“ဝ” ပြည်နယ်အရေးနှင့် ဆက်စပ်အတွေးများ
“ဝ”ခေါင်းဆောင်များကိုယ်တိုင် ဘယ်သူပေးပေးမပေးပေး ကိုယ့်ဘာသာကို ပြည်နယ်အစိုးရအသွင်မျိုး လုပ်ပိုင်ခွင့်တွေ တည်ဆောက်ထားပြီးဖြစ်နေသဖြင့် “ဝ”နှင့် နောင်လာမည့် မြန်မာအစိုးရတို့ကြား သဘောထားတင်းမာမှု၊ စစ်ရေးတင်းမာမှု အခြေအနေထိ ရှိလာမလားဆိုသည်မှာ စိတ်ဝင်စားစရာ ရှိနေသည်။
01 Oct 2022
DMG ၊ အောက်တိုဘာ ၁
(ဆောင်းပါး)
ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအရ တန်းတူအခွင့်အရေး တောင်းဆိုနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် သူပုန်၊ သောင်းကျန်းသူ၊ အကြမ်းဖက်အဖွဲ့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲလာခဲ့သည်မှာ ယနေ့ထိပင်တွေ့ရသည်။
ထို့အတူ စစ်ခေါင်းဆောင်များက တိုင်းရင်းသားတပ်ဖွဲ့များအား လက်နက်ဖျက်သိမ်းရေး၊ တပ်မတော် (သို့မဟုတ်) နယ်ခြားစောင့်တပ် စသည့်နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ်ပြုလုပ်လာခဲ့သော်လည်း ယခုအခါ ၎င်းတို့နှင့် တိုက်ပွဲမဖြစ်ပွားသည့် အင်အားကြီးအဖွဲ့အချို့ကို အလျော့ပေး ဆက်ဆံလာသည်။
ရှမ်းမြောက်ဒေသက အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(မိုင်းလား) NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ စစ်ကောင်စီနှင့် ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စစ်ကောင်စီက “ဝ”ဒေသကို ပြည်နယ်ပေးရန် မူအားဖြင့်သဘောတူထားပြီဖြစ်သည်။
ယင်းကြောင့် မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ “ဝ”ကို ပြည်နယ်ပေးရန် မူအားဖြင့် သဘောလိုက်ခြင်းမှာ ပြည်သူများအကြား အထူးစိတ်ဝင်စားစရာ ဖြစ်လာနေတော့သည်။
UWSP/ UWSA အခြေအနေ
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party - UWSP)ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ UWSA ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့ကို “ဝ”ခေါင်းဆောင်များဖြစ်ကြသော ဦးကျောက်ညီလိုင်၊ ဦးပေါက်ယိုချမ်း စသည့် အခြားသော ခေါင်းဆောင်တို့က ဦးဆောင်ခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲပြီးနောက်ပိုင်း တည်ထောင်လာသည့် UWSP/UWSA သည် ၁၉၈၉ မေလ ၁၈ ရက်တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး တပ်မတော်မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သော်လည်း လက်မခံခဲ့ပေ။
ထို့အတူ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ၊ ဒီဇင်ဘာလများတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိခဲ့ပေ။ သို့သော်လည်း မြန်မာ့ငြိမ်းချမ်းရေးသမိုင်းတွင် အဆင့်မြင့်ဆုံးဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) စာချုပ်ပါ အချက်အလက်များကို လက်မခံသဖြင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိခဲ့ပေ။
လက်ရှိ “UWSP”ကို ဥက္ကဌ ဦးပေါက်ယူချန်း၊ ဒု-ဥက္ကဌ ဦးပေါက်ယူယီတို့က ဦးဆောင်ပြီး မြန်မာ့ EAOs အဖွဲ့များတွင် လက်နက်အင်အား အတောင့်တင်းဆုံးနှင့် စစ်သည်အင်အား (၃၀၀၀၀)နှင့်အထက်တွင် ရှိနေသည်။ သူတို့ ထိန်းချုပ်ရာဒေသတွင် လူဦးရေခြောက်သိန်းကျော်ရှိပြီး အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အသံလွှင့်ဌာန၊ ဆည်/မြောင်း၊ သတ္ထုတွင်းဌာန၊ ဟိုတည်နှင့် ခရီးသွား၊ စည်ပင်၊ အကောက်ခွန်တို့ကို စနစ်တကျ ဖွဲ့စည်းကာ အောင်မြင်နေသည့် အဖွဲ့အစည်းလည်းဖြစ်နေသည်။
“ဝ”နိုင်ငံရေး ရပ်တည်ချက်နှင့် သဘောထား
UWSP အဖွဲ့၏ နိုင်ငံရေးရပ်တည်ချက် မူဝါဒထဲတွင် မိမိကံကြမ္မာကို အခြားလူမျိုးအုပ်စုတစ်ခုက ဆုံးဖြတ်ပေးခြင်းကို လုံးဝလက်မခံကြောင်း ဦးစွာမြင်ရသည်။ ၎င်းတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝဖြင့် ပြည်ထောင်စု တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းတည်ဆောက်သွားရန် ဆန္ဒကိုတွေ့နိုင်သည်။
ထို့အတူ မိမိနေထိုင်ရာဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိစေရေးနှင့် ပြည်ထောင်စုအတွင်း ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းကို ပူးပေါင်းခုခံသွားရန် ရည်ရွယ်ချက်ရှိသည်။
ဆက်လက်ပြီး သူတို့ဒေသကို ဗမာတိုင်းရင်းသားများနှင့်တန်းတူ “အချုပ်အခြာအာဏာ”ရှိကြောင်း သတ်မှတ်ထားကာ ပြည်နယ်၏ တရားစီရင်ပိုင်ခွင့်ကိစ္စတွင်လည်း ပြည်ထောင်စုကို မှီခိုစရာမလိုဘဲ ကာလဒေသနှင့် လျော်ညီသော အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးနေသည်။
ယင်းကြောင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေး၊ လူထုလှုပ်ရှားမှု အုံကြွမှုကြီး ဖြစ်ပွားနေသော်လည်း ရှမ်းမြောက်ဒေသရှိ “ဝ”ဒေသမှာ တစုံတရာထိခိုက်မှုမရှိဘဲ သီးခြားဆန်စွာ ငြိမ်သက်နေခဲ့သည်။ အကြောင်းရင်းမှာ “ဝ”ခေါင်းဆောင်တို့သည် လက်ရှိ မြန်မာပြည်တွင်း အခြေအနေအရ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အခွင့်အရေးသာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်မှ မပါဝင်မပတ်သက်ကြောင်း ပြတ်သားစွာပြောဆိုထားသည်။
ထို့အတူ “ဝ”သည် နိုင်ငံတော်အစိုးရ ဆက်ဆံမှုနှင့်ပတ်သက်၍ နိုင်ငံတော်အား ပြိုကွဲစေခြင်းမရှိ၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုမည်မဟုတ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေး၊ သံတမန်ရေးကလွဲ၍ မိမိတို့ဒေသအား ကိုယ်တိုင်စီမံအုပ်ချုပ်သွားမည်ဟု ရိုးရှင်းသောသဘောထားကို ကိုင်စွဲထားသည်။
“ဝ”ဒေသ ဖွဲ့စည်းပုံနှင့် အင်အားချထားမှု
ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် “ဝ”တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလတွင် ဗကပထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီကိုထူထောင်ကာ ခေတ်အဆက်ဆက် အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ခေတ်အဆက်ဆက် မြန်မာအစိုးရ၏ အုပ်ချုပ်ရေးယန္တယားမှာ ယနေ့အချိန်ထိ သက်ရောက်မှုမရှိခဲ့ပေ။
လက်တွေ့တွင် UWSP ၏ဌာနချုပ်ကို ပန်ဆန်း(ပန်ခမ်း)တွင် ဖွင့်ထားကာ အုပ်ချုပ်ရေးနယ်မြေများကို မြောက်ပိုင်းတွင် မိုင်းမောခရိုင်၊ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင်ဆိုသည့် ခရိုင်(၃)ခုနှင့် ပန်ခမ်းအထူးမြို့နယ် (၂)ခုတို့ဖြင့် ဖွဲ့စည်းထားသည်ကိုတွေ့ရသည်။ ဆက်လက်ပြီး “ဝ”တောင်ပိုင်းတွင် (၁၇၁) စစ်ဒေသအဖြစ် သတ်မှတ်ပြီး ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နမ့်တစ်၊ ပန်လုံ၊ မက်မန်း၊ နားဖန်း စသည့်မြို့နယ်တို့အား ထည့်သွင်းဖွဲ့စည်းထားပြီး “ဝ”ဗဟိုဌာနချုပ်က စီမံကိုင်တွယ် အုပ်ချုပ်ထားသည်။
ပန်ဆန်းဌာနချုပ်တွင် ဗဟိုတပ်မဟာ၊ လက်နက်ကြီးအဖွဲ့၊ လေယာဉ်ပစ်တပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့၊ လက်ဖြောင့် တပ်ဖွဲ့၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့ စသည်တို့ဖြင့် တပ်မဟာ၊ တပ်ရင်းတပ်ဖွဲ့များအပြင် အခြားဒေသတို့၌လည်း အရံတပ်အဖြစ် ပြည်သူ့စစ်တပ်ဖွဲ့များကိုပါ တပ်ဖြန့်ထားသည်ကို တွေ့ရသည်။ ယင်းအပြင် “ဝ”သည် လက်နက်ထုတ်စက်ရုံများကို ကိုယ်ပိုင်တည်ဆောက်ထားနိုင်သည်။
မြန်မာအစိုးရက သူတို့ကို အုပ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ “ဝ”တိုင်းအဖြစ် သတ်မှတ်ထားသော်လည်း “ဝ” ခေါင်းဆောင်နှင့် ပြည်သူများက ပြည်နယ်ဟုသတ်မှတ်ထားပြီး ကိစ္စရပ်တိုင်းတွင် “ဝ”ပြည်နယ်ဟု သုံးစွဲထားသည်ကို တွေ့ရသည်။
ပြည်နယ်ဖြစ်လာရေး လိုအပ်ချက်
ထို့အတူ ၁၉၉၀ နောက်ပိုင်းကတည်းက ပြည်နယ်သတ်မှတ်ပေးရန် တစိုက်မတ်မတ် တောင်းဆိုလာသော “ဝ”တို့သည် ယခုအချိန်တွင် သဘောတူညီမှုအချို့ ရရှိလာသဖြင့် သူတို့ အဓိကလိုလားနေသည့် နိုင်ငံရေး ရည်မှန်းချက်မှာ ရောင်နီသန်းလာကြောင်း ပြောနိုင်သည်။
သို့သော်လည်း ပြည်နယ်ကိစ္စကို တရားဝင်သတ်မှန်ပေးရန် လွှတ်တော်လမ်းကြောင်းအပါအဝင် တခြားအကျပ်အတည်းများက ကျန်နေသေးသည်။
ပြည်နယ်ဖြစ်လာရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၅၃)အရ ပြင်ဆင်လိုသည့် နယ်နိမိတ်အတွင်း အကျုံးဝင်သည့် မဲပေးပိုင်ခွင့်ရှိသူများ၏ သဘောထားကို ပထမဦးစွာ ရယူရမည်ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံမှုဖြင့် မလုံလောက်သေးဘဲ ယင်းနယ်နိမိတ် အကျုံးဝင်သည့် သက်ဆိုင်ရာပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုလည်း ယူရဦးမည်ဖြစ်သည်။
ထို့အတူ ပြင်ဆင်လိုသည့် နယ်နိမိတ်အရေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံနှင့်အထက်၏ ထောက်ခံချက်ရမှသာ ပြည်ထောင်စုလွှတ်တော်၏ သဘောထားကိုရယူပြီး နိုင်ငံတော်သမ္မတက ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း စသည့်အဆင့်ဆင့်လုပ်ရမည့်ကိစ္စများ ရှိနေသေးခြင်းဖြစ်သည်။
ယင်းကြောင့် လွှတ်တော်လမ်းကြောင်းက သွားမည့်အချိန်တွင် စစ်ကောင်စီဘက်က အပြည့်အဝ ထောက်ခံပေးမည်လား။ ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရသော နိုင်ငံရေးပါတီ ကိုယ်စားလှယ်များဘက်မှလည်း ထောက်ခံပေးရန် လိုအပ်နေသေးသည်။
စိန်ခေါ်မှုကြီးမားမည့် ပြည်နယ်အုပ်ချုပ်မှုပြဿနာ
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် မြန်မာနိုင်ငံ၌ ပြည်နယ်(၇)ခုတို့ဖြင့် ပြည်ထောင်စု အုပ်ချုပ်ပုံစနစ်အောက်တွင် သွတ်သွင်းထားသည်။ ဤတွင် ပြည်နယ်များ၏လုပ်ပိုင်ခွင့်ကို ပြန်ကြည့်ရသော် ဗဟို(ပြည်ထောင်စု)က ချုပ်ကိုင်မှုအောက်တွင် ပြည်နယ်အစိုးရဟု ခေါ်ဝေါ်သုံးစွဲခွင့် အမည်နာမတစ်ခုထက် လုပ်ပိုင်ခွင့်မဲ့ သွားနေရခြင်းဖြစ်သည်။
ဥပမာ- NLD လက်ထက်က ရခိုင်ပြည်နယ်တွင် အများဆုံးအနိုင်ရခဲ့သည့် ANP ပါတီအား ပြည်နယ်စိုးရ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုကာ ပြည်ထောင်စုက သူတို့လိုလားသည့်သူကို တိုက်ရိုက်ခန့်အပ်လိုက်ခြင်းကို မြင်ရသည်။
ယင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ယခုအခါ “ဝ”ပြည်နယ်ကို တရားဝင်သတ်မှတ်ခဲ့လျှင် ယခုလက်ရှိ ပြည်နယ်များအတိုင်း အာဏာပိုင်များက “ဝ”တို့၏ လက်ရှိအုပ်ချုပ်ရေးချိန်ခွင်ကို ထိန်းချုပ်လာမည်လား။ စဉ်းစားချက်ရှိသေးသည်။ အခြားတစ်ဘက်၌လည်း “ဝ” ပြည်နယ်ကို နဂိုအတိုင်း အစိုးရ အုပ်ချုပ်မှုအောက်က ကင်းလွှတ်ခွင့်ပြုထားမည်လား ဆိုသည်များ ကြီးလေးသည့်စိန်ခေါ်မှုများ ကျန်ရှိနေခြင်းလည်းဖြစ်သည်။
သို့သော်လည်း “ဝ”ခေါင်းဆောင်များက ပြည်ထောင်စုကို ကတိပေးထားသည်မှာ လုံးဝ ခွဲမထွက်ကြောင်းနှင့် နိုင်ငံခြားဆက်ဆံရေးကလွဲ၍ ဗဟိုက ဝင်ပါစရာမလိုဆိုသည့် အနှစ်ချုပ်ကို ပြောဆိုထားပြီး ပြတ်သားစွာပြောထားပြီး ဖြစ်နေသည်။
လက်ရှိတွင်လည်း အင်အားကိုအခြေတည်ပြီး ကျစ်လစ်ခိုင်မာစွာဖွဲ့စည်းထားသည့် “ဝ”ဒေသသည် မြန်မာအာဏာပိုင်များ အုပ်ချုပ်ရေးကင်းလွတ်သည့် ပြည်နယ်အဆင့်ဖြစ်လာလျှင် ယခုတည်ရှိနေသည့် (၇)ပြည်နယ် အစိုးရများထက် လုပ်ပိုင်ခွင့်အရာမှာ အလွန်အမင်း သာလွန်သွားမည်လည်းဖြစ်သည်။
ယင်းကြောင့် “ဝ”တို့၏ နိုင်ငံရေးလမ်းစဉ်မှာ ဖက်ဒရယ်ထက်ကျော်လွန်သော ကွန်ဖက်ဒရေးရှင်းအဆင့်ရှိသည့် မြန်မာ့သမိုင်းတွင် ပထမဆုံး တရားဝင်ပြည်နယ်အစိုးရ ဖြစ်လာနိုင်သည့် အခြေအနေကို မှန်းဆနိုင်သည်။
ယင်းအပြင် “ဝ”ခေါင်းဆောင်များကိုယ်တိုင် ဘယ်သူပေးပေးမပေးပေး ကိုယ့်ဘာသာကို ပြည်နယ်အစိုးရအသွင်မျိုး လုပ်ပိုင်ခွင့်တွေ တည်ဆောက်ထားပြီးဖြစ်နေသဖြင့် “ဝ”နှင့် နောင်လာမည့် မြန်မာအစိုးရတို့ကြား သဘောထားတင်းမာမှု၊ စစ်ရေးတင်းမာမှု အခြေအနေထိ ရှိလာမလားဆိုသည်မှာ စိတ်ဝင်စားစရာ ရှိနေသည်။
ထို့အတူ “ဝ”အနေဖြင့် ရှေ့ပြေးအဖြစ် ပြည်နယ်အဆင့်ဖြင့် ပြည်ထောင်စုက ထိန်းချုပ်မှုကင်းလွတ်သည့် နိုင်ငံရေးလမ်းသစ်တစ်ခုကို ရောက်ရှိသွားလျှင် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ယင်းလမ်းစဉ်အတိုင်း ချီတက်ရဦးမည်မှာ မလွဲနိုင်ပေ။
ယင်းကြောင့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်သစ်အတွက် “ဝ”သည် အင်အားကိုတည်ဆောက်ပြီး ရှေ့ဆောင်လမ်းပြအောင်မြင်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်လာလိမ့်မည်ဟု တွက်ဆထားနိုင်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ နိုင်ငံရေး ကစားကွက်များ
ထို့အတူ ယခု “ဝ”ကိစ္စကို သုံးသပ်ကြည့်ရသော် အရေးကြီးဆုံးအချက်မှာ မြန်မာစစ်ခေါင်းဆောင်များသည် ပြည်မတွင် အကျပ်အတည်းများစွာတွေ့နေ၍ တိုက်ပွဲမဖြစ်လိုသည့် တိုင်းရင်းသားများကို လိုက်လျောမှုပေးလာခြင်းဟု ဆိုနိုင်သည်။ ယင်းအပြင် ပြည်မတွင် အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည်နှိပ်ကွပ်မှုများ ရှိနေသဖြင့် စစ်ခေါင်းဆောင်၏ ပြောစကားကို ယုံကြည်ဖို့ ခဲယဉ်းသေးသည်။
အလားလူ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ သဘောထားမှာ နောက်ခံအင်အားကို ချိန်ဆကာ အခွင့်အရေးများပေးလာနေခြင်းကို မြင်ရမည်ပင်။ လက်နက်ကိုင်အင်အား မကောင်းသော သို့မဟုတ် မူဝါဒ အားနည်းသော အဖွဲ့အချို့ကို စစ်ကောင်စီက လိုက်လျောမှုနှင့် အင်အားကြီး မူဝါဒပြတ်သားသော အဖွဲ့တို့ကို စဉ်းစားချက် ကွာခြားသည်။
ဥပမာ- စစ်ကောင်စီနှင့် ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော PNLO(ပအိုဝ်)၊ LDU(လားဟူ)နှင့် ALP (ရခိုင်)အဖွဲ့တို့အား တပ်မတော် (သို့မဟုတ်) နယ်ခြားစောင့်တပ်တွင် ဝင်ရောက်ကြရန် စစ်ကောင်စီဘက်က ပြောဆိုခဲ့ခြင်းကို သတိပြုစရာဖြစ်သည်။
ယခုအကြိမ်တွင် “ဝ”ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ရန်နှင့် မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ မူအားဖြင့်သဘောတူညီမှုရရှိခဲ့ခြင်းကို ထောက်ရှုကြည့်ရသော် ၎င်းတို့၏ နောက်ခံအင်အားကိုကြည့်ကာ စစ်ကောင်စီဘက်က ခွဲခြားသပ်လျိုမှုတစ်ခုလားဟု မေးခွန်းထုတ်စရာရှိနေပြီး EAOs များကို ကစားကွက်ရွှေ့ခြင်းလည်းဖြစ်နိုင်သည်။
ယင်းကြောင့် မြန်မာ့သမိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ပရိယာယ်များစွာဖြင့် နှစ်ဖက်လုံးက မိမိတို့ အကျိုးရှိသည့် ရလာဒ်ထွက်ပေါ်အောင် ကြိုးစားတတ်ကြပြီး အင်အားအပေါ်အခြေပြု၍ ရလာဒ်ကို ခွဲဝေတတ်ကြောင်း ဆိုရပေမည်။
ခြုံငုံကြည့်ရလျှင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် ပြည်သူများ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကနဦးအရ “ဝ”ပြည်နယ်အဖြစ် သတ်မှတ်နိုင်ရေး မူအားဖြင့် သဘောတူညီချက် ရလိုက်ခြင်းမှာ ငြိမ်းချမ်းရေးဆွေးပွဲမှ နိုင်ငံရေးကစားကွက်များ ပြောင်းလဲနိုင်သည့်အခြေအနေကို အမိအရ ဆုပ်ကိုင်နိုင်လိုက်ခြင်းဟု ဆိုရပေမည်။
ခြုံငုံ စဉ်းစားချက်
လက်ရှိတွင် “ဝ”ကို စစ်ကောင်စီဘက်က ပြည်နယ်အဆင့်သတ်မှတ်ပေးရန် သဘောတူထားခြင်းကို အချို့က စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟုဆိုကာ အဆိုပါကိစ္စကို တရားမဝင်ဟုပင် ဝေဖန်သံများကို ကြားနေရသည်။
မည်သို့ပင်ဆိုစေကာမူ “ဝ”ခေါင်းဆောင်တို့ ၏ သဘောထားအရ မြန်မာပြည်ကို မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အခွင့်အရေးသာဖြစ်ကြောင်းနှင့် သူတို့ပန်းတိုင်ကို နည်းမျိုးစုံဖြင့်သွားခဲ့သည်ကို တွေ့ရမည်ပင်။ အဆိုပါ “ဝ”ပြည်နယ်ကိစ္စကို အနှစ်ချုပ်စဉ်းစားကြည့်ရသော် ဗမာတိုင်းရင်းသားအချို့ မနှစ်သက်မှုကို တွေ့ရသော်လည်း တိုင်းရင်းသားဒေသနေ လူထုတို့ဘက်ကတော့ ဝေဖန်သံများ မကြားရပေ။ အခြားတဘက်တွင် ဤဖြစ်စဉ်၏ အဓိကလမ်းကြောင်းမှာ “ဝ”သည် မူဝါဒပြတ်သားသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ကျန် EAOs အနေဖြင့်လည်း မိမိတို့လိုလားသည့် နိုင်ငံရေးအဆင့်အတန်းကို တောင်းဆိုရာတွင် ပြတ်သားသည့်မူဝါဒ ပြည်သူလူထုထောက်ခံမှု စသည့်အင်အားကို ခိုင်မာစွာတည်ဆောက်နိုင်ရန် အဓိကကျလာသည်။
ယင်းမှသာလျှင် ယခု စစ်ကောင်စီ မဟုတ်သော်လည်း အသစ်တက်လာမည့် အစိုးရအာဏာပိုင်များနှင့် ပြောဆိုဆက်ဆံရာတွင် မိမိတို့လိုလားသည့် မူဝါဒအတိုင်း ဒေသနေပြည်သူလူထု အင်အားကိုကြည့်ပြီးမှ အထက်ပါအတိုင်း လိုက်လျော့လာမည့်သဘောထားများကို တွေ့ရကြောင်း သုံးသပ်ရပေမည်။
ဂေါင် - ရေးသည်။