ရွေးကောက်ပွဲကို နိုင်ငံတကာအား စောင့်ကြည့်လေ့လာခွင့်ပြုမည်ဟု စစ်ကောင်စီပြော

လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအားလုံးအား စောင့်ကြည့်လေ့လာခွင့်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောသည်။

By Admin 08 Dec 2024

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ
ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

DMG ၊ ဒီဇင်ဘာ ၈

လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအားလုံးအား စောင့်ကြည့်လေ့လာခွင့်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောသည်။

ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များအနေဖြင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်းစသည့်အချက်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

" ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည်ထည့်သွင်းပြီး စောင့်ကြည့်လေ့လာခွင့်စံနှုန်းနဲ့အညီ ခွင့်ပြုသွားမှာဖြစ်တယ်" ဟု ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ရ နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာပြုခဲ့သည်ဟုလည်း ဦးကိုကိုက ပြောဆိုခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီအပါအဝင် မှတ်ပုံတင်ခွင့်ရ နိုင်ငံရေးပါတီ ၅၃ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယင်းအပြင် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ပါတီဝင် အင်အားပြည့်မီရေးနှင့် ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း ဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမာမှုရှိသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD)အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီသည် လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

"စစ်ကောင်စီရဲ့ ထွက်ပေါက်က ရွေးကောက်ပွဲဆိုတော့ သူတို့က ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမှာပဲ။ ဒါပေမယ့် လက်ရှိတိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ ရွေးကောက်ပွဲကို သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာပဲ ကျင်းပနိုင်မယ်။ ပြည်လုံးကျွတ်ရွေးကောက်ပွဲက ဖြစ်လာနိုင်ခြေမရှိတော့ဘူး" ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

နိုင်ငံတဝန်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေပြီး ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသများတွင် စစ်ကောင်စီ၏ တပ်စခန်းများအပါအဝင် မြို့ပေါင်း ၈၀ ကျော်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ကျင်းပလာမည့် ရွေးကောက်ပွဲကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာများမှ ကန့်ကွက်မှုများရှိနေသော်လည်း စစ်ကောင်စီ၏ မိတ်ဖက် တရုတ်နှင့် ရုရှားတို့က ထောက်ခံ အားပေးမှုများရှိနေသည်။