အလုပ်အကိုင်ရှားပါးမှုကြားက စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးပြဿနာ

ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုကြားမှာ အလူးအလဲဖြတ်သန်းနေကြရသော စစ်ဘေးရှောင်များအဖို့  တစ်နေ့တာ ဝမ်းရေးပြေလေရေးမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။ မလောက်ငှသည့် အခြေခံလစာနှုန်းထားမှာ စားဝတ်နေရေးမဖူလုံတော့သဖြင့် ဝိုင်းကူလုပ်ကိုင်စားသောက်နေကြရသည်။

By Admin 05 Jan 2025

အလုပ်အကိုင်ရှားပါးမှုကြားက စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးပြဿနာ

မျိုးသီရီကျော် - ရေးသည်။

နဂိုကတည်းက အလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမွဲတေမှုဒဏ်ကိုခံစားနေရသော ရခိုင်ပြည်မှာ စစ်ရေးကြား ပိုပြီး အတိဒုက္ခများ ရောက်နေကြရသည်။
 
အလုပ်အကိုင်ရှားပါးမှုနှင့်အတူ တစ်နေ့တစ်ခြားမြင့်တက်လာနေသော ကုန်ဈေးနှုန်းကြောင့် ပြည်သူများအတွက် ရတက်မအေးစရာ ဖြစ်နေကြရပေသည်။ တစ်နေ့တာစားဝတ်နေရေးဖူလုံရန်အတွက် ခြိုးခြံချွေတာသုံးစွဲ နေရသဖြင့် အခြားမရှိ မဖြစ်လိုအပ်သည့် ပစ္စည်းများကိုပင် ဝယ်ယူရန် ခက်ခဲနေကြရသည်။ 

ထိုအခြေအနေများကို သာမာန်ပြည်သူများထက် အခန်းကျဉ်းများထဲရောက်ရှိနေကြသော ပြည်သူများက ပိုပြီးခံစားနေကြရသည်။ 

စစ်ဘေးရှောင်များမှာ လူသားချင်းစာနာမှုအကူအညီတွေမရသည့်အပြင် အလုပ်အကိုင်လည်းမရှိသဖြင့် ဝမ်း ရေးအတွက် နည်းမျိုးစုံနှင့် ရုန်းကန်နေကြရသည်။ 

“နေ့တစ်ဝက်ရဲ့ လုပ်အားခ့ဟာ ၂၀၀၀ ဆိုတဲ့ ပိုက်ဆံက လုံးဝမကိုက်ဘူး။ အခုချိန်မှာ ကုန်ဈေးနှုန်းကလည်း အ များကြီး တက်တယ်။ မုန့်တီတစ်ခွက်စားရင်တောင် ၂၀၀၀/၃၀၀၀ ကုန်နေတဲ့အချိန်၊ ပန်းသီးတစ်လုံးကိုတောင် ၆၀၀၀ ရှိနေတာ။ ကျမတို့ အလုပ်တစ်ရက်လုပ်အားခဟာ ပန်းသီးတစ်လုံးနဲ့တောင် မညီမျှဘူး” ဟု မမြတ်သူဇာနွယ်က ဖွင့်ဟသည်။

မမြတ်သူဇာနွယ်မှာ မိသားစုငါးယောက်နှင့် အတူ စစ်တွေမြို့ကနေ စစ်ဘေးတိမ်းရှောင်နေသည်မှာ ယခုဆိုလျင် ၈ လနီးပါး ကြာခဲ့ပါပြီ။ မိသားစုဝမ်းရေးကို တစ်ဖက်တစ်လှမ်းကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊  ဩဂုတ်လမှ ကျောက်တော်မြို့ရှိ စက်သုံးဆီဆိုင်တစ်ခုမှာ လုပ်ခလစာတစ်သိန်းနှင့် လုပ်ကိုင်ခဲ့သည်။

သူ၏တစ်လ လုပ်အားခဝင်ငွေမှာ တစ်နေ့တာမိသားစု စားရေးသောက်ရေး အတွက်သာညီမျှသည့်အပြင် နံနက် ၆ နာရီကနေ ည ၅ နာရီအထိ ပိတ်ရက်မရှိ လုပ်ကိုင်သဖြင့် အလုပ်ထွက်ခဲ့သည်။ အခု မမြတ်သူဇာနွယ် တစ်ယောက် နောက်ထပ် အလုပ်ရှာမရသည့်အတွက် အလုပ်လက်မဲ့ဖြစ်နေရှာသည်။

ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုကြားမှာ အလူးအလဲဖြတ်သန်းနေကြရသော စစ်ဘေးရှောင်များအဖို့  တစ်နေ့တာ ဝမ်းရေးပြေလေရေးမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။ မလောက်ငှသည့် အခြေခံလစာနှုန်းထားမှာ စားဝတ်နေရေးမဖူလုံတော့သဖြင့် ဝိုင်းကူလုပ်ကိုင်စားသောက်နေကြရသည်။ 

ပေါက်တောမြို့က စစ်ဘေးတိမ်းရှောင်လာသော Grade 9 ကျောင်းသူ မမျိုးသူဇာမှာ အဖေဖြစ်သူ၏ လုပ်အားခနှင့်  မိသားစုစားဝတ်နေရေးမဖူလုံနိုင်သဖြင့် ကူလီထမ်းပြီး တစ်ဖက်တစ်လှမ်းက ကူညီပေးနေရသည်။ 

“ကျောင်းတက်ရမယ့်အရွယ်မှာ အလုပ်ကြမ်းတွေ လုပ်နေရတယ်။ အထုတ်ထမ်းပြီး တော့ နိုင်တဲ့အလုပ်ကို လုပ်ရ တာပေါနော်။ အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးပိုင်းတွေဆိုလည်း လုပ်ရတယ်။ အရင်က မလုပ်ဖူးတဲ့ အလုပ်တွေ အခု စစ်ဘေးရှောင်ဘဝမှာ ကုန်လုံးကို လုပ်နေရတယ်။ တခြားအလုပ်တွေမှ မရှိတာ” ဟု မမျိုးသူဇာက ပြောသည်။ 

မိသားစု စားဝတ်နေရေးအဆင်မပြေသည့်အပြင် တစ်ဖက်မှာလည်း အခြားရွေးချယ်စရာ အလုပ်မရှိတော့၍  တစ်ခါမှမလုပ်ကိုင်ဖူးသည့် အလုပ်ကြမ်းများကို လုပ်ကိုင်နေကြရသည်။  

စစ်ဘေးရှောင်အမျိုးသမီးများမှာ အလုပ်အကိုင်ရှားပါးမှုကြုံနေရသည့်အပြင် တစ်ဖက်မှာလည်း ခွဲခြားဆက်ဆံမှု တွေပါ ကြုံတွေ့နေကြရပြန်သည်။ 

“ဒီမှာအလုပ်ရှာဖူးတယ်။ ဈေးမှာ အလုပ်သွားရှာတာ။ အထည်ဆိုင်တွေမှာလည်း သွားပြီးတော့ အလုပ်လိုချင် လို့၊ လူလိုသေးလားဆိုပြီး အများကြီးရှာဖူးတယ်။ စစ်ဘေးရှောင်ဖြစ်တဲ့အတွက် မလိုဘူးဆိုပြီးတော့ ပြောတယ်။ အလုပ် ရှာရတာလည်း အရမ်းခက်ခဲပါတယ်။ စစ်တွေက ဆိုတာနဲ့ အများကြီး နှိမ့်ချပြီးတော့ ဆက်ဆံကြတယ်” ဟု မမြတ်စုနွယ်က ရင်ဖွင့်လာသည်။

ထိုထဲ အမျိုးသားများထက် အမျိုးသမီးများမှာ အလုပ်အကိုင်ရရှိရန် ပိုခက်ခဲ့သည်ဟု စစ်ဘေးရှောင် အမျိုး သမီးငယ်များက ပြောဆိုကြသည်။ 

ယခင်က စစ်ဘေးရှောင်စခန်းများမှာ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများမှ လက်မှုပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းများဖန်ဆီးပေးခဲ့သော်လည်း လက်ရှိတွင် ထိုအခွင့်အရေးများ မရှိသလောက် နည်းပါးနေသည်။

ထို့ကြောင့် ဝင်ငွေတစ်ခုရရှိရေး အထည်ဆိုင်၊ စားကုန်ဆိုင်အရောင်းဝန်ထမ်း၊ ကူလီထမ်း၊ ရေထမ်း၊ ပေါင်းရှင်းတာ နှင့် အဝတ်လျှော်စသည့် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်နေရသည်။

“ဒီကာလမှာ စစ်ဘေးရှောင်တွေကတော့ အလုပ်အကိုင်အခွင့်အလမ်းမရှိတာတွေရေ၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရော လုံခြုံမှုတွေရော မရှိဘူးလို့ခံစားရမှာ။အရင်တုန်းကဆိုရင် သူတို့ကိုယ့်အိမ်မှာကိုယ် လွတ်လပ််လပ်နေကြရတယ်။ အခုဆိုရင် သူတို့စစ်ရှောင်စခန်းမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေကြရတယ်။ ဒီကြားထဲ အကူအညီမရ၊ အလုပ်အကိုင်အခွင့်အလမ်းကလည်းမရှိဘူးဆိုတော့ ပိုပြီးစိတ်ဖိစီးမှုများမှာသေချာတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်းတီးပေးနိုင်ရင် ပိုပြီးတော့ကောင်းမွန်နိုင်တယ်လို့မြင်တယ်” ဟု ရခိုင်က အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော်က မြို့နယ်အများအပြားကိုထိန်းချုပ်ထားသော်လည်း လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ရန် ခက်အခဲနေသေးသလို တစ်ဖက်မှာလည်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။ 

စစ်ဘေးရှောင်များအတွက်ကတော့ အိမ်ပြန်ချိန်ခရီးကို စောင့်မျှော်ရင်း အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့် တက်မှုကြားမှာ ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရအုံးမှာလည်းဖြစ်သည်။