သတင်းအမှောင်ချခံ ရခိုင်ပြည်သူများ သတင်းမှန်သိရှိရန် ဂျာနယ်အခမဲ့ထုတ်ဝေ
" အခုဆိုရင် ရခိုင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်းမရတော့ဘူး။ ဒါကြောင့် ပြည်သူတွေက ဘယ်နေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာကိုလည်း မသိရတဲ့အတွက် သတင်းမှန်လည်း မသိရဘူး။ သတင်းမှောင်ချခံထားရတဲ့ ပြည်သူတွေကို သတင်းမှန်သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဂျာနယ်ကို ဖြန့်ဝေဖြစ်သွားတာပါ" ဟု ဂျာနယ်ဦးဆောင်ထုတ်ဝေသူ ကိုတေဇအောင်က ပြောသည်။
28 Oct 2024
DMG ၊ အောက်တိုဘာ ၂၈
သတင်းအမှောင်ချခံထားရသည့် ရခိုင်ပြည်အတွင်းက ပြည်သူများ သတင်းမှန်သိရှိစေရန် ရည်ရွယ်၍ ရခိုင်သတင်းသမားများ စုပေါင်းပြီး သတင်းဂျာနယ်များကို အောက်တိုဘာလ ဒုတိယပတ်ကစတင်ကာ အခမဲ့ ဖြန့်ဝေပေးနေကြောင်း သိရသည်။
အဆိုပါ သတင်းဂျာနယ်ကို "အာရက္ခဒတ်ချ်- ARAKKADESH" ဟု အမည်ပေးထားပြီး လက်ရှိတွင် စောင်ရေ ၂၀၀ ကျော်ကို သံတွဲ၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့ကို အခမဲ့ဖြန့်ဝေပေးနေကြောင်း ဂျာနယ်ဦးဆောင်ထုတ်ဝေသူ ကိုတေဇအောင်က ပြောသည်။
" အခုဆိုရင် ရခိုင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်းမရတော့ဘူး။ ဒါကြောင့် ပြည်သူတွေက ဘယ်နေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာကိုလည်း မသိရတဲ့အတွက် သတင်းမှန်လည်း မသိရဘူး။ သတင်းမှောင်ချခံထားရတဲ့ ပြည်သူတွေကို သတင်းမှန်သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဂျာနယ်ကို ဖြန့်ဝေဖြစ်သွားတာပါ" ဟု သူက ပြောသည်။
"အာရက္ခဒတ်ချ်- ARAKKADESH" ဂျာနယ်ကို တစ်လလျှင် ၂ ကြိမ်ထုတ်ဝေသွားမည်ဖြစ်ပြီး ဂျာနယ်တွင် သတင်းနှင့် ဆောင်းပါးများ၊ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်ကျန်ပစ္စည်းများဆိုင်ရာ အသိပညာပေးအချက်အလက်များ ပါဝင်သည်။
တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် လက်ရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရသည့်အပြင် လျှပ်စစ်မီးများ ဖြတ်တောက်နေသဖြင့် သတင်းမှန်သိရှိရန် ပြည်သူများမှာ ခက်ခဲနေသည်။
"အာရက္ခဒတ်ချ်- ARAKKADESH" သတင်းဂျာနယ်ကို လာမည့် နိုဝင်ဘာလမှစ၍ ၁ လလျှင် ၂ ကြိမ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဂျာနယ်ထုတ်ဝေစရိတ်များမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး ယခင်က ဂျာနယ်တစ်စောင်ကို ထုတ်ဝေစရိတ် ၆၀၀ ကျပ်ခဲ့ပြီး လက်ရှိတွင် ဂျာနယ်တစ်စောင် ထုတ်ဝေစရိတ်မှာ ၁၆,၀၀၀ ကျပ်ထိ မြင့်တက်နေ၍ ငွေကြေးအခက်အခဲရှိနေကြသည်။
ယင်းအပြင် လျှပ်စစ်မီးပြတ်တောက်နေခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုကြောင့် ရခိုင်အခြေစိုက် သတင်းမီဒီယာအချို့မှာ ဂျာနယ်ထုတ်ဝေရန် အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။
" ဂျာနယ်ထုတ်မယ်ဆိုရင် စက်ကိရိယာတွေ လိုတယ်။ စာရွက်စာတန်းတွေ လိုအပ်တယ်။ အခုက လျှပ်စစ်မီးတွေလည်း မရတော့ စက်ကိရိယာတွေ မလည်ပတ်သေးတဲ့အတွက် မထုတ်နိုင်သေးဘူး။ နောက်တစ်ခု ငွေရေးကြေးရေးလည်း အခက်အခဲရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့က နောက်နှစ်လောက် ထုတ်ဖြစ်အောင်ကြိုးစားနေတယ်"ဟု ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောသည်။
Development Media Group(DMG) သည် "ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်"ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ စကာ ၂၀၁၉ ခုနှစ်ထိ ထုတ်ဝေခဲ့သော်လည်း နောက်ပိုင်းတွင် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ခံရမှုကြောင့် ရပ်နားထားခဲ့ရသည်။
လက်ရှိ စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုနှင့်အတူ သတင်းအမှားများ ကြီးစိုးနေသဖြင့် ဂျာနယ်များထုတ်ဝေဖြန့်ချိခြင်းမှာ သတင်းမှန်သိရှိရေးကို များစွာအထောက် အကူပြုနိုင်ကြောင်း ပြောဆိုကြသည်။
ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက " ဒီနေ့ ဖြစ်တဲ့သတင်းကို ဒီနေ့မသိရဘူးဆိုရင်တောင် မနက်ဖြန်လောက်ဖြစ်ဖြစ် သိချင်တယ်။ သတင်းတွေကို အချိန်နဲ့တပြေးညီမသိရတော့ ကျနော်တို့က ကမ္ဘာ့အပြင်ဖက် ရောက်နေသလို ဖြစ်နေတယ်" ဟု ပြောသည်။