ရခိုင်ရွေးကောက်ပွဲခရီး နီးမည်လော

NLD ပါတီအနေဖြင့် အဆိုပါနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်လျှင် ၎င်းတို့ပါတီရှုံးနိမ့်မည်ကို ကြိုတွက်ထားပြီးသား ဖြစ်သည့်အတွက်ကြောင့် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ဆောင်တိုက်တွန်းမှု အားနည်းနေခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်သည်။

08 Dec 2020

By ခင်သရဖီဦး ၊ မင်းထွန်း | DMG

“လုံခြုံရေးအခြေအနေအရ သတင်းထောက်တွေကို ဝင်ခွင့်မပေးဖို့ ညွှန်ကြားထားပါတယ်”

ရဲအရာရှိတစ်ဦးက သတင်းထောက်များကို ခပ်မာမာ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နေရာကား ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေလေဆိပ် အဝင်ပေါက်ရှိ လုံခြုံရေးဂိတ်တွင်ဖြစ်ပြီး စစ်တွေအခြေစိုက် သတင်းမီဒီယာသီးသီးမှ သတင်းထောက်များက လေဆိပ်အတွင်းသို့ဝင်ခွင့်ရရန် စောင်းဆိုင်းလျက် ရှိနေသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်ဖြစ်ပြီး လေဆိပ်ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်အများအပြားက စောင့်ကြပ်နေကြသည်။

သတင်းထောက်များ လေဆိပ်အတွင်းသို့ ဝင်ခွင့်မရသော်လည်း လူအင်အားအပြည့် တင်ဆောင်ထားသည့် တပ်မတော်သုံးမော်တော်ယာဉ်နှစ်စီး လေဆိပ်ဝင်ပေါက်မှတစ်ဆင့် အရှိန်ပြင်းပြင်း မောင်းနှင်သွားသည်။
နံနက် ၈ နာရီခန့်တွင် လေယာဉ်ဆင်းလာသံကို ကြားသည်နှင့်တစ်ပြိုင်နက် ဂိတ်ပေါက်တွင် စောင့်ကြပ်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး အသင့်အနေအထား နေရာယူလိုက်ကြသည်။ သတင်းထောက်များကလည်း ကင်မရာချိန်သူချိန်၊ နေရာယူသူယူနှင့် ဂိတ်ပေါက်မှထွက်လာမည့် အရေးကြီးပုဂ္ဂိုလ်ကို ဆည်ဝမှ ငါးထွက်လာသည်ကို စောင့်နေကြသော ဗျိုင်းများသဖွယ် စောင့်ဆိုင်းနေကြသည်။

မိနစ်အနည်းငယ်အကြာတွင် လေဆိပ်ဂိတ်ပေါက်မှတစ်ဆင့် အရပ်သုံးမော်တော်ယာဉ်နှစ်စီးအပါအဝင် လုံခြုံရေးယူထားသည့် စစ်ကားများနှင့် ရဲကားများ တန်းစီထွက်လာပြီး အရှိန်ပြင်းပြင်း မောင်းနှင်သွားကြသည်။ ယင်းသို့ ထိပ်တန်းလုံခြုံရေးပေးထားပြီး သတင်းထောက်များ စိတ်ဝင်တစားစောင့်ဆိုင်းနေရသူမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများလျော့ကျသွားအောင် ကြားဝင်စွမ်းဆောင်ပေးသူ ပြည်ပနိုင်ငံသားတစ်ဦးဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါ နှင့်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေ ရှိ၊မရှိ လာရောက်လေ့လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲမကျင်းရသေးသည့် မြို့နယ်များကို ယခုနှစ် ဒီဇင်ဘာလမကုန်မီ ရွေးကောက်ပွဲကျင်းပနိုင်ရန် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရနှင့် တပ်မတော်တို့ကို နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ရက္ခိုင်တပ်တော်(AA)က တိုက်တွန်းလိုက်သည်။ ယင်းနေ့တွင်ပင် တပ်မတော်ဘက်ကလည်း AA ၏ တိုက်တွန်းချက်ကို ကြိုဆိုကြောင်းနှင့် ကျန်ရှိနေသည့် နေရာများတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ သိသိသာသာလျော့ကျသွားကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။ တပ်မတော်ကလည်း ရခိုင်ပြည်နယ်အတွင်း သေနတ်သံမကြားရသည်မှာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်သွားပြီဖြစ်ပြီး အခြေအနေမှာ တိုးတက်ကောင်းမွန်ရန် အလားအလာရှိကြောင်း ထုတ်ဖော်ပြောဆိုလာသည်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲများတွင် အဓိကတာဝန်ရှိ အဖွဲ့အစည်းနှစ်ခုအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရေး ကြားဝင်ကူညီခဲ့သူမှာ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက သတင်းမီဒီယာများကို ထုတ်ဖော်ပြောခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်မှ နှစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များကလည်း ရွေးကောက်ပွဲကျင်းပရေးအပါအဝင် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများ ရပ်တန့်ရေးကိစ္စရပ်များအတွက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းသည်အထိ အခြေအနေကောင်းမွန်လာခဲ့သည်။

ထိုသို့ဆွေးနွေးခြင်းများ ရှိလာသည့်အတွက် ယခုနှစ် ဒီဇင်ဘာလမကုန်မီ ရွေးကောက်ပွဲ ကျင်းပလာနိုင်ကြောင်း သုံးသပ်လာသူက နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ဖြစ်သည်။

“ရွေးကောက်ပွဲကျင်းပဖို့ အလားအလာရှိတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို တပ်မတော်က ဦးစီးဦးဆောင်ပြီးတော့ AA နဲ့ ဆာဆာကာဝါကနေတစ်ဆင့် ဆွေးနွေးညှိနှိုင်းနေတဲ့ အနေအထားပေါ်မှာ NLD အစိုးရအနေနဲ့ မထောက်ခံလို့မဖြစ်တဲ့ အနေအထားဖြစ်တယ်။ NLD အစိုးရက ထောက်ခံမယ်ဆိုရင် UEC ကလည်း ထောက်ခံမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

သို့ဆိုလျှင် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ရသည့် ရခိုင်က မဲဆန္ဒရှင်(၁၂)သိန်းကျော်၏ နိုင်ငံသားအခွင့်အရေးတစ်ခုဖြစ်သည့် မဲပေးပိုင်ခွင့်ရရှိရေးမှာ တဖန်အသက်ဝင်လာသည်ဟု ဆိုရပေမည်။

မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏အသံများ၊ အခွင့်အရေးများကို ကိုယ်စားပြုပြီး ပြောဆိုလုပ်ဆောင်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်ရရှိရန်အတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပရေးကို လိုလားနေကြသည်။

ရွေးကောက်ပွဲ ပြန်ကျင်းပရန် လိုလားနေကြသည့် ပြည်သူများအထဲတွင် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးခိုင်မျိုးအောင်လည်း ပါဝင်သည်။ သူသည် ရွေးကောက်ပွဲမကျင်းပလျှင် ၎င်းအပါအဝင် စစ်ဘေးရှောင်များ၏ အခက်အခဲများကို ဖော်ထုတ်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိတော့မည်ကို စိုးရိမ်နေသည်။

“ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်။ ကျနော်တို့ရဲ့အသံတွေ၊ အခက်အခဲတွေကို ဖော်ထုတ်ပေးမယ့် လူတွေမရှိရင် ကျနော်တို့ စစ်ဘေးရှောင်တွေ၊ ပြည်သူတွေအတွက်ပါ အခက်အခဲတွေရှိလာမှာ” ဟု ဦးခိုင်မျိုးအောင်က ပြောသည်။
(၅) နှစ်တစ်ကြိမ်ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ သို့သော်လည်း လုံခြုံရေးအခြေအနေအရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမကျင်းပနိုင်ဟုဆိုကာ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်၊ ချင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့က နေရာတချို့ကို ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲမကျင်းပဘဲ ချန်လှပ်ထားခဲ့သည့် နေရာများထဲမှ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၉)မြို့နယ် ပါဝင်ခဲ့ပြီး တခြားမြို့နယ် (၄)ခုမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစိတ်တပိုင်းပါဝင်ခဲ့သည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး (၇)မြို့များအပြင် တိုက်ပွဲဖြစ်ပွားမှု မရှိသည့် ပေါက်တော၊ မောင်တောမြို့နယ်တို့ကိုလည်း ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။

စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် (၄)ခုတွင် တစိတ်တပိုင်းသာ ကျင်းပခွင့်ရရှိခဲ့ပြီး ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်များမှာ တမြို့နယ်လုံး ကျင်းပခွင့်ရခဲ့သည်။

ရွေးကောက်ပွဲကျင်းပခွင့် မရရှိခဲ့သည့် မြို့နယ် (၉)ခုထဲမှ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်ကို ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါ နှင့်အဖွဲ့က ရခိုင်ပြည်မြောက်ပိုင်း ခရီးစဉ်အတွင်း သွားရောက်လေ့လာခဲ့သည်။

ထိုလေ့လာရေးခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံရာတွင် ဒေသခံများအနေဖြင့် ရွေးကောက်ပွဲဖြစ်စေချင်သည့် ဆန္ဒများရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း မစ္စတာယိုဟေးဆာဆာကာဝါက ၎င်း၏ခရီးစဉ်အပြီးသတ် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ယင်းအပြင် ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ပြုလုပ်ရန် အဆင်ပြေသည့်အတွက် ကျင်းပနိုင်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ တင်ပြတောင်းဆိုသွားမည်ဟုလည်း ၎င်းကပြောဆိုခဲ့သည်။

သို့သော် ဆက်စပ်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် AA အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခြင်းများ လုပ်ဆောင်နေသည့်အချိန်တွင် NLD အစိုးရနှင့် UEC တို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်မှုအားနည်းနေသည့်အပေါ်တွင်လည်း ဝေဖန်မှုများ မြင့်တက်နေသည်။

NLD ပါတီအနေဖြင့် အဆိုပါနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်လျှင် ၎င်းတို့ပါတီရှုံးနိမ့်မည်ကို ကြိုတွက်ထားပြီးသား ဖြစ်သည့်အတွက်ကြောင့် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ဆောင်တိုက်တွန်းမှု အားနည်းနေခြင်းဖြစ်နိုင်သည်ဟု ဦးသန်းစိုးနိုင်က ဝေဖန်သည်။

UEC အနေဖြင့် NLD အစိုးရ၏ မျက်နှာကိုမကြည့်ဘဲ လွတ်လပ်သည့်အဖွဲ့အစည်းအဖြစ် ရွေးကောက်ပွဲကျင်းပရန် အားထုတ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။

“ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး NLD ပါတီက လှုပ်ရှားလာရမှာ။ အဲလိုမလှုပ်ရှားရင် သူတို့နိုင်ငံရေးအရ ပြစ်မှုကျုးလွန်သလိုဖြစ်မယ်။ အဲဒီကိစ္စက UEC က ဆုံးဖြတ်ရမယ်လို့ ပြောတာပေ့ါဗျ။ ဒါပေမယ့် UEC အနေနဲ့ NLD ရဲ့မျက်နှာကိုမကြည့်ဘဲ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဒီဒေသမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ အခုဖြစ်နိုင်တဲ့အခြေအနေရှိတဲ့အောက်မှာ ပြင်းပြင်းထန်ထန်အားထုတ်ပြီးတော့ ဒီလုပ်ငန်းတွေ အကောင်အထည်ပေါ်အောင် လုပ်သင့်တယ်လို့ထင်တယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ရွေးကောက်ပွဲဥပဒေမှာလည်း ဆက်စပ်ရွေးကောက်ပွဲသည် မဲပေးသည့်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးအခြေအနေကြောင့် ပျက်သွားခြင်းကို ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်သည်ဟု အာဏာရ NLD ပါတီမှ တာဝန်ရှိသူများက ဆိုသည်။

ထို့ကြောင့် ရခိုင်တွင်ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုနေသည့် (တပ်မတော်နှင့် AA အနေဖြင့်) ဥပဒေကို အဓိပ္ပာယ်ကောက်လွဲနေခြင်းဖြစ်သည်ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။

“လက်ရှိ ရွေးကောက်ပွဲဥပဒေမှာ ဆက်စပ်(ရွေးကောက်ပွဲ)ဆိုတာကို လုံးဝဖော်ပြမထားဘူး။ အထွေထွေရွေးကောက်ပွဲရှိတယ်။ ကြားဖြတ်ရွေးကောက်ပွဲရှိတယ်။ သူတို့ ဥပဒေကို အဓိပ္ပာယ်ကောက်လွဲနေတယ်လို့ သဘောပေါက်ပါတယ်။ ဥပဒေဆိုတာတော့ ကိုယ့်လိုသလိုဆွဲ အဓိပ္ပာယ်ဖွင့်လိုမရဘူး” ဟု ၎င်းကဆိုသည်။

၎င်းအပြင် တပ်မတော်နှင့် AA တို့ဆွေးနွေးခြင်းကို NLD ပါတီအနေဖြင့် မူအားဖြင့် လက်ခံကြိုဆိုသော်လည်း လုပ်ထုံးလုပ်နည်းအရ အကျိုးထိရောက်ရေးအတွက် အားလုံးပါဝင်နိုင်သည့် ဆောင်ရွက်ခြင်းရှိရန်လိုအပ်ကြောင်း ဒေါက်တာမျိုးညွန့်ကပြောသည်။

“အကယ်၍ နောက်ဆက်တွဲ ကျင်းပချင်တယ်ဆိုရင်တောင် အေအေ၊ တပ်မတော်မကပဲ ပြည်ထောင်စုကော်မရှင်၊ အစိုးရရဲ့ငြိမ်းချမ်းရေး NRPC က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ အကုန်ဆွေးနွေးပြီးတော့ လိုအပ်ခဲ့ရင် လွှတ်တော်မှာ ဒီဥပဒေကို ပြင်ဆင်ပြီးတော့ ဆောင်ရွက်လို့ရပါတယ်” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေရေးရာဆောင်းပါးများရေးသားသူ မောင်ဉာဏ က ရွေးကောက်ပွဲကို တတိယအကြိမ်လွှတ်တော် သက်တမ်းမစခင်အချိန်ထိ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ကြောင်း ဆိုသည်။

“အခုလုပ်တဲ့ရွေးကောက်ပွဲက တတိယအကြိမ်လွှတ်တော်သက်တမ်း မစသေးတဲ့အတွက် တကယ်လို့လုပ်မယ်ဆိုရင် သူရဲ့(ရွေးကောက်ပွဲ) ဥပဒေအရတော့ ပြဋ္ဌာန်ထားတာမရှိရင် တခြားဆက်စပ်ရွေးကောက်ပွဲပေါ့နော်။ သဘာဝဘေးအန္တာရာယ်အတွက်လည်းကောင်း၊ တခြားမတည်ငြိမ်မှုအတွက် ရွှေ့ဆိုင်းရလို့ရှိရင် နောက်ဆက်တွဲ ရွေးကောက်ပွဲအနေနဲ့ လုပ်လို့ရတဲ့သဘောရှိတယ်” ဟု ၎င်းကပြောသည်။

နောက်ဆက်တွဲ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးမှာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပေါ်တွင် မူတည်ကြောင်း မောင်ဉာဏက ဆိုသည်။

သို့သော်လည်း ရခိုပြည်နယ်ခရီးစဉ်ပြီးနောက် ဒီဇင်ဘာလ ၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ဂျပန်အစိုးရအထူးကိုယ်စားလှယ်ကမူ ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်၏ တုံ့ပြန်ဆွေးနွေးမှုများကို အားမရကြောင်း ပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“ကျနော် ရခိုင်ပြည်နယ်ကိုသွားခဲ့ပြီး အခြေအနေတွေကို တွေ့မြင်လေ့လာခဲ့ပြီးပါပြီ။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ UEC ကို ကျနော်ကိုယ်တိုင် မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအပေါ်ကို UEC က အကြောင်းမပြန်ပါဘူး” ဟု ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆာဆာကာဝါက ဆိုသည်။

မည်သို့ပင်ဆိုစေ ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပခြင်းမှာ လက်နက်ကိုင်တိုက်ပွဲများ ရပ်တန့်သွားရေးအတွက် လမ်းစတစ်ခုဖြစ်ပြီး ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရ၊ တပ်မတော်နှင့် AA တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုဖြစ်လာနိုင်သောကြောင့် အခွင့်အရေးကို အမိအရဆုပ်ကိုင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အများစုက သုံးသပ်ကြသည်။

ရွေးကောက်ပွဲကျင်းပရန် AA ၏ တောင်းဆိုချက်အား မလိုက်လျော့ပေးနိုင်လျှင် နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေများနှင့် ပတ်သက်ပြီး စိုးရိမ်နေသူတစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “တိုက်ပွဲတွေ ပြန်ပြီးဖြစ်လာနိုင်တယ်။ AA က သူတို့တောင်းဆိုချက်အပေါ်မှာ မလိုက်လျော့ဘူးဆိုရင် စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု ဆိုသည်။

ဗီဒီယိုများ