စစ်ရှောင်စခန်းက ဆယ်ကျော်သက် မိန်းကလေးတို့၏ လုံခြုံမှုမရှိသော ဘဝများ

“ကိုယ်က မိန်းကလေးဆိုတော့ ယောကျာ်းလေးတွေလို နေရာတကာမှာ ရေချိုးလို့ မရဘူးလေ။ ရေချိုးဖို့ နေရာတော့ လိုတာပေါ့။ ဒီက ရေချိုးခန်းက တံခါးမရှိတော့ အပြင်ကနေပြီးတော့ တစ်ခါတလေ ယောကျာ်းလေးတွေ ထိုင်ကြည့်နေတာတွေ ရှိတယ်” ဟု အသက် ၁၅ နှစ်အရွယ် မဇောမ်းနောက စစ်ရှောင်စခန်းမှာ ရေချိုးသည့်အခါ ကြုံတွေ့ရသည့် ...

26 Sep 2019

ခင်သရဖီဦး  ရေးသားသည်။ 

“ကိုယ်က မိန်းကလေးဆိုတော့ ယောကျာ်းလေးတွေလို နေရာတကာမှာ ရေချိုးလို့ မရဘူးလေ။ ရေချိုးဖို့ နေရာတော့ လိုတာပေါ့။ ဒီက ရေချိုးခန်းက တံခါးမရှိတော့ အပြင်ကနေပြီးတော့ တစ်ခါတလေ ယောကျာ်းလေးတွေ ထိုင်ကြည့်နေတာတွေ ရှိတယ်” ဟု သုံးနှစ်အရွယ်လောက်ရှိသည့် သူ၏ ညီမငယ်လေးကို ဆံထုံး ထုံးပေးရင်း အသက် ၁၅ နှစ်အရွယ် မဇောမ်းနောက စစ်ရှောင်စခန်းမှာ ရေချိုးသည့်အခါ ကြုံတွေ့ရသည့် ဖြစ်အင်ကို ပြောပြနေသည်။

ထိုကဲ့သို့ ရေချိုးသည်ကို ထိုင်ကြည့်ခြင်းခံရသည့်အဖြစ်ကို သူ့အနေဖြင့် စခန်းတာဝန်ခံကို မပြောပြဖြစ်ခဲ့၊ အဘယ်ကြောင့်ဆိုသော် သည်အဖြစ်မျိုး ကြုံရသည်က သူတစ်ယောက်တည်းမဟုတ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြို့သစ်ကြီးရပ်ကွက်ရှိ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းတွင် လူဦးရေ ၁၀၀၀ ကျော်အတွက် ရေချိုးခန်းနှစ်ခုသာ ရှိသည်။ မိန်းကလေးရေချိုးခန်းနှင့် ယောက်ျားလေးရေချိုးခန်း တစ်ခုစီဖြစ်ကာ ရေချိုးခန်းများလည်း ကပ်လျက်ရှိနေပြီး တစ်ခါတရံ အမျိုးသားများက အမျိုးသမီးရေချိုးဆောင်ဘက်ကို လာရောက် ရေချိုးတတ်ကြသေးသည်။

အမျိုးသားရေချိုးခန်းတွင် လူကျပ်သည့်အခါ “စခန်းက အသက်အရမ်းကြီးနေတဲ့ အဖိုးကြီးတွေက မိန်းကလေးရေချိုးခန်းတွေ ဝင်လာချိုးတာ ရှိတယ်။ အဲဒီအချိန်တွေ စိတ်ညစ်လိုက်တာ” ဟု မဇောမ်းနောက ညည်းညူရင်း ပြောသည်။

ထို့အပြင် စစ်ရှောင်စခန်းတွင် နေရသည်ကလည်း မိန်းမငယ်လေးများအတွက် ခက်လှသည်။ မိသားစု ရှစ်ယောက်အထိကို အိမ်ခန်းတစ်ခန်းတည်း ပေးရာ ကိုးပေပတ်လည် အခန်းကျဉ်းလေးထဲတွင်ပင် ထမင်းချက်၊ သနပ်ခါးလိမ်း၊ အဝတ်လဲလှယ်ခြင်းတွေ လုပ်ကြရသည်မို့ မဇောမ်းနောအတွက်လည်း သက်သောင့်သက်သာ မရှိလှပေ။

“အခုကတော့ အဆင်ပြေတယ်။ အစ်ကိုတွေက အပြင်မှာ အလုပ်သွားလုပ်တာလေ။ တစ်လတစ်ခါ၊ နှစ်လ တစ်ခါလောက်ပဲ အိမ်ကိုလာတယ်။ သူတို့တွေ အိမ်မှာမရှိတော့ နည်းနည်းလေးအဆင်ပြေတာပေါ့။ အိမ်မှာ အခုက မောင်လေးတွေက ငယ်ငယ်လေးတွေဆိုတော့ အဆင်ပြေသေးတယ်” ဟု သူက ပြောသည်။

ဖခင်ဖြစ်သူသည် အခြားမြို့နယ်တစ်ခုတွင် အလုပ် သွားလုပ်နေပြီး မိခင်ဖြစ်သူကလည်း နေ့စားလုပ်သားတစ်ဦးဖြစ်သဖြင့် ထမင်းချက်သည်ကအစ အိမ်မှုကိစ္စအကုန် ခုနှစ်တန်းကျောင်းသူ မဇောမ်းနောသာ လုပ်ရသည်။

၂၀၁၁ ခုနှစ်နှောင်းပိုင်းကာလတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့အကြား တိုက်ပွဲများ ဖြစ်ချိန်ကတည်းက ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းကို သူတို့ ထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ်သည်။ သူ့တို့၏ ဇာတိမှာ ဝိုင်းမော်မြို့နယ်အတွင်းက ဖြစ်သည်။

ရေချိုးခန်း လုံလုံလောက်လောက် မရှိသောကြောင့် စခန်းတွင် အမျိုးသမီးများ ရေချိုးရသည့် အခက်အခဲနှင့်ပတ်သက်၍ တိုင်ကြားမှုများလည်း ရှိသည်ဟု ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှ အမျိုးသမီးခေါင်းဆောင် ဒေါ်ဇညွယ်က ပြောသည်။

“ကျမတို့အနေနဲ့ကတော့ လူတစ်ယောက်ချင်းတော့ ပြောလို့ မကောင်းဘူးလေ။ ဒါကြောင့် ကျမတို့အနေနဲ့ အစည်းအဝေးကျရင် အဲလို မလုပ်ကြဖို့ ပြောထားတယ်။ ပြီးတော့ ခန်းစည်း လုပ်ပေးလိုက်တာတော့ ရှိတယ်” ဟု ဖြေရှင်းခဲ့ပုံကို သူက ဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ စာရင်းပေါက် စစ်ဘေးရှောင်စခန်း ၁၃၆ ခုထဲတွင် မပါဝင်သေးသည့် ပမ္မတီး စစ်ရှောင်စခန်းငယ်တွင်လည်း လီဆူလူမျိုး အသက် ၁၅ နှစ်အရွယ် မနားနာဂျိုဆာအတွက် အိမ်သာသွားသည့်အခါ သရဲမကြောက်ဘဲ လူကို ပိုကြောက်နေရသည်။

“ဒီမှာက လူဦးရေ နည်းပေမယ့် စခန်းက လူတွေကို မကြောက်ဘူးပေါ့။ ညအချိန် အိမ်သာတက်နေရင် အပြင်က လူတွေများ လာမှာလား ဆိုပြီးတော့ အရမ်းကြောက်တယ်။ အဲဒါကြောင့် ဆီးအောင့်နေလိုက်ရတဲ့ အချိန်တွေရှိတယ်” ဟု စိတ်မလုံခြုံ ဖြစ်ရသည့် ဖြစ်အင်ကို ဆိုသည်။

နဝမတန်းကျောင်းသူ မနားနာဂျိုဆာ နေထိုင်ရာ တာလပတ်မိုးထားသည့် ဆယ်ပေပတ်လည် တဲလေးအတွင်းတွင် ခြုံစောင်နှင့်ကာပြီး အခန်းနှစ်ခု ဖွဲ့ထားသည်။ ပြီးခဲ့သည့်နှစ်ကမှ တိုက်ပွဲများကြောင့်  ဖြစ်တည်လာသည့် မနားနာဂျိုဆာတို့ စစ်ရှောင်စခန်းငယ်တွင် အိမ်ခြေ ၃၀ သာ ရှိနေသည်။

“တစ်ခါတလေ အိမ်သာကို သွားတဲ့ အချိန်တွေမှာဆို အမေကို နှိုးရမှာလည်း အားနားတယ်။ အစ်ကိုကိုလည်း မခေါ်ချင်ဘူးပေါ့။ အားနာတယ်လေ။ ကိုယ်က အရွယ်ရောက်တဲ့ မိန်းကလေးလေ ဖြစ်နေပြီးဆိုတော့” ဟု သူ၏ သေးသွယ်သော မျက်နှာတွင် ပါးချိုင့်ပေါ်သည်အထိ ပြုံးကာ ပြောသည်။

“ကျမကတော့ ဒေါသနည်းနည်း ကြီးတယ်။ အိမ်မှာလည်း မငိုဘူး။ ကျောင်းသွားရင် လမ်းမှာငိုတာပဲ။ အိမ်ကို အရမ်းလွမ်းတယ်။ အချိန်တွေ ရှိတယ်။ ခုနကပြောသလို အိမ်သာ သွားချင်တဲ့ အချိန်တွေဆို တစ်ယောက်မှ မခေါ်ရဲတော့ အိပ်ယာမှာ ငိုတာလေ” ဟု ထပ်ပြောသည်။

စခန်းအတွင်းက တဲလေးများမှာ တစ်ခုနှင့် တစ်ခု ကပ်လျက်ရှိလွန်းသည်ကလည်း သူ့ကို စိုးရိမ်စိတ်များ ဖြစ်စေသည်။ ငြိမ်းချမ်းရေးရလျှင် မွေးရပ်ဇာတိတွင် ပြန်နေချင်သည်ဟုဆိုကာ “ငြိမ်းချမ်းရေးရရင် ကောင်းမှာပဲ” ဟု သူ၏ မျှော်လင့်ချက်ကို ဆိုသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ရှစ်နှစ်ကျော်ကာလအတွင်း စစ်ရှောင်စခန်းများတွင် နေထိုင်သူဦးရေ ၉၇၀၀၀ ကျော်ရှိရာ အမျိုးသမီးဦးရေ ထက်ဝက်ကျော် ပါဝင်နေသည်။

အဆိုပါ အမျိုးသမီးများအတွက် စခန်းတွင်း နေထိုင်ရာတွင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ကိုယ်ပိုင်းဆိုင်ရာ လုံခြုံမှုများ လိုအပ်နေသည်ဟု ခံစားနေကြရသည်မှာ မဇောမ်းနောတို့ မနားနာဂျိုဆာတို့လို ဆယ်ကျော်သက် မိန်းကလေးငယ် နှစ်ဦးတည်းတော့ မဟုတ်ပေ။ နောက်ထပ် အမျိုးသမီးပေါင်းများစွာ ရှိနေပါသေးသည်။

ဗီဒီယိုများ