ဆင်းရဲမွဲတေမှုနှင့် ကိုဗစ်-၁၉ တို့ကို တိုက်ဖျက်ရန် အာဆီယံ၏ အခွန်ဆိုင်ရာမူဝါဒများကို ပြောင်းလဲရမည်

ကိုဗစ်-၁၉ မဖြစ်ပွားမီ ၂၀၁၈ ခုနှစ်မှာပင် အာဆီယံဒေသတွင်းရှိ လူသန်းပေါင်း ၆၅၃.၉ သန်း မှ ၇၃.၅၇ သန်း (၁၁ ရာခိုင်နှုန်း) သည် ဆင်းရဲမွဲတေမှု တွင်းနက်ထဲတွင် ကျရောက်နေခဲ့ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး အပြည့်အဝ နာလန်ထူရန်မှာမူ အလွန်အမင်း အလှမ်းကွာဆဲအခြေအနေတွင် ...

29 Jun 2020

Lan Mercado ၊ ဒေသဆိုင်ရာညွှန်ကြားရေးမှူး၊ အာရှဒေသဆိုင်ရာ Oxfam အဖွဲ့

ကိုဗစ်-၁၉ မဖြစ်ပွားမီ ၂၀၁၈ ခုနှစ်မှာပင် အာဆီယံဒေသတွင်းရှိ လူသန်းပေါင်း ၆၅၃.၉ သန်း မှ ၇၃.၅၇ သန်း (၁၁ ရာခိုင်နှုန်း) သည် ဆင်းရဲမွဲတေမှု တွင်းနက်ထဲတွင် ကျရောက်နေခဲ့ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး အပြည့်အဝ နာလန်ထူရန်မှာမူ အလွန်အမင်း အလှမ်းကွာဆဲအခြေအနေတွင် နောက်ထပ်သန်းပေါင်းများစွာသော လူများသည်လည်း ဆင်းရဲမွဲတေမှုတွင်းနက်ထဲသို့ ကျလုကျခင်အခြေအနေသို့ ရောက်ရှိနေပါသည်။

ကမ္ဘာ့ကပ်ရောဂါကြီးသည် အရင်းအမြစ်နည်းပါးချို့တဲ့မှုကို ဆိုးရွားစွာရင်ဆိုင်နေရသည့် ပြည်သူ့ကျန်းမာရေးနှင့် လူမှုကာကွယ်ရေးစနစ်များကို မြင်သာစွာ လှစ်ဟပြခဲ့ပြီး မြောက်များစွာသောလူများသည် အသက်ရှင်သန်နိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သည့်နည်းတူ ၎င်းတို့၏ အလုပ်အကိုင်နှင့် ဝင်ငွေစီးကြောင်းများ ရပ်တန့်သွားသောကြောင့် နေ့စဉ်နှင့်အမျှ အသက်ဆက်ရှင်သန်နိုင်ရန်အတွက်လည်း လူမှုကာကွယ်ရေးကို လိုအပ်လျက်ရှိသည်။ နေ့စားလုပ်သားများ၊ အသေးစားတောင်သူလယ်သမားများ၊ အာမခံချက်မရှိသော အလုပ်အကိုင်များကို လုပ်ကိုင်နေရသည့် အမျိုးသမီးလုပ်သားများနှင့် အခြားသူများစွာသည် ရှင်သန်နေထိုင်ရန်အတွက် ကြိုးပမ်းရုန်းကန်ရာ၌ အခက်ခဲဆုံးသောအချိန်ကို ကြုံတွေ့နေကြရပါသည်။

ဒေသတွင်းနိုင်ငံများသည် နိုင်ငံသားအားလုံးအတွက် ပေးအပ်ထားသည့် ကျန်းမာရေးစောင့်ရှောက်မှု နှင့် လူမှုကာကွယ်ရေးတို့ ကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုများကို မြှင့်တင်ထိန်းသိမ်းရန်အတွက် အရင်းအမြစ်များကို ယခင်အချိန်များထက် ပို၍ လိုအပ်လျက်ရှိသည်။ သို့သော်ငြား ဒေသတွင်းနိုင်ငံများသည် ဤကပ်ရောဂါမတိုင်မီကပင် သန်းပေါင်းများစွာသော လူများ၏ ကာယနှင့်စိတ္တသုခတို့ကို တိုးမြင့်နိုင်စေကြောင်း လက်တွေ့မျက်မြင်အထောက်အထားရှိသည့် မရှိမဖြစ်အရေးပါသော ပြည်သူ့ဝန်ဆောင်မှုများအတွက် လုံလောက်သည့် ဘဏ္ဍာဝင်ငွေရရှိရန် ရုန်းကန်ရှာဖွေနေခဲ့ကြရပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ခုနစ်နိုင်ငံသည် ဘတ်ဂျက်လိုငွေ ပေါ်ပေါက်မှုကို အချိန်ကြာမြင့်စွာ ကြုံနေရခြင်းသည် အာဆီယံဒေသ၏ ဘဏ္ဍာရေးပြဿနာများကို မီးမောင်းထိုးပြနေသည်။ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း အကြွေးနွံနစ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာမူ ၂၀၀၀ ခုနှစ် နှင့် ၂၀၂၀ ခုနှစ်အကြားတွင် ဘတ်ဂျက်လိုငွေမပြသည့်နှစ်မှာ အများဆုံး (၄) နှစ်သာလျှင် ရှိခဲ့ကြသည်။

၂၀၁၈ ခုနှစ်တွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံအနက် ခြောက်နိုင်ငံသည် ဘတ်ဂျက်လိုငွေများရှိခဲ့ပြီး အချို့နိုင်ငံများမှာလည်း များပြားလှစွာသော အများပြည်သူဆိုင်ရာကြွေးမြီများဖြင့် ဝန်ပိခဲ့ရသည်။ ပျမ်းမျှအားဖြင့် အာဆီယံဒေသသည် စုစုပေါင်းဒေသတွင်းထုတ်ကုန် (ဂျီဒီပီ) ၏ ၁.၅% ပမာဏရှိသည့် ဘတ်ဂျက်လိုငွေပြခဲ့ပြီး များစွာသောနိုင်ငံများတွင် ဘတ်ဂျက်လိုငွေများသည် မထိန်းနိုင်မသိမ်းနိုင် မြင့်တက်လာခဲ့သည်။ အာဆီယံနိုင်ငံအားလုံးသည် ၂၀၂၀ ခုနှစ်တွင် ဂျီဒီပီ၏ ပျမ်းမျှ ၄.၂% ပမာဏရှိသော ဘတ်ဂျက်လိုငွေပြမှုများကို ကြုံတွေ့ရနိုင်ခြေရှိသည်။

ဤကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားရန် အသုံးချထားသည့် ထပ်ဆောင်းအရင်းအမြစ်များကြောင့် ဘတ်ဂျက်လိုငွေများနှင့် ၎င်း၏အကျိုးဆက်ဖြစ်သော အများပြည်သူဆိုင်ရာကြွေးမြီသည်လည်း ထပ်မံ တိုးမြင့်လာမည် ဖြစ်သည်။ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးအတွက် အသုံးပြုမည်ဟု မျှော်မှန်းထားသော ငွေပမာဏသည် အလွန်များပြားသည်။ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နိုင်ငံ၏ ဘဏ္ဍာရေးလည်ပတ်မှုကို လှုံ့ဆော်ရန်အတွက် ဂျီဒီပီ၏ ၁၃% နှင့် ၉% ကို အသီးသီး အသုံးပြုကြမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဂျီဒီပီ၏ ၃% ခန့်ကို ထည့်သွင်းအသုံးပြုမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စီးပွားရေးကူးလူးလှုပ်ရှားမှုများအပေါ် ထိခိုက်မှုများကြောင့် အခွန်ကောက်ခံခြင်းမှရရှိသော ဝင်ငွေများ သိသိသာသာ ကျဆင်းသွားခြင်းသည်လည်း တိုင်းပြည်ဘဏ္ဍာကို ပို၍ပင် လျော့ပါးစေမည်ဖြစ်သည်။

အာဆီယံနိုင်ငံများသည် လွန်ခဲ့သော ဆယ်စုနှစ် (၂) ခုအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်တံ့အောင်ထိန်းသိမ်း၍ အကြီးစား နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သော်လည်း အစိုးရဝင်ငွေကို ပြည်တွင်းတွင် ပြန်လည်အသုံးချရာ၌မူ ဆန္ဒရှိသော ရည်မှန်းပမာဏအထိ မြင့်တက်လာစေရန် မစွမ်းဆောင်နိုင်သေးပေ။ ဥပမာအားဖြင့် ကုန်ကျစရိတ်-အကျိုးအမြတ် ဆန်းစစ်ချက်ကို မလုပ်ဆောင်ဘဲ အလွန်အကြူးရက်ရောစွာ ပေးအပ်ထားသော ကော်ပိုရိတ်အခွန်ဆိုင်ရာ မက်လုံးများသည် ပြည်တွင်းဝင်ငွေအခြေကို တိုက်စားလျော့ပါးစေခဲ့သည်။ ထိုကဲ့သို့သော အကျိုးရလဒ်ကောင်းမရှိဘဲ ထိခိုက်နစ်နာစေသည့် အခွန်ဆိုင်ရာ မက်လုံးများကြောင့် လူသန်းပေါင်းများစွာ၏ ဘဝများကို မြှင့်တင်ပေးနိုင်သည့် မရှိမဖြစ်အရေးပါသော ဝင်ငွေများသည် အလဟဿဖြစ်ခဲ့ရသည်။

အဆိုပါ အခွန်အကောက်အလေ့အထများသည် ကော်ပိုရေးရှင်းကြီးများနှင့် လူချမ်းသာများကို ကြီးပွားဖြစ်ထွန်းစေရန် ကူညီထောက်မပေးခဲ့သော်လည်း လူအများမှာမူ ထိခိုက်နစ်နာခဲ့ရသည်။ ရလဒ်အနေဖြင့် ဒေသတွင်းနိုင်ငံများအတွင်းနှင့် နိုင်ငံချင်းအကြားတွင် တည်ရှိနေသော အလွန်အမင်း မညီမျှမှုများကွာဟနေမှုများကို တွေ့မြင်နိုင်သည်။ အာဆီယံသည် တန်းတူညီမျှမှုနှင့် မိတ်ဖက်ပူးပေါင်းမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်၍ လူမှုရေးအရ၊ ယဉ်ကျေးမှုအရနှင့် စီးပွားရေးအရ တိုးတက်မြင့်မားလာစေရန် ကတိကဝတ်များပြုထားကြသော်လည်း ဒေသတွင်းနိုင်ငံများမှာမူ နှစ်ဦးနှစ်ဖက်ထိခိုက်စေသော ယှဉ်ပြိုင်မှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိကြသည်။

အာဆီယံအနေဖြင့် နိုင်ငံအသိုက်အဝန်းအလိုက် သုခချမ်းသာရရှိရေးကို မြှင့်တင်ရန်အတွက် နိုင်ငံရေးအရ ပူးပေါင်းကာ ပျက်စီးပြိုလဲမှုသို့ ဦးတည်နေသည့် ဤယှဉ်ပြိုင်မှုများကို အတူတကွ ရပ်တန့်ရန် လိုအပ်သည်။ ရေရှည်တည်တံ့သော တိုးတက်မှုကို ဖြစ်ထွန်းစေပြီး ရာသီဥတုကပ်ဘေးအန္တရာယ်၊ ပိုမိုကြီးမားလာနေသည့် မညီမျှမှုများ နှင့် ကိုဗစ်-၁၉ ကပ်ဘေးမှ ပြန်လည်နလန်ထူနိုင်မှုတို့ကဲ့သော အပြန်အလှန်ဆက်စပ်နေသည့် စိန်ခေါ်မှုအခက်အခဲများကို အနိုင်ယူကျော်လွှားနိုင်ရန်အတွက် ထိုကဲ့သို့ပူးပေါင်းကြရန် မဖြစ်မနေ လိုအပ်သည်။ ကျွန်ုပ်တို့၏ "အာဆီယံဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲသော အခွန်အကောက်မူဝါဒများဆီသို့" အစီရင်ခံစာတွင် Oxfam နှင့် မိတ်ဖက်များသည် ဒေသတွင်းနိုင်ငံများအတွက် ဝင်ငွေတိုးပွားလာစေရန် အထောက်အပံ့ပြုနိုင်သည့် အကြံပြုချက်သုံးချက်ကို တင်ပြထားသည်။

ပထမဦးစွာ အာဆီယံသည် သာတူညီမျှမှုရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည့် မက်လုံးများနှင့် ၎င်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်သော မက်လုံးများကို ရှင်းလင်းစွာ ခွဲခြားဖော်ပြထားသည့် ပေးအပ်ရန်သင့်လျော်မှုရှိသော အခွန်ဆိုင်ရာမက်လုံးများစာရင်း နှင့် ပေးအပ်ရန် သင့်လျော်မှုမရှိသော/ မပေးသင့်သော အများပြည်သူထိခိုက်နစ်နာစေသည့် အခွန်ဆိုင်ရာမက်လုံးများစာရင်းကို ပြုစုရန် လိုအပ်သည်။

ထိခိုက်နစ်နာစေသော အခွန်ဆိုင်ရာ မက်လုံးများကို ပေးအပ်ရန်သင့်လျော်မှုမရှိသော ထိခိုက်နစ်နာစေသည့် စာရင်းသွင်းရမည်ဖြစ်ပြီး ၎င်းတို့ကို အပြီးအစီး ရပ်တန့်ရုပ်သိမ်းရန်အတွက် နောက်ဆုံးသတ်မှတ်ချိန် ပြဋ္ဌာန်းပါရှိသော စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရမည်။ ထိခိုက်နစ်နာစေသောအခွန်များ စာရင်းတွင် အခွန်ကင်းလွတ်ခွင့်ပြုသော/အခွန်နှုန်းထား လျှော့ချပေးထားသော သတ်မှတ်ရက်များ၊ အခွန်ပမာဏအမြောက်အများ ကင်းလွတ်ခွင့်ပြုခြင်း၊ ယခုနှစ်တွင် လုပ်ငန်းအရှုံးပေါ်ပါက အဆိုပါဆုံးရှုံးနစ်နာမှုကို ယခင်နှစ်အခွန်ရှင်းတမ်းတွင် ထည့်သွင်းဖော်ပြခွင့်ပြုခြင်း နှင့် အခွန်နှုန်းထားလျှော့ချပေးခြင်းတို့ကဲ့သို့သော အမြတ်ခွန်နှုန်းထားနိမ့်သည့် အကျိုးအမြတ်အခြေပြု မက်လုံးများပါဝင်နိုင်သည်။

တစ်ချိန်တည်းမှာပင် အာဆီယံသည် ပေးအပ်ရန်သင့်လျော်မှုရှိသော အခွန်ဆိုင်ရာ မက်လုံးများစာရင်းကို တစ်ညီတစ်ညွတ်တည်း သတ်မှတ်သဘောတူသင့်သည်။ ပေးအပ်ရန်သင့်လျော်မှုသော မက်လုံးများစာရင်းတွင် လူမှုအသိုက်အဝန်းကို ပံ့ပိုးကူညီရန် အလေးထားသည့် ရင်းနှီးမြှုပ်နှံမှုအခြေပြု အခွန်ဆိုင်ရာ မက်လုံးများ ပါဝင်သင့်သည်။ မက်လုံးများကို ထိရောက်မှု ရှိမရှိ စောင့်ကြည့်လေ့လာသင့်ပြီး အလွန်အမင်းအခွန်ဖြတ်တောက်ခြင်း နှင့်အလွန်အမင်းအခွန်လျှော့ပေါ့ပေးခြင်းတို့ကဲ့သို့သော အလွဲသုံးစားပြုမှုများ မဖြစ်ပွားစေရန်လည်း ကြိုတင်ကာကွယ်ထားသင့်သည်။

အခွန်ဆိုင်ရာမူဝါဒ ရေးဆွဲမှုများကို စောင့်ကြည့်လေ့လာရန်နှင့် စာရင်းများကို ထိန်းသိမ်းရန်တို့အတွက် အာဆီယံအဆင့်တွင် ယန္တရားတစ်ခုထားရှိရန် လိုအပ်သည်။ အဆိုပါယန္တရားတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသင့်ပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများမှ နိုင်ငံရေးကိုယ်စားလှယ်များနှင့် ပညာရပ်ကျွမ်းကျင်သော အတတ်ပညာရှင်များပါ ပါဝင်သင့်သည်။

ဒုတိယအနေဖြင့် ပျက်စီးပြိုလဲမှုသို့ ဦးတည်နေသည့် ယှဉ်ပြိုင်မှုကို ရပ်တန့်ရန်အတွက် အာဆီယံသည် ဘုံသဘောတူညီထားသော အနိမ့်ဆုံးအခွန်စံသတ်မှတ်ချက်တစ်ရပ်ကို သတ်မှတ်ထားရှိရန် လိုအပ်သည်။ တစ်ကမ္ဘာလုံးက သဘောတူညီထားသည့် အနိမ့်ဆုံး အခွန်နှုန်းတစ်ရပ်ကို သတ်မှတ်ထားရှိရန် ရည်ရွယ်ဦးတည်သည့် အပြည်ပြည်ဆိုင်ရာ မူဝါဒရေးဆွဲမှုများ ဆက်လက်တိုးတက်လာသည်နှင့်အညီ အာဆီယံဒေသသည်လည်း ချဉ်းကပ်နည်းတစ်ရပ်အပေါ် သတ်သတ်မှတ်မှတ် သဘောတူညီချက်ထားရှိသင့်သည်။

အာဆီယံနိုင်ငံများအနေဖြင့် ပေးအပ်ထားသော ကော်ပိုရိတ်အခွန်ဆိုင်ရာ မက်လုံးများသည် ထိရောက်မှုရှိရန် အနိမ့်ဆုံးလိုအပ်သော ကော်ပိုရိတ်ဝင်ငွေခွန်နှုန်းအောက်သို့ ရောက်မသွားသင့်ကြောင်း သဘောတူရမည်။ သဘောတူမည့် နှုန်းထားသည် ၁၂.၅% မှ ၂၀% အတွင်း ဖြစ်နိုင်သည်။ ယင်းသည် နိုင်ငံများ၏ ပြည်တွင်းအခွန်ကောက်ခံခြင်းမှရရှိသော ဝင်ငွေများကို ကာကွယ်ပေးပြီး ‘ဘယ်သူသေသေ ငတေမာလျှင်ပြီးရော’ ဟူသည့် မူဝါဒသို့ တိမ်းညွတ်မှုကို ရပ်တန့်စေမည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် အခွန်ဆိုင်ရာမက်လုံးပေးခြင်းများအား ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ရန်အတွက် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူညီသော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားရန် လိုအပ်သည်။ အခွန်အား ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းဆိုင်ရာ စည်းမျဉ်းစာအုပ် ထားရှိရန် လိုအပ်ပြီး အခွန်ဆိုင်ရာမက်လုံး အားလုံးအတွက် ကော်ပိုရိတ်အခွန်ဥပဒေတွင် ရှင်းလင်းသော စံသတ်မှတ်ချက်များဖြင့် ဖော်ပြထားသည့် ဥပဒေကြောင်းအခြေခံတစ်ရပ် ရှိသင့်သည်။ ကုမ္ပဏီများအား သဘောဆန္ဒသက်သက်ဖြင့် အခွန်ကင်းလွတ်ခွင့်ပေးခြင်း မပြုရပါ။

အခွန်ဆိုင်ရာ မက်လုံးများတွင် ဥပဒေအရ ပြဋ္ဌာန်းထားသည့် ရှင်းလင်းသော အချိန်ဘောင်တစ်ခုနှင့် ခံစားခွင့်အဆုံးသတ်မည့်ရက်စွဲ ပါဝင်သင့်သည်။ အလားအလာရှိသော အခွန်ဆိုင်ရာ မက်လုံးပေးမှုများအတွက် ကုန်ကျစရိတ်-အကျိုးအမြတ် ဆန်းစစ်ချက်တစ်ရပ်ကို မက်လုံးပေးအပ်ရန် သဘောတူခွင့်ပြုခြင်းမပြုမီ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ထားရှိသင့်သည်။

အာဆီယံဒေသတွင်း နိုင်ငံများအားလုံးသည် နှစ်စဉ်အခွန်အသုံးစရိတ်အစီရင်ခံစာကို နှစ်စဉ်ဘတ်ဂျက်မှတ်တမ်းများနှင့်အတူ ပွင့်လင်းမြင်သာစွာ ထုတ်ဝေသင့်သည်။ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုအတွက် အခွန်ဆိုင်ရာ မက်လုံးများကို ချပေးပြီးသည်နှင့်တစ်ပြိုင်နက် အခွန်အာဏာပိုင်များသည် ၎င်း၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်လေ့လာပြီး သက်ဆိုင်ရာ ကုန်ကျစရိတ်-အကျိုးအမြတ် စိစစ်ချက်များကို လုပ်ဆောင်ရမည်။

အာဆီယံအနေဖြင့် စည်းလုံး၍ တုံ့ပြန်မှုရှိသော နိုင်ငံအသိုက်အဝန်းအဖြစ် ပူးပေါင်းဆောင်ရွက်ပါက ဤအကြံပြုချက်များသည် ကမ္ဘာ့ကပ်ရောဂါနှင့် ဆင်းရဲမွဲတေမှုကို အနိုင်ယူကျော်လွှားရန် ခက်ခဲစွာ ရုန်းကန်နေရသည့် သန်းပေါင်းများစွာသောလူတို့၏ ဘဝများအတွက် အပြောင်းအလဲတစ်ရပ်ကို ဆောင်ကြဉ်းပေးရန်အလို့ငှာ ပြည်သူ့ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည့် ဝင်ငွေကို ရရှိစေရန်အတွက် ထောက်ပံ့ကူညီပေးမည်ဖြစ်သည်။ အဆိုပါအခြေအနေကို ကျော်လွန်၍ အနာဂတ်ကိုမျှော်ကြည့်ပါက ၎င်းတို့သည် အာဆီယံဒေသတွင် စီးပွားရေးအရရော လူမှုရေးအရပါ ရေရှည်တည်တံ့၍ လူသားဆန်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် လမ်းစဖွင့်ပေးနိုင်ပါသည်။
_____________________________________________________________________________

အယ်ဒီတာ့မှတ်စု -

၂၆ ကြိမ်မြောက် အာဆီယံ နှစ်လယ်ထိပ်သီးအစည်းအဝေးမတိုင်မီ စတင်မိတ်ဆက်မည်ဖြစ်သော "အာဆီယံဒေသတွင်း ရေရှည်တည်တံ့နိုင်သော အခွန်ဆိုင်ရာမူဝါဒများဆီသို့ အစီရင်ခံစာ - ကော်ပိုရိတ်ဝင်ငွေခွန်ဆိုင်ရာမက်လုံးများ ပြဿနာ" ကို အောက်ပါလင့်ခ်တွင် ဒေါင်းလုဒ်ဆွဲနိုင်သည်။

https://asia.oxfam.org/latest/policy-paper/towards-sustainable-tax-policies-asean

Lan ၏ ကိုယ်ရေးအကျဉ်း - Lan Mercado သည် အာရှဆိုင်ရာ Oxfam အဖွဲ့၏ ဒေသတွင်းညွှန်ကြားရေးမှူးဖြစ်သည်။ လန်သည် တက်ကြွလှုပ်ရှားသူနှင့် ဖွံ့ဖြိုးရေးဝန်ထမ်းအဖြစ်နှစ်ပေါင်းသုံးဆယ်ကျော်ကြာ လူမှုအဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားမှုများနှင့် နိုင်ငံတကာ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိပါသည်။ ၁၉၉၉ ခုနှစ်မှစ၍ လန်သည် Oxfam နှင့် လက်တွဲကာ Oxfam ၏ ပံ့ပိုးမှုဖြင့် အမျိုးသမီး၊ အမျိုးသားများနှင့် တိုက်ရိုက် လုပ်ကိုင်သော စီမံကိန်းအရာရှိအဖြစ် စတင်ခဲ့ကာ တဖြည်းဖြည်း အကြီးတန်း ခေါင်းဆောင်ပိုင်းသို့ တက်လှမ်းလာခဲ့ပါသည်။ ယနေ့တွင် သူမသည် အာရှဒေသရှိ Oxfam အဖွဲ့အား ဦးဆောင်လျက်ရှိပါသည်။

ဗီဒီယိုများ