ဆက်သွယ်ရေးဧရိယာ ပြင်ပ
မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ၂၀၁၂-၂၀၁၃ ဝန်းကျင်တွင် CDMA နှင့် GSM မိုဘိုင်းဖုန်းများကို အများပြည်သူသုံးစနစ်ဖြင့် စတင်ထိတွေ့ခွင့်ရရှိခဲ့ကြသည်။ ယင်းမှတစ်ဆင့် အင်တာနက်လိုင်း သုံးစွဲမှုများ တွင်ကျယ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် NLD အစိုးရတက်လာပြီးနောက် တနိုင်ငံလုံးအတိုင်းအတာကို လွှမ်းခြုံ၍ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းသုံးစွဲမှု ပိုမိုတွင်ကျယ်လာခဲ့သည်။
28 Aug 2022
DMG ၊ ဩဂုတ် ၂၈
(ဆောင်းပါး)
ဇူလိုင်လရာသီဥတုသည် မူမမှန်ခဲ့ပေ။ မိုးရာသီဆိုသော်လည်း မိုးရွာသွန်းနည်းပါးပြီး နေပူပြင်းလျက်ရှိသည်။ ချစ်ချစ်တောက်ပူပြင်းနေသော နေရောင်အောက်တွင် လူငယ်လေးငါးယောက် လမ်းလျှောက်နေကြသည်။ ပူပြင်းသော နေပူချိန်ကိုအံတုပြီး လမ်းလျှောက်နေရသော်လည်း မောပန်းသည်ကို ဂရုမမူနိုင်။ သူတို့ဦးတည်ရာ တောင်ကုန်းသို့ရောက်ရှိရေးသည်သာ အဓိက။ ထိုတောင်ကုန်းသို့ရောက်မှသာလျှင် ပင်ပန်းနွမ်းနွယ်မှုလည်း ပျောက်ကင်းမည်ဟု ယူဆထားသည့်အလားပင်။
ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း (ခေါ်) ပိန္နဲချောင်းကျွန်းတွင်ရှိသော ဖဒူကျေးရွာတွင် တာဝါတိုင်မရှိသောကြောင့် ဒေသခံများမှာ ဖုန်းဆက်ရန်၊ အင်တာနက်သုံးရန်အတွက် ထိုသို့တောင်ကုန်းများသို့ တက်ရောက်ရခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ပင်လယ်ကမ်းစပ်များသို့ သွားရောက်အသုံးပြုရသည်။
ဖဒူကျေးရွာသည် စစ်တွေမြို့နှင့် မိုင်ပေါင်း ၂၅ မိုင်ခန့်နှင့် ပေါက်တောမြို့နှင့် မိုင်ပေါင်း ၂၀ ကျော်ဝေးကွာသည့် ဒေသဖြစ်သည်။ ဖဒူကြီး၊ ဖဒူအလယ်ရွာ၊ ဖဒူချေ၊ အောင်လှပြင်၊ ဘုရားချောင်း၊ ငရုပ်ချောင်း၊ တန်းတင်နှင့် ပတင်းကျေးရွာတို့ကို ပေါင်းစုပြီး ဖဒူကျေးရွာဟုခေါ်ဆိုကြခြင်းဖြစ်သည်။ အဆိုပါ ရွာ ၈ ရွာတွင် အိမ်ခြေ ၁၄၀၅ ရှိပြီး လူဦးရေ ၇၀၀၀ ကျော်နေထိုင်ကြသည်။
တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုခွင့်၊ သတင်းအချက်အလက်သိရှိပိုင်ခွင့်တို့မှာ လူတို့အတွက်အရေးကြီးသော်လည်း မိသားစုဝင်တစ်ဦးဦးနှင့်ဖြစ်စေ၊ ဖြစ်ပျက်နေသော သတင်းတစ်ပုဒ်ကို သိရှိချင်လျှင်ဖြစ်စေ ထိုကျေးရွာမှဒေသခံများအတွက် မလွယ်ကူပေ။
မြင့်မားသောတောင်တန်းများ၊ ဝေးကွာသော မြစ်ကမ်းစပ်များကိုသွားရောက်ပြီး ဖုန်းဆက်သွယ်ခြင်း၊ မိုဘိုင်းအင်တာနက်အသုံးပြုခြင်းတို့ကို ပြုလုပ်နေရသည်။
သို့သော်လည်း ယင်းတောင်ကုန်းကိုတက်ရောက်ရန် နာရီနှင့်ချီကြာပြီး ကမ်းစပ်ကိုသွားရောက်ရန်မှာလည်း နာရီဝက်ကျော်ခရီးရှိသည်။ ရံဖန်ရံခါတွင် ထိုနေရာ၌ ဖုန်းလိုင်းများပျောက်နေသဖြင့် ယင်းအနီးပတ်ဝန်းကျင် တစ်လျှောက်တွင် ဖုန်းလိုင်းရှာပုံတော်ဖွင့်ကြရသည်ဟု ဒေသခံများကဆိုကြသည်။
ထို့ပြင် ယခုကဲ့သို့မိုးရာသီရောက်လျှင် နွေရာသီ၊ ဆောင်းရာသီမှာကဲ့သို့ ဖုန်းလိုင်းများမကောင်းတတ်ပေ။ တစ်ခါတစ်ရံတွင် နာရီနှင့်ချီစောင့်ဆိုင်းမှသာလျှင် ဖုန်းလိုင်းကောင်းတတ်ပြီး ဖုန်းပြောခြင်း၊ အင်တာနက်သုံးခြင်းများ ပြုလုပ်ရသည်။
“အင်တာနက်လိုင်းမရတဲ့အပြင် ဖုန်းလိုင်းကပါ ပြတ်တောက်ပြတ်တောက်ဖြစ်နေတယ်။ ရာသီဥတုမကောင်းရင် အမြဲဒီလိုပဲ စိတ်ပျက်ဖို့ကောင်းတယ်”ဟု အိမ်ခေါင်မိုးပေါ်မှာစီးဆင်းလာသော မိုးရေစများကိုငေးကြည့်ရင်း အသက် ၂၃ နှစ်အရွယ် မမဝေကပြောသည်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရ၍ ဆုံးရှုံးမှုများ
မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ၂၀၁၂-၂၀၁၃ ဝန်းကျင်တွင် CDMA နှင့် GSM မိုဘိုင်းဖုန်းများကို အများပြည်သူသုံးစနစ်ဖြင့် စတင်ထိတွေ့ခွင့်ရရှိခဲ့ကြသည်။ ယင်းမှတစ်ဆင့် အင်တာနက်လိုင်း သုံးစွဲမှုများ တွင်ကျယ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် NLD အစိုးရတက်လာပြီးနောက် တနိုင်ငံလုံးအတိုင်းအတာကို လွှမ်းခြုံ၍ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းသုံးစွဲမှု ပိုမိုတွင်ကျယ်လာခဲ့သည်။
အင်တာနက်လိုင်းသုံးစွဲမှု တွင်ကျယ်လာသည့်နောက်ပိုင်းတွင် သတင်းအချက်အလက်နှင့် နည်းပညာများကို မြန်မာပြည်ကလူအများစုမှာ အချိန်နှင့်တပြေးညီ မြည်းစမ်းခွင့်ရခဲ့ကြသည်။ ယင်းအကျိုးကျေးဇူးကြောင့် လူမှုအကျိုးစီးပွားများ အတော်အသင့်ဖွံ့ဖြိုးခဲ့ကြသည်ဟု ဆိုရပေမည်။ သို့သော် ထိုအရာများကို ဖဒူဒေသခံများ ယခုအချိန်ထိ ခံစားခွင့်မရကြသေးပေ။
“အခြားရွာကလူတွေနဲ့ယှဉ်လိုက်ရင် ကျမတို့ဟာ မျက်စိသူငယ်၊ နားသူငယ်နဲ့ ဘာဆိုဘာတစ်ခု သိရတာမရှိဘူး”ဟု ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရရှိမှုအပေါ် မမဝေက စိတ်ပျက်လက်ပျက်ပြောဆိုသည်။
ထိုသို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရရှိသောကြောင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် ဆိုးရွားစွာ ထိခိုက်ကြသည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလက Covid 19 ရောဂါ ပြင်းထန်စွာဖြစ်ပွားစဉ်ကာလကလည်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် သတင်းအချက်အလက်များကို ဒေသခံအားလုံးထံသို့ ကောင်းစွာမရရှိပေ။
၎င်းတို့ထံရောက်ရှိလာသော သတင်းစကားများမှာ တစ်ဆင့်စကားများသာဖြစ်ပြီး တစ်ခါတစ်ရံ သတင်းမှားများလည်း ပါတတ်သဖြင့် စိတ်ဒုက္ခရောက်ရသည်ဟု ဒေသခံများကဖွင့်ဟကြသည်။
“အဲဒီတုန်းက ကိုဗစ်သတင်းတွေကို တော်တော်နဲ့မသိရှိကြဘူး။ မြို့ကရောက်လာတဲ့သူတွေမှာ ပြောမှသိကြတာ။ ဆိုတော့ တစ်ချို့ကဆောင်ရန်၊ရှောင်ရန်တွေလည်း မသိကြဘူးလေ။ အဲဒါက ဖုန်းလိုင်း၊အင်တာနက်လိုင်းမရရှိတဲ့ အကျိုးဆက်ဗျာ”ဟု ဒေသခံလူငယ်တစ်ဦးကဆိုသည်။
ထို့ပြင် Covid 19 ကာလက နေအိမ်မှအပြင်မထွက်ရ ကန့်သတ်မှုကြောင့် စာသင်ကျောင်းများ၊ သင်တန်းများကို ပိတ်ထားရသည်။ အစားထိုးအနေဖြင့် မိမိသင်ယူလိုသည့် သင်ခန်းစာများ၊ သင်တန်းများကို အွန်လိုင်းမှ သင်ကြားရသည်။ သို့သော်လည်း အင်တာနက်လိုင်းသာမက ဖုန်းလိုင်းပါမရသော ဖဒူဒေသမှ လူငယ်၊ လူလတ်ပိုင်းတို့မှာ ထိုအခွင့်အရေးဆုံးရှုံးရပြန်သည်။
“အခုအခြေအနေမှာဆို အင်တာနက်က ပိုပြီးမှတောင်လိုအပ်တယ်။ အခုက ဘာဗဟုသုတ၊ ဘာအသိမှမရရှိဘဲ ဒီအတိုင်းနေထိုင်နေရတာကိုတွေးပြီး ဒီနေရာမှာ လူလာမဖြစ်သင့်ဘူးလို့တွေးမိတယ်''ဟု မမဝေက ခံစားချက်များကိုဖွင့်ဟသည်။
ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရရှိမှုကြောင့် ပညာရေး၊ ကျန်းမာရေးသာမက စီးပွားရေးပါထိခိုက်ရသည်ဟု အောင်လှပြင်ကျေးရွာမှ မဖြူနှင်းဝေကပြောသည်။ သူသည် ရန်ကုန်မြို့တွင် နှစ်နှစ်ကျော်ကြာနေထိုင်ခဲ့စဉ်က အွန်လိုင်းမှ အဝတ်အစားများရောင်းချခဲ့သည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ရန်ကုန်တွင် တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးသွားသောအခါ မွေးရပ်ဇာတိကို ပြန်လာပြီး ထိုလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ရန် မျှော်လင့်ချက်ထားခဲ့ဖူးသည်။ သို့သော် သူ၏အိပ်မက်များမှာ မှန်းချက်နှင့်နှမ်းထွက် မကိုက်ညီခဲ့ပေ။ ရွာသို့ရောက်ပြီးနောက် ဆယ်ကိုးရက်ခန့်ကာ မြစ်ကမ်းစပ်နှင့် တောင်တန်းများသို့သွားရောက်ကာ အင်တာနက်လိုင်းအသုံးပြုပြီး ရောင်းခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်မပြေတော့ဟုဆိုသည်။
မိမိနေထိုင်ရာနေအိမ်တွင် အင်တာနက်မရရှိသောအခါ တောင်တန်းများသို့သွားရောက်ပြီး အသုံးပြုရသော်လည်း နာရီပေါင်းမြောက်များစွာထိုင်ပြီး အသုံးပြုနေလို့မရပေ။ အလွန်ဆုံးဆိုလျှင် လေးနာရီခန့်သာအသုံးပြုပြီး နေအိမ်သို့ပြန်သွားရသည်။ ထိုသို့ အင်တာနက်ပေါ်တွင် အမြဲတမ်းမရှိမှုတို့ကြောင့် ရောင်းဝယ်ရေး အဆင်မပြေမှုများဖြစ်ပေါ်လာပြီး ထိုလုပ်ငန်းကိုရပ်နားလိုက်ရသည်ဟု မဖြူနှင်းဝေကဆိုသည်။
“ဖုန်းလိုင်းမရတော့ အဆင်မပြေဘူးလေ။ ဖောက်သည်တွေနဲ့ အဆက်အသွယ်ပြတ်သွားတော့ ရောင်းအားကျသွားလို့ ရပ်နားလိုက်ရတယ်။ စိတ်ညစ်စရာကောင်းပါတယ်”ဟု သူကပြောသည်။
ဧရိယာပြင်ပမှာ ဝန်ထမ်းများမပျော်ပါ
ဖဒူကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ရှိသည်။ ထိုအစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာလည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မရရှိသောကြောင့် မပျော်ရွှင်ကြပေ။ တချို့ဝန်ထမ်းများမှာလည်း ဖဒူဒေသသို့တာဝန်ကျပြီး ခြေချလျှင်ပင် မဲဇာတောင်ခြေသို့ အပို့ခံရခြင်းလောဟု ဒေသခံများကို စနောက်ပြောဆိုတတ်ကြသည်။
“ဒီမှာရောက်ရှိလာတဲ့လူတိုင်း မပျော်ပါဘူး။ ကျေးလက်ကျန်းမာရေးဌာနမှာ ကျနေတဲ့ ဆေးဖက်ဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ဆရာမတွေရော ဒီကနေ မကြာခဏပြောင်းရွှေ့သွားတာရှိတယ်။ သူတို့ခမျှာ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရတော့ ဘယ်နေချင်ပါ့မလဲ။ အင်တာနက်ရော၊ ဖုန်းလိုင်းရော ဘယ်ဟာမှမရတော့ သူတို့လည်း စိတ်ညစ်ရတာပေါ့”ဟု ဒေသခံ မစိုးမြတ်နွယ်က ကျန်းမာရေးဌာနမှဝန်ထမ်းများကို လှမ်းကြည့်ရင်းပြောပြသည်။
ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးကလည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရရှိသောကြောင့် အလွန် ဒုက္ခရောက်ရသည်ဟုဆိုသည်။ မြို့နယ်ကျန်းမာရေးဌာနနှင့် အဆက်အသွယ်ပြုလုပ်ရခြင်း၊ ဓာတ်ပုံအထောက် အထောက်အထားများပို့ရမည်ဆိုလျှင် ထိုဒုက္ခများနှင့်ကြုံတွေ့ရသည်ဟုဆိုသည်။
“အထူးသဖြင့် ကာကွယ်ဆေးထိုးရမယ့်အခါတွေမှာပေါ့လေ၊ မြို့ပေါ်ကိုဆေးသွားယူဖို့ ဖုန်းဆက်လို့ မရတဲ့အခါတွေရှိတယ်။ ကာကွယ်ဆေးဆိုတာက ရေခဲတွေနဲ့အအေးခံထားရပြီး အချိန်နဲ့တပြေးညီ ထိုးပေးရတာဆိုတော့ တဖက်နဲ့တဖက် ဆက်သွယ်လို့မရတဲ့ အဲ့လိုမျိုးအချိန်တွေဆို ဒီကလူတွေအတွက် စိတ်ပူရတဲ့အခက်အခဲတွေရှိတာပေါ့”ဟု ကျန်းမာရေးမှူးကပြောသည်။
ယင်းသို့ ဆက်သွယ်ရေးအဆင်မပြေမှုကြောင့် လူနာမှတ်တမ်းများ၊ ဓာတ်ပုံများ၊ ရုံးစာရွက်စာတမ်းများကို အထက်ဌာနသို့တင်ပို့ရာတွင် အခက်အခဲများရှိနေသလို အရေးပေါ်ကျန်းမာရေးကိစ္စနှင့် လူနာလွှဲပြောင်းရမည့် ကဏ္ဍများတွင်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် စိုးရိမ်းရသည့်အခြေအနေများလည်းရှိကြောင်း ၎င်းကဆက်လက်ဆိုသည်။
“လူနာလွှဲပြောင်းရမယ့်ကိစ္စတွေ ကြုံလာခဲ့ရင် ဖုန်းဆက်လို့မရတဲ့အတွက်ကြောင့် လမ်းခုလပ်မှာ တစ်ခုခု ဖြစ်သွားမှာကို တွေးပြီးစိုးရိမ်ရတာမျိုးရှိတယ်။ တစ်ခုခုဆို နားလည်မှုတွေလွဲသွားနိုင်တော့ စိုးရိမ်ရတာပေါ့”ဟု ၎င်းကဆိုသည်။
ဖဒူဒေသတွင် ထိုသို့ဖုန်းလိုင်းများအဆင်မပြေသောကြောင့် အထိုင်ဖုန်းများကိုအသုံးပြုနေရသည်။ သို့သော်လည်း ရေလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သော အဆိုပါဒေသတွင် ငွေကြေးမပြေလည်သူများလည်း အမြောက်အများရှိသဖြင့် အိမ်တိုင်းတွင်ဖုန်းမရှိဟု ဒေသခံဖြစ်သူ ဦးခင်မောင်းဆန်းကဆိုသည်။
“အထိုင်ဖုန်းတွေလည်းပဲ ရာသီဥတုမကောင်းရင် ဆက်လို့မရတော့ဘူး။ အင်တာနက်လိုင်းလား ပိုးဆိုးတာပေါ့၊ ဖုန်းလိုင်းတောင် ကောင်းကောင်းမရတဲ့နေရာမှာ အင်တာနက်လိုင်းအကြောင်းဆို ပြောစရာတောင်လိုမယ် မထင်ပါဘူး။ မြို့မှာလို ကိုယ့်အိမ်ကထိုင်ပြီး လိုင်းသုံးရဖို့ဆိုတာ ဒီရွာတွေအတွက်တော့အဝေးကြီးပေါ့”ဟု ဦးခင်မောင်ဆန်းကပြောသည်။
ဖဒူကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းရရှိရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင်လည်း ပေါက်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက လွှတ်တော်တွင် မေးမြန်းဖူးသည်။ သို့ရာတွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ လောလောဆယ် တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဖြေဆိုခဲ့သည်။
သို့ရာတွင် နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့် နယ်မြေဒေသများ၌ အခြေခံဆက်သွယ်ရေးအဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာများက အချိုးကျထည့်ဝင်ထားသည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်မြို့တော် စစ်တွေမြို့နှင့် ၂၅ မိုင်သာဝေးကွာသည့် ဖဒူကျေးရွာသည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းပင် မရရှိနိုင်သေးဘဲ အထီးကျန်စွာဖြင့် အမှောင်ခေတ်ကို မည်မျှဖြတ်သန်းနေရဦးမည်ကို မသိရှိနိုင်သေးပေ။ သို့သော်လည်း ဒေသခံများ၏ဆန္ဒတွင်ကား တာဝါတိုင်တစ်ခု အမြန်ရရှိရေးသည်သာ အဓိကအရာတစ်ခု ဖြစ်နေသည်။
မိုးပေါက် - ရေးသည်