ကျောက်ဖြူမြို့ထဲက ညဉ်းတွားသံများ
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာလျက်ရှိသည်။ ကျောက်ဖြူမြို့မှ ဒေသခံများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းကြရန် အာရက္ခတပ်တော်က ပြီးခဲ့သည့် ဧပြီလက သတိပေးထားသည်။
14 Jul 2024
DMG ၊ မိုးပေါက် ရေးသည်။
သဲကြီးမဲကြီးရွာချနေသော ဇူလိုင်မိုးအောက်မှာ ကလေးငယ်တစ်သိုက် ဆော့ကစားနေသည်။ အပူအပင်ကင်းတဲ့ ကလေးငယ်များကို ငေးကြည့်နေသော ဒေါ်ဝေဦးခင်တစ်ယောက်ကတော့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို အမှတ်ရမိရင်း ရှေ့ဆက်ရမည့် ဘဝခရီးကြမ်းကို တွေးတောနေလေတော့သည်။
ဒေါ်ဝေဦးခင်မှာ ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက် တောင်ဘက်အစွန်ရှိ “ကျူး”ဟု ခေါ်ဆိုကြသည့် ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ကျူးရပ်ကွက်၌ နေထိုင်သူအများစုမှာ ကြုံရာကျပန်းအလုပ်ဖြင့် ဖြတ်သန်းသူများဖြစ်ပြီး လက်ရှိကာလတွင် အလုပ်လက်မဲ့ဖြစ်ကာ ချက်ပြုရန်ဆန်ရိက္ခာမရှိ ဖြစ်နေကြသည်။
ထမင်းနပ်မမှန်ဘဲ ဖြတ်သန်းရသော ရက်ပေါင်းမနည်းတော့သည့်အကြောင်းကို ဒေါ်ဝေဦးခင်က ဖွင့်ဟလာသည်။
“လမ်း စပိတ်တုန်းကတော့ မြို့က ပရဟိတအဖွဲ့အစည်းတွေက ဆန်၊ ဆီ၊ ဆား အဲလိုရိက္ခာတွေ လာလှူကြတယ်။ အခု အဲဒီအဖွဲ့တွေလည်း မရှိတော့ဘူးဆိုတော့ မနက်စာစားရရင် ညနေစာမစားရဘူး”
ရခိုင်တွင် တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်သူများမှာ နေ့စဉ်လှုမှုဘဝ အကျပ်အတည်းများကို ခံစားနေကြရသည်။
ကျောက်ဖြူမြို့ အဝင်/အထွက်ကိုလည်း စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး မြို့နှင့်ထိစပ်နေသော ရေနယ်နိမိတ်များပါ လမ်းသွာခွင့် ပိတ်လိုက်ခြင်းကြောင့် တစ်လမကြာမီပင် မြို့တွင်းရိက္ခာ ပြတ်လပ်လာခဲ့သည်။
အကျိုးဆက်က တစ်နေ့လုပ်မှတစ်နေ့စားရသော ဒေါ်ဝေဦးခင် တို့ကဲ့သို့ အခြေခံ လက်လုပ်လက်စားများအတွက် စားဝတ်နေရေးကြပ်တည်းမှုပြဿနာ ပိုကြီးထွားစေခဲ့သည်။
အလုပ်အကိုင်မရှိ၊ ဝင်ငွေလည်းမရှိတော့သည့် အခြေခံလက်လုပ်လက်စားများကို မြို့ခံလူမှုအဖွဲ့အစည်းတချို့က တတ်နိုင်သလောက် စားနပ်ရိက္ခာကူညီပေးခဲ့ကြသဖြင့် အမှီအခိုတစ်ခုဖြစ်ခဲ့ရသည်။
သို့သော် ထို့အရာများက မရှည်ကြာခဲ့ပေ။ စစ်ကောင်စီက ပရဟိတလုပ်ကိုင်သူများကို ထောက်လှမ်းဖမ်းဆီးမှုများ လုပ်ဆောင်လာ၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ကူညီထောက်ပံ့မှုများ တဖြည်းဖြည်းနည်းပါးသွားခဲ့သည်။
“လူတချို့က သနားလို့ လာပေးတာတွေရှိတယ်။ အဲဒါတွေကို ချွေတာပြီး စားသောက်တယ်။ တစ်ခါတစ်လေ ဆန်ပြုတ်ချက်စားရတယ်။ စားစရာမရှိရင်တော့ ဗိုက်မှောက်ပြီး အိပ်နေရတယ်” ဟု ဒေါ်ဝေဦးခင်က ပြောသည်။
ကျောက်ဖြူမြို့သည် ပင်လယ်ကျွန်းမြို့ဖြစ်၍ စားနပ်ရိက္ခာ၊ ကုန်စည်ကအစ အခြားမြို့နယ်နှင့် ကျေးလက်ဒေသကို အမှီပြုရသည်။ တစ်မြို့နှင့်တစ်မြို့၊ တစ်ဒေသနှင့်တစ်ဒေသ ကူးသန်းသွားလာနိုင်သည့် လမ်းကြောင်းဟူသမျှကို စစ်ကောင်စီက ပိတ်ဆို့ထား၍ ကျောက်ဖြူမြို့ခံများမှာ ရိက္ခာပြတ်လပ်မှုဒဏ်ကို အလူးအလဲရင်ဆိုင်နေကြရသည်။
ဆောက်လုပ်ရေး၊ ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး စသည့် လုပ်ငန်းအများစု ရပ်တန့်နေ၍ ထိုလုပ်ငန်းများအပေါ် အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသူများမှာ ပို၍ဒုက္ခရောက်ကြရသည်။
အဆင်ပြေသလို ရှာဖွေစားသောက်မည်ဆိုလျှင်လည်း အသက်လုံခြုံရေးကို စိုးရိမ်နေရကြောင်း ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်နေ ဒေါ်အငယ်ချေက ပြောသည်။
“ဘာအလုပ်မှ မရှိဘူး။ မြစ်ထဲမှာဖြစ်ဖြစ်၊ ချောင်းကမ်းနားမှာဖြစ်ဖြစ် ငါးသွားရှာရင်လည်း အဖမ်းခံရမှာကို ကြောက်ရတယ်။ ဘာတစ်ခုမှ လုပ်စားသောက်ဖို့ မရဲတော့ဘူး။ လုပ်ကိုင်ဖို့လည်း ဘာအခွင့်အလမ်းမှ မရှိတော့ဘူး။ တစ်ခုခုလုပ်မယ်ဆိုရင် အဲဒီ စစ်သားနဲ့ ရဲတွေကို ကြောက်နေရတယ်”
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က မြစ်ကမ်းစပ်မှာ ငါးရှာနေသော မြစ်နားတန်း၊ ပိုက်ဆိပ်၊ ပြင်ဖြူမော် ရပ်ကွက်မှ ဒေသခံ ၂၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နောက်ပိုင်း တစ်ဦးတစ်ယောက်မျှ ငါးမဖမ်းရဲကြတော့ပေ။
ကျောက်ဖြူမြို့ကို ရပ်ကွက် (၁၇) ခုဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသောင်းကျော် ရှိသည်။ မြို့နေလူဦးရေထက်ဝက်ခန့်မှာ အခြေခံလူတန်းစားများဖြစ်ပြီး ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ ပန်းရံ၊ လက်သမား စသည့် ရာသီအလိုက် ကျပန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းကြသည်။
အခြေခံလူတန်းစားများမှာ နေ့တဓူဝအလုပ်များကို မလုပ်ကိုင်ရတော့၍ ဝမ်းရေးအပြင် နေထိုင်ရေးအတွက်လည်း ဒုက္ခရောက်နေရပြီး အမိုးအကာမလုံခြုံသော ယိုင်နဲနဲနေအိမ်ထက်ဝယ် မျှော်လင့်ချက်မဲ့စွာဖြတ်သန်းနေကြရသည်။
“မိုးရာသီကိုရောက်နေပြီ။ အိမ်က ခေါင်မိုးမလုံ။ မိုးရေထဲမှာလို ချက်ပြုတ်စားသောက်နေရတယ်။ အလုပ်အကိုင်လည်းမရှိတော့ ဝမ်းရေးအတွက်ရော၊ နေရေးထိုင်ရေးရော အကုန်လုံးအတွက်စဉ်းစားရင်း စိတ်ဆင်းရဲရတယ်” ဟု ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ဒေါ်သိန်းမေက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိသည်။ တိုက်ပွဲပြင်းထန်လာပါက ပိတ်မိမသွားစေရန် ကျောက်ဖြူမြို့မှ ဒေသခံများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းကြရန် အာရက္ခတပ်တော်က ပြီးခဲ့သည့် ဧပြီလက သတိပေးထားသည်။
သို့သော် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိနေကြသည့် ကျောက်ဖြူဒေသခံများအတွက် မြို့မှထွက်ခွာရန်မှာ မလွယ်ကူလှပေ။ ငွေကြေးတတ်နိုင်သူတချို့သာ ကြိုတင်တိမ်းရှောင်နိုင်ကြပြီး အခြေခံလူတန်းစားများမှာ ငွေကြေးအခက်အခဲ၊ လမ်းခရီးသွားလာခွင့်ကအစ စိန်ခေါ်မှုများစွာ ရှိနေသည်။
ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်မှ ဒေါ်ခင်ခင်ဝင်းက “မြို့ကနေထွက်ဖို့ အနည်းဆုံး ခရီးစရိတ် နှစ်သိန်းလောက် လိုတယ်။ ပြီးတော့ ရောက်တဲ့နေရာမှာ လုပ်ကိုင်စားသောက်ဖို့အတွက်လည်း ပိုက်ဆံကလိုအုံးမယ်။ အခုက စားဖို့အတွက်တောင် ပိုက်ဆံကရှိတာမဟုတ်ဘူး။ ဒါကြောင့် တိုက်ပွဲဖြစ်လို့ပဲသေသေ၊ ငတ်လို့ပဲသေသေ ဒီမှာပဲနေတော့မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ပြောသည်။
လက်ရှိကာလ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအာဏာသက်ရောက်မှုမှာ တရုတ်စီမံကိန်းရှိရာ မဒေးကျွန်း၊ ကျောက်ဖြူမြို့နှင့် မြို့အနီးကျေးရွာ ၁၂ ရွာခန့်သာရှိပြီး အခြားနယ်မြေများကို AA က စိုးမိုးထားသည်။
ကျောက်ဖြူတွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီးရေတပ်ဌာနခွဲနှင့် ၃၂ ရဲတပ်ရင်း၊ ခမရ(၅၄၂)၊ ခမရ (၅၄၃)၊ ခလရ(၃၄)တို့ရှိပြီး အဆိုပါစစ်ကောင်စီတပ်များကို AA က ဖြတ်တောက်ပိတ်ဆို့ထားသည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်နေရာများတွင် လုံခြုံရေးတင်းကျပ်ကာ မြို့ပတ်လည်၌ မိုင်းထောင်ထားသည်။ မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုဖြစ်စဉ်များရှိနေသဖြင့် မြို့ပေါ်ဒေသခံများမှာ တိတ်တဆိတ်ထွက်ခွာရန်လည်း အဆင်မပြေမှုများ ရှိနေသည်။
“မြို့အနီးမှာရှိတဲ့ တောစပ်တွေ၊ တောင်တွေ အားလုံးနေရာမှာ မိုင်းထောင်ထားတယ်။ မိုင်းပေါက်ကွဲလို့ မကြာခဏ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေရှိတော့ အသက်စွန့်ပြီးသွားဖို့ကလည်း ဘယ်လိုမှအဆင်မပြေဘူး” ဟု တောင်ရင်းရပ်ကွက်မှ ဦးဘကြည်က ပြောသည်။
စစ်ကောင်စီထိန်းချုပ်မှုအောက်က ကျောက်ဖြူဒေသခံများမှာ စားဝတ်နေရေးအပြင် လုံခြုံမှုကင်းမဲ့လာနေသည်။ ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးနေ၍ စိုးရိမ်ကြောက်လန့်စိတ်ဖြင့် ဖြတ်သန်းနေကြရသည်။
ရခိုင်တိုက်ပွဲကာလ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည။ ယင်းအထဲမှ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၈၂ ဦးထက်မနည်းကို ဆက်လက်ဖမ်းထားသည်။ ကျောက်ဖြူဒေသခံများမှာ စားရေးသောက်ရေးကတစ်ပူ၊ အဖမ်းခံရမည့်အရေးကတစ်ပူ ကျီးလန့်စာစားဘဝနှင့် နေထိုင်နေကြရသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဓလေ့ထုံးတမ်းဥပဒေ စည်းမျဉ်း(၅၃)တွင် - လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများအား စစ်ပွဲတိုက်ခိုက်ပုံစံအဖြစ် အစာရေစာဖြတ်တောက်ခြင်းကို တားမြစ်ထားသည်။ သို့သော် စစ်ကောင်စီ၏ မထီမဲ့မြင်လုပ်ရပ်များကြောင်း အရပ်သားများမှာ လူ့ဂုဏ်သိက္ခာ ကင်းမဲ့နေကြရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့သို့ ကုန်စည်ဝင်ရောက်မှုမရှိတော့သလို အနည်းငယ်သော လက်ကျန်ကုန်ပစ္စည်းများမှာ လည်း ဈေးနှုန်းအဆမတန်မြင့်တက်နေ၍ အခြေခံလူတန်းစားများ၏ ဘဝရှေ့ရေးမှာ စိုးရိမ်စရာဖြစ်နေသည်။
“မြို့ထဲကို ဘာရိက္ခာမှ အဝင်အထွက်မရှိဘူး။ လူတစ်ချို့လောက်ကပဲ စစ်ကောင်စီခွင့်ပြုချက်နဲ့ ရိက္ခာတွေဘာတွေ တင်သွင်းလို့ရတော့တယ်။ တစ်ခါတစ်လေ စစ်ကောင်စီသင်္ဘောတွေနဲ့ ပါလာတဲ့ ရိက္ခာတွေတော့ ရှိတယ်။ ဒီရိက္ခာတွေကလည်း ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက်တောင် မလောက်ငှနိုင်တော့ ရေရှည်အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး” ဟု လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ ဦးဘသန်းက ပြောသည်။
ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦးမိခင် ဒေါ်ဝေဦးခင်မှာ လင်ယောကျ်ားဖြစ်သူ ကျန်းမာရေးချုချာမှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး မိသားစုစားဝတ်နေရေးကို ပုခုံးပေါ်ထမ်းဆောင်လာသူဖြစ်သည်။
ကြုံရာကျပန်းအလုပ်ဖြင့် ဖြတ်သန်းနေသည့် ဒေါ်ဝေဦးခင်တို့မိသားစုမှာ မကြီးပွားသော်လည်း ငတ်ပြတ်မှုဒဏ်ကို မကြုံခဲ့ရပေ။ သို့သော် လက်ရှိလျှောက်လှမ်းနေရသော ခရီးကြမ်းဒဏ်ကို မခံရပ်နိုင်တော့၍ စိတ်ထွက်ပေါက် အတွေးများတောင် ဖြစ်နေတော့သည်။
“ဒီလောက်အထိ ကျပ်တည်းလာလိမ့်မယ်လို့ မတွေးမိခဲ့ဘူး။ အခုဆို ပိုက်ဆံလည်းမရှိဘူး၊ အလုပ်လည်းမရှိဘူး၊ သူများတွေကျွေးတာစား ပေးတာယူဘဝလို ဖြစ်နေပြီ။ တခါတလေ လူ့လောကမှာတောင် နေချင်စိတ်မရှိတော့ဘူး။ အဲလောက်ထိ စိတ်ဓာတ်ကျမိတယ်” ဟု ပြောရင်း ဒေါ်ဝေဦးခင်၏ အတွေးများကတော့ အဝေးတစ်နေရာဆီသို့…
(မှတ်ချက် - အင်တာဗျူးဖြေဆိုသူများ၏ လုံခြုံရေးအခြေအနေကြောင့် အမည်လွှဲ သုံးစွဲထားပါသည်။)