- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
၂၀၁၈ ရခိုင်သင်္ကြန်မှာ ဘာတွေထူးခြားခဲ့သလဲ
ယူနီဖောင်းအပြည့်အစုံဝတ်ထားပြီး လက်နက်ကိုယ်စီကိုင်ဆောင်ကာ အသင့်အနေအထားဖြင့် စီတန်းနေသော ရဲတပ်ဖွဲ့ဝင်များက လူအများပျော်ရွှင်စေရန် ဖန်တီးထားသည့် ဗဟိုသင်္ကြန်မဏ္ဍပ်ရှေ့တွင် နေရာယူထားသည်။ ရွှေဝါရောင်၊ အနီရောင်၊ ပန်းရောင်များနှင့် ကာလာတူညီဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးငယ်များက မဏ္ဍပ်စတိတ်စင်အပေါ်ထက်နှင့် အောက်တွင် နေရာယူထားသည်။
12 May 2018
၂၀၁၈ ခုနှစ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စစ်တွေမြို့၌ ကျင်းပစဉ် လုံခြုံရေးတိုးမြှင့်။
မောင်ကံ ရေးသားသည်
ယူနီဖောင်းအပြည့်အစုံဝတ်ထားပြီး လက်နက်ကိုယ်စီကိုင်ဆောင်ကာ အသင့်အနေအထားဖြင့် စီတန်းနေသော ရဲတပ်ဖွဲ့ဝင်များက လူအများပျော်ရွှင်စေရန် ဖန်တီးထားသည့် ဗဟိုသင်္ကြန်မဏ္ဍပ်ရှေ့တွင် နေရာယူထားသည်။ ရွှေဝါရောင်၊ အနီရောင်၊ ပန်းရောင်များနှင့် ကာလာတူညီဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးငယ်များက မဏ္ဍပ်စတိတ်စင်အပေါ်ထက်နှင့် အောက်တွင် နေရာယူထားသည်။
အမျိုးသမီးငယ်များ၏ ခေါင်းပေါ်တွင် ပန်ဆင်ထားသည့် ပိတောက်ပန်းများက လူအများ၏စိတ်ကို အေးချမ်းပျော်ရွှင်စေသော်လည်း လက်နက်ကိုယ်စီကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲွ့ဝင်များကို မြင်ရသည်မှာ ပျော်ရွှင်စေသော စိတ်ကို ညှိးငယ်စေသည်ဟု ဒေသခံအများစုက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့လည်းဖြစ် ပြည်နယ်၏မြို့တော်လည်းဖြစ်သည့် စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့တွင် ဆင်ယင်ထားသော သင်္ကြန်ဗဟိုမဏ္ဍပ်ရှေ့၌ သင်္ကြန်အစနေ့ ဧပြီ ၁၄ ရက်က မြင်ကွင်းဖြစ်သည်။
စည်းကမ်းရှိစွာ ဆင်နွဲ့လေ့ရှိကြသည့် စစ်တွေမြို့၏ ရိုးရာသင်္ကြန်ပွဲတော်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားပြသည့် အနေအထားဖြင့် တာဝန်ယူထားခြင်းက လူမျိုးတစ်မျိုး၏၊ ရိုးရာယဉ် ကျေးမှုပွဲ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု စစ်တွေမြို့ခံ ဦးစိုးနိုင်က ပြောသည်။
“ မြို့တော်ဗဟိုမဏ္ဍပ်ရှေ့တည့်တည့်မှာ လုံခြုံရေးတွေ လက်နက်အပြည့်နဲ့ နေရာယူထားတာ လုံးဝမဖြစ်သင့်၊ မဖြစ်ထိုက်ပါ။ လက်နက်ပုန်းတွေကို ရှာဖွေတာကို လက်ခံပါတယ်။ သိမ်းသင့်ပါတယ်။ ထောက်ခံပါတယ်။ သို့သော် အပျော်အပျက်နဲ့ ပျဉ်ပြားကို ဓားပုံစံလုပ်ပြီးတော့ လုပ်တာကို လက်နက်ကြီးတစ်ခု ဖမ်းမိတဲ့ပုံစံမျိုးပုံရိုက်ပြီး (ရဲတပ်ဖွဲ့က)တင်တာက မသင့်တော်ပါ။ အပျော်ကို အပျော်လိုရှု့မြင်ပြီးတော့ အန္တရာယ်ကို အန္တရာယ်လိုရှု့ မြင်ရပါမယ်။ “ ဟု ဦးစိုးနိုင်က ဆိုသည်။
ယခုကဲ့သို့ အပျော်အပျက်အတွက် ဆောင်ရွက်သည့် ဆောင်ရွက်ချက်များကို ရေးကြီးခွင်ကျယ် ဆောင်ရွက်ခြင်းသည် ပြီးခဲ့သည့်အဖြစ်အပျက်များကို ဖုံးကွယ်ချင်သည့်အတွက် စစ်တွေမြို့ကို မက်ခရာနယ်မြေအဖြစ် အသွင်ဖန်တီးခြင်းဟု ယူဆကြောင်း ဦးစိုးနိုင် က ဆက်ပြောသည်။
အကြမ်းဖက်မှုများနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်တွေမြို့နှင့် မောင်တောမြို့တွင် တပို့တွဲလ၌ ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို မကျင်းပနိုင်ဘဲ လက်လွှတ်ဆုံး ရှုံးခဲ့ရသည်။ အလားတူ သင်္ကြန်ပွဲတော်တွင်လည်း တစ်စုံတစ်ခုဖြစ်မည်ကို ဒေသခံများက အစိုးရိမ်ကြီး စိုးရိမ်နေ ခဲ့ခြင်းဖြစ်သည်။
သင်္ကြန်ရက်များအတွင်း ရဲတပ် ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်စဉ် စစ်တွေမြို့ပေါ်တွင် ရေကစားသူများထံမှ သစ်သားတုတ်၊ ဝါးတုတ်၊ သစ်သားဓား၊ ကော်သေနတ်၊ မျက်နှာဖုံးများကို ရှာဖွေသိမ်းဆည်းရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ် သတင်းစာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်တွင် သင်္ကြန်ကာလလုံခြုံရေးအတွက် ရဲအင်အား သုံးထောင်ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက သင်္ကြန်အကြိုကာလတွင် မီဒီယာများကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အ တွင်းရေးမှူး နေအိမ်အနောက်ဘက် ခြံစည်းရိုးအပါအဝင် ပြည်နယ်တရား လွှတ်တော်ချုပ်ရုံးထောင့်နှင့် ပြည်နယ် မြေစာရင်းရုံးအနီးနေရာ သုံးခု၌ မိုင်း သုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်၊ ခြံဝင်းတွင် ပေါက်ကွဲခဲ့သည့် မိုင်းကြောင့် ရဲတပ်သားတစ်ဦးနှင့် ဆရာဝန် တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ သည်။
အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုက လုံခြုံရေးကိုစိုးရိမ်စရာဖြစ်စေခဲ့ပြီး မြို့တော်လုံခြုံရေးအတွက် လုံခြုံရေးတာဝန်ယူထား သူများတွင် ပိုမိုတာဝန်ရှိစေခဲ့သည်။ ယင်းသို့ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံ ၉ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း အမှုပေါ်ပေါက်မှုမရှိသည့်အတွက် ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦး မိုင်းပေါက်ကွဲမှုနှင့် မပတ်သက်သည့် နောက်ထပ် အမှုတစ်ခုနှင့် အမှုစွဲတင်ခဲ့သည်။
ယင်းအပြင် ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးမြို့တွင် အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းဖြစ်စဉ်၊ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရသည့်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်၏ လုံခြုံရေးသည် စိုးရိမ်စရာဖြစ်လာခဲ့သည်။
ယင်းဖြစ်စဉ်များထက် ရခိုင်ပြည်လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်စရာအကောင်းဆုံးဖြစ်ခဲ့သော ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်သည်။
ရခိုင်ပြည်နယ်၏ လုံခြုံရေးစိုးရိမ်မှုများကြောင့် ရခိုင်ပြည်နယ်တွင် တည်ရှိသော ကမ္ဘာကျော် ငပလီကမ်းခြေသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုသည် လျော့ကျလာခဲ့သဖြင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ငပလီနှင့် ရှေးဟောင်း စေတီပုထိုးများ တည်ရှိရာ မြောက်ဦးဒေသများသည် လည်ပတ်ရန်အတွက် လုံခြုံစိတ်ချရသော နေရာများအဖြစ်တည်ရှိနေပြီး ခရီးသွားများလည်ပတ်ရန် သြဂုတ် ၂၈ ရက်က ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်ခဲ့ရသည်။
ရခိုင်ပြည်နယ် ကမ္ဘာ့လှည့်ခရီးသွားလည်ပတ်မှု ပြန်လည်မြှင့်တက်လာစေရန်အတွက် ပြည်နယ်အ စိုးရအဖွဲ့၏ ပြည်နယ်အဆင့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ငပလီမြို့တွင် ကျင်းပပေးခဲ့သည်။
“ ငပလီသင်္ကြန်ကိုတော့ ကျ နော်တို့က အားထည့်ပြီးတော့ ရိုးရာအစဉ်အလာတစ်ခုကို နိုင်ငံတကာထိ ရောက်သွားအောင်ပေါ့။ ဒါကို ကျနော်တို့အဓိကဦးတည်ပြီးတော့ ဆောင်ရွက် တာဖြစ်ပါတယ်။ “ ဟု ဦးကျော်အေးသိန်း ကပြောသည်။
ယင်းသို့ ငပလီမြို့တွင် ပြည်နယ်အဆင့် ရခိုင်ရိုးရာသင်္ကြန်ပွဲကျင်းပခဲ့သည့်အတွက် သင်္ကြန်ရက်များတွင် သင်္ကြန်လည် ကားများ၊ ဆိုင်ကယ်များ နှင့် လူများက သင်္ကြန်ပွဲကျင်းပခဲ့သည့် ငပလီမြို့ဘောလုံးကွင်းတွင် ကြက်ပျံမကျစည်ကားခဲ့သည်။ ဒေသခံတိုင်းရင်းသားအားလုံးနှင့်အတူ နိုင်ငံခြားသားများလည်း ပါဝင်ဆင်နွဲနေသည်ကို တွေ့ခဲ့ရသည်။
ပြည်နယ်အဆင့်ရခိုင်ရိုးရာသင်္ကြန်ပွဲကို ငပလီမြို့တွင် ကျင်းပခြင်းနှင့်အတူ စစ်တွေမြို့၏ သင်္ကြန်ပွဲကိုလည်း သင့်တင့်လျောက်ပတ်သည့် ကြီးကျယ်မှုမျိုးကို ဆောင်ရွက်ပေးသင့်သည်ဟု စစ်တွေမြို့ခံ ဦးစိုးနိုင်က ပြောသည်။
“ ငပလီကို ကြီးကျယ်တဲ့ သင်္ကြန်ပွဲအဖြစ်ပြုလုပ်တာ ကျနော်တို့ ကျေနပ်တယ်။ မကျေနပ်စရာ အကြောင်း ဘာမှမရှိ။ သို့သော် စစ်တွေမြို့ကိုလည်း သင့်တင့်လျောက်ပတ်တဲ့ကြီးကျယ်မှုမျိုးကို လုပ်ပေးရမယ်။ ကြီးကျယ်အောင် ဖန်တီးပေးနိုင်ရမယ် အစိုးရက။ အစိုးရအဖွဲ့အနေနဲ့ ရခိုင်လူမျိုးတို့ရဲ့အကြီး ကျယ်ဆုံး အမြင့်မြတ်ဆုံးရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားအောင်လုပ်ပေး ဖို့တာဝန်ရှိတယ်။ “ ဟု ၎င်းကဆိုသည်။
လုံခြုံရေးတင်းကျပ်စွာချထားသည့် စစ်တွေမြို့သင်္ကြန်ပွဲတော်ကို ဆင်နွဲခဲ့သည့် ကိုခိုင်မင်းညိုက ပျော်ရွှင်မှုများ၊ လွတ်လပ်မှုများ ရရှိခံစားခဲ့ရသည်ဟု ပြောသည်။
“ ကျနော်တော့ အရမ်းပျော်ခဲ့တာပေါ့။ စည်ကားပါတယ်၊ ပျော်ဖို့လည်းကောင်းတာပေါ့။ ဒါပေမယ့် ကား နဲ့လျှောက်လည်ရင် လမ်းကျဉ်းတော့ မဏ္ဍပ်ရှေ့တွေမှာ မကဲရဘူးပေါ့။ ကား နဲ့သွားရင် သိပ်တော့အဆင်မပြေဘူးပေါ့။ လုံခြုံရေးတွေ တင်းကျပ်ထားပေမယ့် လွတ်လပ်မှုရှိခဲ့ပါတယ်။ “ ဟု ကို ခိုင်မင်းညိုက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် သင်္ကြန်ပွဲတော်ကို ဒေသခံများက ယဉ်ကျေးသိမ်မွေ့စွာ ဆင်နွဲကြပြီး ခိုက်ရန်ဖြစ်ပွားမှုမှာ မရှိသလောက်ရှားသည်ဟု ဒေသခံအများစုကပြောသည်။ သို့သော် သင်္ကြန်ရက်အတွင်း သောက်စားမူးယစ်ပြီး ယာဉ်မတော်တဆဖြစ်မှုများက ရှိနေသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သွားလာရလွယ်ကူလာသည့်အတွက် တခြားဒေသများမှ လူငယ်များလည်း စစ်တွေမြို့သင်္ကြန်ပွဲကို လာရောက် ဆင်နွဲမှုများရှိခဲ့ပြီး တစ်ချို့ဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် သင်္ကြန်ပွဲကို မကျင်းပနိုင်ဖြစ်ကာ စစ်တွေမြို့သို့ လာရောက်ဆင်နွဲသည့် လူငယ်များကိုလည်း တွေ့ရှိခဲ့ရသည်ဟု စစ်တွေမြို့ခံ ဦးကောင်းစံရှီ ကပြောသည်။
“ လမ်းမကြီးမှာ တိုးမပေါက်အောင် သင်္ကြန်ကားတွေနဲ့ လည်တာတွေ့ရတယ်။ ကကြတယ်၊ ခုန်ကြတယ်၊ စည်းကမ်းရှိရှိ ပျော်ကြတယ်။ ဒါဟာ ကိုယ်မြို့ကိုယ့်ရွာရဲ့ ဂုဏ်သိက္ခာကို ထိန်း သိမ်းတာလည်းဖြစ်တယ်။ “ ဟု ၎င်း၏ အမြင်ကို ပြောသည်။
အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မောင်တောဒေသ၏ စဉ်လာမပျက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ယခင်နှစ်က ကျင်းပခဲ့သည့်အတိုင်း ဧပြီ ၁၇ ရက်မှ ၁၉ ရက်ထိ ကျင်းပနေပြီး ဧပြီ ၂၀ ရက်မှာဖြင့် မြို့နှင့် မိုင်နှစ်ဆယ်ခန့်ဝေးသည့် ကျောက်ပန္ဒူ ကမ်းခြေတွင် ဆက်လက်ကျင်းပရန် စီစဉ်ထားသည်။ ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလတွင် ဧပြီ ၂၀ ရက်တွင် အလယ်သံကျော်ကမ်းခြေ၌ ဆင်နွဲခဲ့ကြသည်။
အကြမ်းဖက်မှုများ၊ နေရပ်စွန့် ခွာထွက်ပြေးရမှုများ၊ ပဋိပက္ခများကြောင့် စိုးရိမ်မှု၊ စိတ်မွန်းကျပ်မှု၊ ကြောက်လန့်မှုများစွာဖြင့် ရှုပ်ထွေးနေသည့် ရခိုင်ဒေသခံများအနေဖြင့် သင်္ကြန်ကာလကို အန္တရာယ်တစ်စုံတစ်ရာပေါ်ပေါက်မှုမရှိဘဲ ကျော်ဖြတ်ခဲ့ကြပြီဖြစ်သည်။
ဖြစ်ပွားခဲ့သော ပြဿနာများအားလုံးသည် သင်္ကြန်ရေနှင့်အတူ စီးမျောပျောက်ကွယ်ပြီး နှစ်သစ်တွင် ပြဿနာတစ်စုံတစ်ရာမဖြစ်သော ပြည်နယ်တစ်ခုအဖြစ် တည်ရှိနိုင်ရန် ဒေသခံအများစုက မျှော်လင့်ထားကြသည်။