင်ကြတော့တာနဲ့ ကိုယ့်နေရာကိုယ် ပြန်နေကြပြီး ကိုဥသြကလည်း မနုသီဟလို့ခေါ်တဲ့ ခြင်္သေ့တစ်ပိုင်း လူတစ်ပိုင်းတွေနဲ့ပေါင်းပြီး သီးခြားစုဖွဲ့ နေထိုင်ပါတော့တယ်။

ကျီးကန်းတွေနဲ့ အတူတကွ ပေါင်းသင်းနေထိုင်တုန်းကဆိုရင် အင်အားကြီးမားလှတဲ့ အရှေ့ဖက် တောအုပ်ကြီးက နဂါးတွေရဲ့ နယ်မြေချဲ့ထွင်လာမှုကို ထောက်ပြဝေဖန်ခဲ့တာတွေကြောင့် အနောက်ဖက် တောအုပ်က သတ္တဝါအားလုံးရဲ့ထောက်ခံမှုကို ရရှိခဲ့ဖူးတာပေါ့။
နဂါးတွေကလည်း ခေသူတွေမဟုတ်ကြ၊ အင်အားကြီးမားသလောက် ဉာဏ်နီဉာဏ်နက်တွေ သုံးတာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက် ဥသြကို သူတို့ရဲ့ဌာနေကို ဖိတ်ခေါ်ပြီး ဧည့်ဝတ်ကျေပွန် ပြလိုက်ပါတော့တယ်။ အဲဒီနောက်မှာတော့ သိုင်းဝတ္ထုတွေထဲကလို မည်သို့မည်ပုံ ပြုလုပ်လိုက်သည်မသိ ဥသြဆီက နဂါးကြီးတွေအတွက် ဝေဖန်သံတွေ တိတ်ဆိတ်သွားတော့တာပါပဲ။

တစ်ခါမှာတော့ ဥသြဟာ အချိန်အခါမဟုတ်ထမြည်တာကြောင့် ဒေါင်းတွေနဲ့ ခြင်္သေ့တွေက သူ့ကို လှောင့်ချိုင့်ထဲ ထည့်လိုက်ကြပါတော့တယ်။ တောလယ်ခန်းမမှာလည်း သူ့နေရာကိုပါ ဖယ်ရှားလိုက်ကြပါတော့တယ်။ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ သူဟာ လှောင့်ချိုင့်ထဲမှာနေခဲရပေမဲ့လည်း သူ့မျိုးဆက်ကိုတော့ သူ့ရဲ့ အရှိန်အဝါနဲ့ အနောက်ဘက်တောအုပ်ကခန်းမကို အရောက်ပို့နိုင်ခဲ့ပါသေးတယ်။

တောအုပ်ကြီးတစ်ခုလုံး တောမီးလောင်တဲ့အချိန်မှာတော့ ခြင်္သေ့အုပ်စုက သူ့ကို လှောင်ချိုင့်ထဲက လွတ်မြောက်အောင် လုပ်ပေးလိုက်ကြပေမယ့် သူ့ရဲ့တွန်သံတွေကတော့ အရင်ကလို သာယာငြိမ့်ညောင်းမှုမျိုး မကြားရတော့ပါဘူး။

အနောက်ဘက် တောအုပ်မှာလည်း သတ္တဝါအပေါင်းတို့ အကွဲကွဲအပြားပြား ဖြစ်နေတဲ့အချိန်မှာ သိမ်းငှက်အုပ်စုက အင်အားကြီးထွားလာပြီး တောဘုရင်ခြင်္သေ့တွေနဲ့ ခွေးအကိုပါ အမဲလိုက်တဲ့အထိ စွမ်းဆောင်ပြနိုင်တာကြောင့် တစ်ချိန်က အင်အားတောင့်တင်းလှတဲ့ ကျီးကန်းတွေရဲ့အသံတွေပါ ဆိတ်သုဉ်းသွားရပါတော့တယ်။

ကျီးကန်းအုပ်စုမှာလည်း ခြင်္သေ့တို့ခွေးအတို့နဲ့ ပေါင်းတဲ့သူကပေါင်း၊ သိမ်းငှက်အုပ်စုနဲ့ ပေါင်းတဲ့သူကပေါင်းကာ အုပ်စုတွေ ကွဲသွားကြပါတော့တယ်။

ဥသြဟာ အရင်ကလို အနောက်ဘက်တောအုပ်မှာ ခေါင်းဆောင်တစ်ယောက်လို ပြန်နေချင်ပေမဲ့လည်း တန်ခိုးထွားလာတဲ့ သိမ်းငှက်အုပ်စုကလည်း သူ့ကို နေရာမပေးတဲ့အခါ ကြံရာမရတဲ့အဆုံး ခြင်္သေ့တို့ ခွေးအတို့ဆီမှာ နေရာတစ်နေရာရဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အချည်းနှီးပါပဲ၊ ခြင်္သေ့တွေကလည်း သူ့ကို ဥပေက္ခာပြုလိုက်ကြတာကြောင့် မျောက်သစ်ကိုင်းလွတ်ဆိုသလိုဖြစ်ပြီး တစ်ခါတလေမှာ အသံသေး အသံကြောင်တွေနဲ့သာ တွန်မြည်ရှာနိုင်ပါတော့တယ်။

တစ်ချိန်တစ်ခါက အနောက်ဘက်တောအုပ်တင်မက တောအုပ်ကြီးတစ်ခုလုံးဟာ သူ့ရဲ့တွန်သံကို ဂရုတစိုက် နားထောင်ခဲ့ကြရပြီး ရသမျိုးစုံကိုခံစားခဲ့ကြရပါတယ်။ နောက်လိုက်ဗိုလ်ပါတွေနဲ့ တင့်တယ်ခဲ့သလောက် သူ့ရဲ့တွန်ကျူးသံကို တခဲနက်အားပေးခဲ့ကြသူတွေဟာလည်း တဖြေးဖြေးနဲ့ သူ့ကို မေ့မေ့ပျောက်ပျောက် ဖြစ်လို့နေကြပါပြီ။

အရင်တုန်းက ဆောင်းအကုန် နွေအကူးမှာ ကြားနေကြဖြစ်တဲ့ ကိုဥသြရဲ့မြည်သံဟာ သာယာချိုမြိန်လှပေမယ့် ရာသီဥတုအပြောင်းအလဲတွေကြားမှာ ငုပ်လျှိုးသွားတဲ့ သူ့ရဲ့ တွန်ကျူးသံကတော့ အနောက်ဘက်တောအုပ်မှာ သာယာနာပျော်ဖွယ် ဂီတသံတစ်ခုအဖြစ် ပြန်လည်နားဆင်ခွင့် ရနိုင်ပါအုံးမလား။

ဥသြရယ်…… တွန်သံ မချိုတော့ပြီလား။

ဖိုးဇော် - ရေးသည်။