အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် “ဝ” က အစောဆုံးအောင်နိုင်သူဖြစ်လာ (၁)

မြန်မာစစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အောင်မြင်မှုနှင့် ကျရှုံးမှုဆိုင်ရာ အလားအလာများနှင့် ပတ်သက်ပြီး “တစ်နှစ်အလွန်” အစီရင်ခံစာများကို နိုင်ငံတကာမီဒီယာများက အကျဉ်းချုံးပြီး ပြန်လည်အာရုံစိုက်ခဲ့ကြသည်။

By ကြည်ဖြူစံ 20 Mar 2022

‘ဝ’ ပြည် ပန်ဆန်းတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ကျင်းပသည့် မြန်မာစစ်တပ်နှင့် ‘ဝ’ အကြား အပစ်အခတ်ရပ်စဲရေး နှစ် ၃၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA ခေါင်းဆောင် ပေါက်ယိုချန်း။ (ဓာတ်ပုံ - AFP)

ဘာသာပြန်ဆောင်းပါး

မြန်မာစစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အောင်မြင်မှုနှင့် ကျရှုံးမှုဆိုင်ရာ အလားအလာများနှင့် ပတ်သက်ပြီး “တစ်နှစ်အလွန်” အစီရင်ခံစာများကို နိုင်ငံတကာမီဒီယာများက အကျဉ်းချုံးပြီး ပြန်လည်အာရုံစိုက်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ ဝေးလံခေါင်သီသော တောင်ကုန်းများတွင် အာဏာရွှေ့ပြောင်းမှု ကြီးတစ်ခု နောက်ထပ် ပေါ်ပေါက်လာသည်။

မြန်မာစစ်တပ်သည် နိုင်ငံဗဟိုချက်တွင် ပြန့်ကြဲနေသောပုန်ကန်မှုများဖြင့် အာရုံလွင့်ပျံ့နေချိန်မှာပဲ မြန်မာနိုင်ငံ တွင် အကောင်းဆုံးအင်အားဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် တရုတ်ယိမ်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ပြတ်ပြတ်သားသားချေမှုန်းရန် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

RCSS ကဆက်တိုက်ရှုံးနှိမ့်ခဲ့ပြီးနောက် UWSA သည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ စစ်ရေးနှင့် နိုင်ငံရေးဩဇာကြီး မားလာစေရန် စီမံချက်ချပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရန် စီစဉ်နေပုံပေါ်သည်။ ပထဝီအနေအထား အရ “ဝ”ပြည်နယ်သည် ဒေသတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် အဓိကကျသောအခန်းကဏ္ဍကို စုစည်းရန်ရည်ရွယ်ထားပုံရပြီး ပထဝီအရ ဆက်စပ်လျက်ရှိသော “ဝ”ပြည်နယ်ထူထောင်ရန် အလားအလာကောင်းများ ရှိနေပုံပေါ်သည်။

နောက်ဆုံးမှာတော့ စည်းလုံးညီညွတ်သော “ဝ”အုပ်ချုပ်ရေးဒေသ၏ ပထဝီနိုင်ငံရေးသက်ရောက်မှုများ ထုထည် ကြီးမားလာပေလိမ့်မည်။ ချက်ချင်းဆိုသလို သက်ရောက်မှုများက ထိုင်းနိုင်ငံနယ်စပ်သို့ တရုတ်ဩဇာလွှမ်းမိုးမှုဖြင့် တိုက်ရိုက်ကုန်သွယ် ပို့ဆောင်ရေးအဆက်အသွယ် ဖြစ်လာလိမ့်မည်။

အလားတူပင် အကျိုးဆက်ကြီးမားသော ကိစ္စတစ်ခုက အသစ်ပေါ်ပေါက်လာကြသော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများသည် ၎င်းတို့၏ ပြည်တွင်းရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထူထောင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားလာသောကြောင့် မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ထက် ပိုမိုလျော့ရဲသော ကွန်ဖက်ဒရိတ်အနာဂတ်ကို လုပ်ဆောင်လာကြပေလိမ့်မည်။

■ အင်အားပိုမိုကြီးထွားလာနေသော “ဝ”

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် နယ်မြေစိုးမိုးရေး၊ ကုန်သွယ်ရေးလမ်းကြောင်း၊ စစ်အင်အားနှင့် နိုင်ငံရေးဩဇာ လွှမ်းမိုးမှုတို့ကို ဖြစ်ပေါ်စေနိုင်သော တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကြောင့် အချင်းချင်း တိုက်ခိုက်နေရသလို မြန်မာစစ်တပ်နှင့်ပါ တိုက်ခိုက်နေရသောကြောင့် ၁၉၆၀ ပြည့်လွန်နှစ်များကစပြီး ရှမ်းပြည်နယ်သည် မင်းမဲ့စရိုက်အဖြစ်သို့ တဖြည်းဖြည်း နစ်မြုပ်ခဲ့ရသည်။

သို့သော်လည်း လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ဒေသတွင်းပါဝါဒိုင်းနမစ်တွင် ပြိုင်ဘက်လမ်းကြောင်း နှစ်ခုပေါ်ပေါက်လာခဲ့ရာ အတိုင်းအတာတစ်ခုအထိ လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။

ပိုမိုအရေးကြီးသောလမ်းကြောင်းမှာ UWSA လမ်းကြောင်းဖြစ်သည်။ ကွန်မြူနစ်ပါတီပြိုကွဲသွားပြီး ၁၉၈၉ ခုနှစ် ကတည်းက စစ်တပ်နှင့် အပစ်အခတ်ရပ်စဲမှုစတင်ခဲ့ပြီး ပြည်နယ်တစ်လုံးမှ လူဦးရေ ၆ သန်းအနက် ၇ သိန်းမကျော်သော တောင်ပေါ်တိုင်းရင်းသား “ဝ”တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်နှစ်ဇုန်တွင် လုံခြုံရေးဆိုင်ရာဒေသများ တည်ထောင်ခဲ့ကြသည်။

သံလွင်မြစ်အရှေ့ဘက် တရုတ်နယ်စပ်တလျှောက် နယ်မြေအများအပြားကို လွှမ်းခြုံထားသော တရားဝင်အသိ အမှတ်ပြု အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (SAD) က ပိုမိုကြီးမားကျယ်ပြန့်သည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိ စပ်နေသော တောင်ဘက်ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ နေရာမှာ မြောက်ပိုင်းမှ “ဝ”စစ်သားများ နှင့် အရပ်သားအခြေချနေ ထိုင်သူများက လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုတည်းက သိမ်းပိုက်ထားခဲ့သော ကိုလိုနီနယ်မြေတစ်ခုဖြစ်သည်။

ဘိန်းဖြူ နှင့် မက်သာဖက်တမင်း ထုတ်လုပ်မှုအပေါ် အခြေခံတည်ထောင်ထားသော ကျယ်ပြောလှသည့်စီးပွားရေး အင်ပါယာမှ ငွေကြေးစီးဆင်းမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်ရေးအင်အားနှစ်ခုစလုံးကို အထောက်အပံ ဖြစ်စေသည်။

၂၀၁၄ ခုနှစ်ဝန်းကျင်တွင် တစ်ချိန်ကအဆင်ပြေခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်များကိုပြန်လည် ရုတ်သိမ်းပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးကို မြန်မာစစ်တပ်၏ ဗဟိုကွပ်ကဲမှုလက်အောက်သို့ ပြောင်းရွှေ့ရန် ကြိုးစားမှုူများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လက်နက်ခဲယမ်းများနှင့် “ဝ”စစ်အင်အားဖြင့် ထိထိရောက် ရောက်တားဆီးနိုင်ခဲ့သည်။

ခေတ်မီပြီး လက်နက်ပြန်လည်တပ်ဆင်ထားသော UWSA သည် တရုတ်ခေတ်မီလက်နက်များ တပ်ဆင်ထားသော အမြဲတမ်းစစ်သား ၃ သောင်းခန့်ဖြန့်ကျက်ထားကာ “ရှေ့တန်းကာကွယ်ရေးမူဝါဒ” ဖြင့် မြန်မာစစ်တပ် ရှေ့ဆက် မလာနိုင်အောင် ထိန်းသိမ်းနိုင်ရန် ကြိုးစားခဲ့သည်။

“ရှေ့တန်းကာကွယ်ရေးမူဝါဒ” ဆိုသည်က သံလွင်မြစ်အနောက် ဘက်ခြမ်းတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်နေသော မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား သင်တန်းပေးခြင်းနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ခြင်းတို့ကို ဆိုလိုသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်၏ ဆိုးဆိုးရွားရွား အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ ရှေ့တန်းကာကွယ်ရေးသည် ရှေ့တန်းထိုးစစ်ဆင်တိုက်ခိုက်မှုများအဖြစ် အသွင်ပြောင်းလာခဲ့သည်။

■ အဓိကမဟာမိတ် ၃ ဖွဲ့

မကြာသေးခင်လများအတွင်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ SAD ထဲမှ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း များကို အသုံးပြုပြီး အဓိကကျသည့် မဟာမိတ် ၃ ဖွဲ့သည် မြန်မာစစ်တပ်ကိုဆန့်ကျင်သည့် စစ်ရေးအရှိန်များ မြှင့်တင်လာခဲ့သည်။

ပြည်နယ်အရှေ့မြောက်ဘက်စွန်းရှိ ကိုးကန့်ဒေသအနီးတွင် ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာ သော မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA သည် “ဝ” ကဲ့သို့ပင် ကိုးကန့်အမိမြေတွင် ထိန်းချုပ်နိုင်ရန်ကြိုးစားနေပြီး မြန်မာစစ်တပ်က လည်းတားဆီးရန်ကြိုးစားနေသောကြောင့် စစ်ကောင်စီတပ်များနှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

“ဝ”ဦးဆောင်သော မဟာမိတ်စနစ်တွင် ပို၍အရေးကြီးသည်မှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အစိတ်အပိုင်း မဟုတ်သော အဖွဲ့ ၂ ဖွဲ့ဖြစ်ပြီး ၎င်းတို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး TNLA တို့ဖြစ်သည်။ ၎င်းတို့သည် RCSS နှင့် စာရင်းရှင်ဖို့ကျန်နေသေးသော အဖွဲ့များဖြစ်ပြီး ကိုးကန့်-တရုတ် MNDAA ထက် များစွာပိုမိုကျယ်ပြန့်သည်။

ရှမ်းပြည်နယ်အလယ်ပိုင်းနှင့် အနောက်မြောက်ဘက်တွင် လှုပ်ရှားနေသည့် SSPP သည် ၁၉၇၀ ခုနှစ်များကပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မဟာမိတ်ဖြစ်ခဲ့ကာ ကွန်မြူနစ်အာဏာကို “ဝ”လူမျိုးစုများက ပြတ်သားစွာဖြိုခွင်း လိုက်ချိန်တွင်လည်း “ဝ” နှင့် အဆက်အသွယ်ရှိခဲ့သည်။ အင်အားလျော့နည်းလာသော SSPP တပ်များသည် သံလွင်မြစ်အနောက်ဘက်ကမ်းတွင် ၎င်းတို့အခြေစိုက်ထားသောစခန်းများကို ဆက်ပြီးထိန်းသိမ်းရန်နှင့် ပြိုင်ဘက် RCSS ကိုတိုက်ထုတ်ရန် “ဝ”ထံမှ အကူအညီတောင်းနေရသည်။

“ဝ” နှင့် ဘာသာစကား၊ ယဉ်ကျေးမှုအရတူညီသော တောင်ပေါ်လူမျိုးများဖြစ်သည့် တအာင်းများသည်လည်း မကြာသေးမီကမှ မဟာမိတ်အဖွဲ့တွင်းသို့ ဝင်ရောက်လာခဲ့သည့်အဖွဲ့ ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော TNLA သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏အားပေးကူညီမှုဖြင့် ရှမ်းပြည်အနောက်မြောက်ပိုင်း လက်ဖက်စိုက်ပျိုးသော တောင်ကုန်းများပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ဖွဲ့အဖြစ် ပေါ်ပေါက်လာခဲ့သည်။ TNLA သည် မြန်မာစစ်တပ်တိုက်ခိုက်မှုကို အကြီးအကျယ်ခံခဲ့ရသော အဖွဲ့အစည်းဖြစ်သည်။ သို့သော် “ဝ” ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် လေ့ကျင့်ရေးအကူအညီများ တိုးလာသည်နှင့်အမျှ တအာင်းအင်အားမှာလည်း အနည်းဆုံး ၈၀၀၀ အထိရှိလာပြီး ရှမ်းပြည်မြောက်ပိုင်း နေရာအနှံ့အပြားတွင် ဖြန့်ကျက် လှုပ်ရှားလျက်ရှိသည်။

လိမ္မော်ရောင်ခြယ်ထားသော နေရာနှစ်ခုမှာ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ ‘ဝ’ တို့ ထိန်းချုပ်ထားသော ဒေသများဖြစ်သည်။ (ဓာတ်ပုံ - Twitter)

■ ရည်မှန်းချက်ကြီးသော စစ်ဘုရင်

ရှမ်းပြည်နယ်တွင် ဒုတိယအင်အားအကြီးမားဆုံးဖြစ်သော RCSS ခေါင်းဆောင်ယွက်စစ်မှာ ရှမ်းအမျိုးသားရေးဝါဒကို တွန်းအားပေးပြီး ယင်းဝါဒကို အသုံးချမည့်ရည်မှန်းချက်ရှိသော ခေါင်းဆောင်ဖြစ်သည်။

စစ်ဘုရင်တစ်ပိုင်း စီးပွားရေးသမားတစ်ပိုင်းဖြစ်သော ယွက်စစ်သည် ၁၉၉၀ ပြည်လွန်နှစ်များနှောင်းပိုင်းက ဖြစ်ပွားခဲ့သော ဖရိုဖရဲအခြေအနေများတစ်ဆင့် ရှမ်းပြည်တောင်ပိုင်းတွင် ဩဇာကြီးမားလာခဲ့သည်။ ထိုအချိန်က “ဝ”များ သည် ရှမ်းပြည်မြောက်ပိုင်းမှ တောင်ပိုင်းသို့ဆင်းလာကာ ဘိန်းဘုရင်ခွန်ဆာတပ်များ ပြိုကွဲနေချိန်လည်းဖြစ်သည်။

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် နယ်စပ်တောင်ထိပ်ဌာနချုပ်မှ ယွက်စစ်သည် RCSS အား ရှမ်းပြည်နယ်တွင် အကြီးမားဆုံးတိုင်းရင်းသားလူမှုအသိုက်အဝန်းများကြား ပြန်လည်သန်မာလာစေရန် အမျိုးသားရေးဝါဒ စံပြုသူ အဖြစ် ထူထောင်ရန်ကြိုးပမ်းခဲ့သည်။

ပို၍သက်တမ်းရင့်သော SSPP တွင် တပ်မှထွက်ပြေးခြင်း၊ ဘက်ပြောင်းပြီး လက်နက်ချခြင်းများကြောင့် အင်အား နည်းလာချိန်တွင် မြောက်ဘက်သို့ ဦးတည်ရန်ဖြစ်လာခဲ့သည်။ ထိုဒေသတွင် သူ့ကိုလက်ခံနိုင်သော ရှမ်းလူဦးရေ၊ လက်နက်ကိုင်ပုန်ကန်မှုဖြင့် ကြီးထွားလာနေသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် တရုတ်စီမံကိန်းများ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့၏ ဆွဲဆောင်မှုများရှိနေသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် ဘေဂျင်း၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်းအတွက် အရေးပါသော အစိတ်အပိုင်းလည်းဖြစ်သည်။

ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၅၀ ခန့်အကွာရှိ တရုတ်နယ်စပ်မြို့များသို့ စစ်အင်အားဖြန့်ကျက်မည့် ယွက်စစ်၏ အာဏာကစားကွက်က အမြဲ လက်တံရှည်လျားသည်။

၎င်း၏တပ်ဖွဲ့များအနေဖြင့် မည်သူမျှမရှိသော ဒေသသို့ရွှေ့ပြောင်းခြင်းလည်း မဟုတ်ပါ။ ပြည်နယ်မြောက်ပိုင်းသည် ကချင်၊ ရှမ်း၊ ကိုးကန့်-တရုတ် စသည့်တိုင်းရင်းသားများ အမြစ်တွယ်နေပြီးဖြစ်သော မင်းမဲ့ဒေသလည်း ဖြစ်နေသည်။ ၎င်းတွင်ဒေသခံပြည်သူ့စစ်များ ဖွဲ့စည်းပြီး ဩဇာထိန်းချုပ်ဖို့ကြိုးစားနေသော မြန်မာစစ်တပ်မပါသေးပေ။

မည်သို့ပင်ဆိုစေကာမူ ၂၀၁၅ ခုနှစ်အောက်တိုဘာလတွင် နေပြည်တော်နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးပြီးနောက် ရှမ်းစစ်ဘုရင်က RCSS ၏မြောက်ပိုင်းနယ်ချဲ့မှုသည် အနည်းဆုံးအားဖြင့် မြန်မာစစ်တပ်မှ တပ်မှူးများ၏အကူအညီ ရလိမ့်မည်ဟုယုံကြည်နေသည်က သိသာထင်ရှားသည်။ မြန်မာစစ်တပ်ရှိ တပ်မှူးများအမြင်တွင် အင်အားကြီးမားလာသော TNLA ကို ၎င်းတို့တပ်များ မသုံးဘဲ RCSS စစ်သားများသုံးကာ တိုက်ခိုက်စေခြင်းက ဈေးသက်သာသော ရွေးချယ်မှုတစ်ခုဖြစ်သည်။

ထိုတွက်ချက်မှုက အသံထွက်ပီပြင်လာခဲ့သည်။ သို့သော် ဒေသန္တရ အငြင်းပွားမှုများကို သာမန်ရှမ်းပြည်သူများ ထောက်ခံမှုနှင့် ပစ်ခတ်သာလွန်အင်အားများဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ဗိုလ်ချုပ်ရာထူးခန့်ထားသော ယွက်စစ် တွက်ဆမိခြင်းက အမှားသာဖြစ်ကြောင်း သက်သေပြခဲ့သည်။ သူ၏နိုင်ငံရေးရည်မှန်းချက်များက သူ၏ သေနင်္ဂဗျူဟာအမြင်များထက် များစွာ ကျော်လွန်နေသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် RCSS တပ်များ မြောက်ပိုင်းသို့ ထရပ်ကားကြီးများဖြင့် ဝင်ရောက်လာသောကြောင့် TNLA နှင့် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း ထောင်နှင့်ချီသော RCSS တပ်သားများ အနောက်မြောက်တစ်ခွင် ဖြန့်ကျက်လာခဲ့ရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သောကြောင့် ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်စေကာ RCSS တွင် လူအင်အားနှင့် လက်နက်လိုအပ်ချက် ပိုပြီးကြီးမားလာခဲ့သည်။

သမားရိုးကျ အကဲဖြတ်ချက်များအရ RCSS တွင် တိုက်ပွဲဝင်အင်အား ၁၀၀၀၀ ခန့်ရှိမည်ဟု အသိအမှတ်ပြုထားကြသည်။ ယွက်စစ်အနေဖြင့် ၎င်း၏စစ်ရေးပုံရိပ်ကို ကြီးမားစေရန် လွယ်တိုင်းလျံဌာနချုပ်တွင် ယူနီဖောင်းသစ်များ ဝတ်ဆင်ထားကြသည့် တပ်များဖြင့် ရှမ်းအမျိုးသားနေ့ စစ်ရေးပြအခမ်းအနား ကြီးကျယ်ခမ်းနားစေရန် အနောက်နိုင်ငံ သံတမန်များနှင့် ပြည်နယ်တစ်ဝန်းမှဧည့်သည်တော်များ ဖိတ်ကြားခဲ့သည်။

ထိုအခမ်းအနား ချီတက်ပွဲများတွင် ပြဿနာတစ်ခုကို ဖုံးကွယ်ထားသည်။ ယွက်စစ်သည် အခြေခံလေ့ကျင့်ရေးသင်တန်းများ မှတစ်ဆင့် လူငယ်သစ်စုဆောင်းမှုကို ပြင်းပြင်းထန်ထန် တွန်းအားပေးလျက်ရှိနေသော်လည်း ဘန်ကောက်နှင့် နေပြည်တော်ရှိ ဗိုလ်ချုပ်များအကြား ဆက်ဆံရေး အလွန်အဆင်ပြေနေချိန်တွင် ထိုစစ်သားများကို လက်နက်တပ်ဆင်ပေးဖို့ အခက်အခဲဖြစ်လာသည်။

အတွင်းလူတစ်ဦး၏ ခန့်မှန်းချက်အရ လေ့ကျင့်သင်ကြားထားသည့် လက်နက်ကိုင် RCSS တပ်ဖွဲ့ဝင်အရေအတွက်မှာ ၅၀၀၀ ထက်မကျော်နိုင်ပေ။ မြန်မာနိုင်ငံရှိ အကြီးဆုံးပြည်နယ်တစ်ပြည်နယ်မှ ရည်မှန်းချက်ကြီးမားသော စစ်ဘုရင်တစ်ယောက်အတွက် ယင်းအရေအတွက်က မလောက်ငသော အရေအတွက်သာ ဖြစ်နေသည်။

ထိုအန္တရာယ်ကဲ့သို့ပင် နောက်ထပ်အရေးကြီးသော ကိစ္စမှာ ရှမ်းပြည်မြောက်ပိုင်းတွင် RCSS ရုတ်တရက် အင်အားကြီးမားလာခြင်းက တရုတ်နိုင်ငံအတွက် သတိပေးခေါင်းလောင်း တီးလိုက်သလိုပင်။ တရုတ်လုံခြုံရေး လေ့လာသုံးသပ်သူများက ထိုရှမ်းအဖွဲ့အား ထိုင်းစစ်တပ်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရှုမြင်နေကြသည်။ ထိုင်းစစ်တပ်သည် အမေရိကန်ပြည်ထောင်စုနှင့်လည်း ဆက်ဆံရေးရှိနေသောကြောင့်  စစ်အေးတိုက်ပွဲကာလအတွင်းက အမေရိကန် ပြည်ထောင်စုသည် တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန် KMT များအား ထောက်ပံ့ခဲ့ခြင်းက ဘေဂျင်းမှတ်ဉာဏ်တွင် အသစ်ပြန်ပြီး ပေါ်ပေါက်လာသည်။

ကူမင်တန်ကို RCSS တို့က ပြန်လည်အသက်သွင်းမည့်ကိစ္စမှာ မဖြစ်နိုင်သလို RCSS သည် အမေရိကန်အကျိုးစီးပွားအတွက် သူလျှိုလုပ်ခဲ့ဖူးသော အထောက်အထားလည်း မရှိပါ။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ထိုင်းစစ်တပ်နှင့် အဆက်အသွယ်များ နီးကပ်ခဲ့သော်လည်း အသစ်ရောက်ရှိလာသော “ဝ”စစ်သားများက ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်အနီးတွင် မက်သာဖက်တမင်း ဓာတ်ခွဲခန်းများ စတင်ဖွင့်လှစ်လာသောအခါ ဘန်ကောက်တွင် စိုးရိမ်ထိတ်လန့်မှုနှင့် ဒေါသများပေါ်ထွက်လာခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် အဆိုပါဆက်ဆံရေးက မသက်ဆိုင်ခဲ့ဖူးသည့်အဆင့် အထိ နိမ့်ဆင်းသွားခဲ့သည်။ ရှမ်းပြည်နယ်အတွက် တိုက်ပွဲတွင် ယွက်စစ်အနေဖြင့် “ဝ”ကဲ့သို့မဟုတ်ဘဲ ၎င်း၏နောက်မှ ထောက်ခံအားပေးနေသည့် ထိုင်းနိုင်ငံမှ အစ်ကိုကြီးများမရှိဘဲ စစ်တိုက်မည်မဟုတ်ပေ။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။

ကြည်ဖြူစံ

Asia Times တွင်ဖော်ပြထားသော ဆောင်းပါးရှင် အန်တိုနီဒေးဗစ် ရေးသားသည့် “Wa an early winner of Myanmar’s post-coup war” ကို ဆီလျော်အောင်ရေးသားပါသည်။