ပေါက်ကွဲသံတစ်ချက်မှာ အသက်ရှူကျပ်သွားသူများ
မိသားစုဝင်ငါးဦး၏ အိမ်ထောင်ဦးစီး ဦးထွန်းနိုင်မှာ လက်လုပ်လက်စားဘဝဖြင့် လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး မိုင်းကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသောအခါ ဇနီးဖြစ်သူက မိသားစုကို ဦးဆောင်ရပါတော့သည်။
16 Jun 2024
ညီထွီးချေ ရေးသည်။
သွေးနီနီစီးကျနေပြီး ကြေမွနေသော ဘယ်ဖက်ခြေထောက်ကို အပေါ်ကိုမတင်ပြီး ဘေးတစ်စောင်းအနေအထားဖြင့် တရွေ့ရွေ့တွားပြီးလာနေသူက အသက် (၄၃) နှစ်အရွယ် ဦးထွန်းနိုင်။ ထိုမြင်ကွင်းကို မြင်ခဲ့ရသူက ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်ဆွေ။
“‘ဝုန်း’ဆိုတဲ့အသံကြားလို့ ကျမပြေးပြီးလိုက်သွားတဲ့အခါ သူကမိုင်းထိထားတဲ့ ခြေထောက်ကို အပေါ်မြှင့်ပြီး တရွေ့ရွေ့တွားပြီးလာနေတယ်” ဟု ဒေါ်ခိုင်ခိုင်ဆွေက သူမယောက်ျားမိုင်းထိခဲ့သည့် ဖြစ်စဉ်ကို ပြောပြသည်။
ဦးထွန်းနိုင်သည် ပြီးခဲ့သည့် ယခုနှစ် မေလ ၇ ရက်က နေအိမ်ပြုပြင်ရန် တောင်ပေါ်သို့ ဝါးသွားခုတ်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။ ဝါးခုတ်သွားသည့်တောင်မှာ စစ်ကောင်စီတပ်အင်အားအချို့ ခြေကုပ်ယူထားသည့် ကျောက်ဖြူမြို့နယ်၊ အုန်းဘောင်ရွာ၏ တောင်ဘက် တစ်မိုင်ခန့်အကွာရှိ ဓာတ်တော်တောင်ဘုရားတောင်ဖြစ်သည်။
မိသားစုဝင်ငါးဦး၏ အိမ်ထောင်ဦးစီး ဦးထွန်းနိုင်မှာ အုန်းဘောင်ကျေးရွာတွင် လက်လုပ်လက်စားဘဝဖြင့် လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး မိုင်းကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသောအခါ ဇနီးဖြစ်သူက မိသားစုကို ဦးဆောင်ရပါတော့သည်။
“အရင်ကတည်းက လက်လုပ်လက်စားဘဝနဲ့ ချေးငှားပြီး စားသောက်နေထိုင်လာတာ။ အကြွေးတွေလည်းရှိတယ်။ ကျမတစ်ယောက်တည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ ကျမဘဝတော့ ရေစုန်မျှောသွားပါပြီ” ဟု ဒေါ်ခိုင်ခိုင်ဆွေက ပြောသည်။
ဒေါ်ခိုင်ခိုင်ဆွေကဲ့သို့ ယောက်ျားဖြစ်သူမိုင်းထိပြီး ခြေနှစ်ဖက်ပြတ်သွား၍ ကလေးငယ်များနှင့်အတူ ခက်ခက်ခဲခဲရုန်းကန်နေရသူက ဒေါ်ဦးနွယ်ဖြစ်သည်။
ဒေါ်ဦးနွယ်တို့မိသားစုမှာ ကုလားတန်မြစ်ကမ်းဘေးရှိ ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာတွင် နေထိုင်ပြီး တစ်နေ့လုပ်တစ်နေ့စားဘဝဖြင့် ဖြတ်သန်းနေကြခြင်း ဖြစ်သည်။
ယောက်ျားဖြစ်သူ ဦးထွန်းအေးသန်း (၃၇) နှစ်မှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က ရွာအနီးအနားနေရာများတွင် ငါးရှာပြီးပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ပြတ်ထွက်ခဲ့ရသည်။
“ဒီလောက် ဆင်းရဲမွဲတေနေတဲ့ကြားထဲ ကလေးတွေတစ်ပုံကြီးနဲ့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး” ဟု ဒေါ်ဦးနွယ်က ညဉ်းတွားသည်။
ဒေါ်ဦးနွယ်မှာ သားသမီးလေးယောက်ရှိပြီး ယောကျာ်းဖြစ်သူက ကားအငှားလိုက်မောင်းခြင်း၊ ကုန်တင်ကုန်ချ စသည့် ကြုံရာကျပန်းအလုပ်များမှရလာသော ဝင်ငွေများဖြင့် နေထိုင်စားသောက်နေကြခြင်း ဖြစ်သည်။ ထိုအလုပ်များသည် ခြေထောက်ကို အသုံးပြုပြီးလုပ်ရသည့် အလုပ်များဖြစ်၍ လက်ရှိ ဦးထွန်းအေးသန်းမှာ အလုပ် မလုပ်နိုင်တော့သဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။
ရခိုင်ဒေသမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းက အစပျိုးခဲ့သည့် တိုက်ပွဲများကြောင့် လက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်ကို ဒေသခံများက ရင်ဆိုင်ကြုံတွေ့ကြရသည်။
တောစပ်အနီးဝန်းကျင်၊ တောင်ကြားလမ်းထဲ၊ ဥယျာဉ်ခြံနှင့် ရွာနီးစပ်စသည့် နေရာများတွင် ဒေသခံများသွားလာလှုပ်ရှားစဉ် မိုင်းနင်းမိကြသည့် ဖြစ်စဥ်အများအပြားရှိခဲ့သည်။
ရခိုင်ပြည်အတွင်း တတိယအကြိမ် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သူ ၄၀ အထက်ရှိနေပြီး ၎င်းတို့အထဲတွင် အိမ်ထောင်ဦးစီးအမျိုးသားများ အများဆုံးပါဝင်သည်။
DMG သတင်းဌာနစာရင်းအရ ယခုနှစ် ဧပြီ ၉ ရက်မှ ဇွန် ၁၇ ရက်ထိ (နှစ်လကျော်အတွင်း) မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရရှိသူ ၁၇ ဦးထိရှိသည်။ အမျိုးသား ၅ ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်။
ထိုအချက်အလက်အရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအများစုမှာ အိမ်၏စား၀တ်နေရေးကို အဓိကတာ၀န်ယူထားသည့် အိမ်ထောင်ဦးစီး အမျိုးသားများဖြစ်ကြ၍ နောက်ကွယ်က မိသားစုစားဝတ်နေရေး၊ လူမှုဘဝရပ်တည်ရေးပိုင်းမှာ ကြီးမားသောစိန်ခေါ်မှုနှင့် ကြုံတွေ့နေကြရသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသအတွင်း လမ်းခရီးသွားလာမှုကို ပိတ်ထားသည့်အတွက် ကုန်ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းအဆမတန်မြင့်တက်နေသဖြင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ပိုမိုခက်ခဲလာသည်။
အိမ်၏စားဝတ်နေရေးကို အဓိကတာ၀န်ယူထားသည့် လင်ယောကျာ်းများက မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့်အတွက် တစ်ဦးတည်းရုန်းကန်နေရသည့် ဒေါ်ဦးနွယ်ကဲ့သို့ အမျိုးသမီးများက ပိုအခက်တွေ့ကြသည်။
“သားသမီးတွေ ပညာရေးက ပိုပြီးဝေးသွားပါပြီး။ အခုလို အခြေအနေမှာ ထမင်းနပ်မှန်ဖို့ကိုတောင် မလွယ်ဘူး” ဟု ဒေါ်ဦးနွယ်က ပြောသည်။
ဆင်းရဲသော်လည်း လင်ယောကျာ်းနှင့်အတူ ကြုံရာကျပန်းအလုပ်လုပ်ပြီး ထမင်းနှပ်မှန်အောင်စားနိုင်ခဲ့သည့် ဒေါ်ခိုင်ခိုင်ဆွေတို့မိသားစု၏ ရှေ့ဆက်လူမှုဘဝဖြတ်သန်းရေးမှာ ခက်ခဲကြမ်းတမ်းမှုများနှင့် ပြည့်နှက်နေပေတော့သည်။
လင်ယောကျာ်းဖြစ်သူက မိုင်းထိထားသောကြောင့် အလုပ်လုပ်ရန် မဖြစ်နိုင်၍ သူမတစ်ယောက်တည်း မိသားစုတစ်ခုလုံးကို တာဝန်ယူရမည့်အရေးကိုတွေးပြီး ဒေါ်ခိုင်ခိုင်ဆွေတစ်ယောက် သောကရောက်နေသည်။
ဆီးချိုရောဂါသည်တစ်ဦးဖြစ်သော ဒေါ်ခိုင်ခိုင်ဆွေမှာ မိသားစုစား၀တ်နေရေးအပြင် သူမနှင့်အမျိုးသား၏ ဆေးကုသစရိတ်အတွက် အမွေရထားသည့် လယ်ယာမြေ၊ အိမ်နှင့်ခြံကိုပါ ရောင်းလိုက်ရ၍ လက်ထဲတွင် ဗလာနတ္ထိဖြစ်ခဲ့ရသည်။
“ကျမတို့အတွက်တော့ တကယ်ကို ကံဆိုးမိုးမှောင်ကျတာပဲ” ဟု ပြောရင်း သူမ၏ မျက်ဝန်းအိမ်က မျက်ရည်စများ ပါးပြင်ပေါ်သို့ စီးကျလာသည်။
ရခိုင်တွင် ယခင်တိုက်ပွဲကာလက မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ထိခိုက်ဒဏ်ရာရသူ ဒေသခံများ၏ မိသားစု၀င်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြား ဒေသတွင်းအရပ်ဖက်အဖွဲ့များက ငွေကြေးနှင့်အခြားလိုအပ်သည်များကို ကူညီထောက်ပံ့မှုများရှိခဲ့သည်။
သို့သော်လည်း လက်ရှိတိုက်ပွဲနှင့် နိုင်ငံရေးအခြေအနေများကြောင့် အကူအညီအထောက်အပံ့ ကင်းမဲ့နေပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာခဲ့ရသူများမှာ ဘဝရပ်တည်ရေးအတွက် စိတ်ခေါ်မှုများစွာဖြင့် ပြည့်နှက်နေတော့သည်။
“အိမ်ထောင်ဦးစီးတစ်ယောက် မိုင်းထိမှန်သွားရင် မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးက အတော်လေးခက်ခဲသွားပြီ။ ဒီလို နစ်နာသွားတဲ့မိသားစုတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ ငွေးကြေးပိုင်ဆိုင်ရာပဲဖြစ်ဖြစ် ဖေးမကူညီမှုတွေလုပ်သင့်တယ်” ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ပြောသည်။
အသက် ၄၂ နှစ်အရွယ် ဒေါ်ခိုင်ခိုင်ဆွေသည် ရပ်တည်ရန် ခက်ခဲလာသော်လည်း မိခင်ကောင်းတစ်ယောက်ပီသစွာဖြင့် သားသမီးအားလုံးကို ပညာတတ်ဖြစ်စေချင်ခဲ့သူဖြစ်သည်။ သို့သော် စိတ်ကူးမှာ လက်တွေ့ဖြစ်နိုင်ရန် မလွယ်ကူလှကြောင်းလည်း သူမသိနေသည်။
သားသမီးများအတွက် ရည်မှန်းချက်ကြီးခဲ့သော ဒေါ်ခိုင်ခိုင်ဆွေ လက်ဖမိုးဖြင့် မျက်ရည်သုတ်ရင်းပြောလာသည်က
“ကျောင်းမထားနိုင်တော့ဘူးလို့ သားသမီးတွေကိုပြောတဲ့အခါ ၈ တန်းတက်နေတဲ့သမီးလေးက တအားငိုတယ်။ ဒါပေမဲ့ ကျမတို့ မသင်ပေးနိုင်တော့ဘူး။ ထမင်းစားရမှာကိုတောင် ရွာကလူတွေကို အားကိုးနေရပြီ”