- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
(၅၅)နှစ်ပြည့် စစ်တွေဆန်ပြဿနာ (Vox Pop)
၅၅ နှစ်မြောက်ရှိပြီဖြစ်သည့် စစ်တွေဆန်ပြဿနာနေ့နှင့်ပတ်သက်ပြီး အဆိုပါအရေးအခင်းကို ကိုယ်တိုင်ကြုံတွေ့လိုက်သူများ၊ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများကို DMG က ဆက်သွယ်မေးမြန်းထားသည်။
13 Aug 2022
DMG ၊ သြဂုတ် ၁၃
စစ်တွေဆန်ပြဿနာနေ့သည် စစ်အာဏာရှင် ဗိုလ်နေဝင်းအစိုးရလက်ထက် မဆလတစ်ပါတီအာဏာရှင်စနစ်ဖြင့် တိုင်းပြည်အား ဓားမိုးအုပ်ချုပ်နေချိန် ၁၉၆၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆန်ပြဿနာအကြီးအကျယ်ဖြစ်ပွားခဲ့ရာမှ ရက်စက်ကြမ်းကြုတ်ဖွယ် ဝမ်းနည်းစရာဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်သည်။
ရခိုင်ပြည်တွင် ဆန်ရှား၍ အငတ်ဘေးနှင့်ကြုံတွေ့ခဲ့ရသည်ဟု သမိုင်းတစ်လျှောက် မည်သည့်အခါတွင်မှ မတွေ့ဖူး၊ မကြားခဲ့ရဖူးချေ။ ဗိုလ်နေဝင်း စစ်အုပ်ချုပ်ရေးလက်ထက် ၁၉၆၇ ခုနှစ်တွင်သာ ပထမဦးဆုံးကြုံတွေ့ခဲ့ရသော အငတ်ဘေးဖြစ်သည်။
ဆန်ရှားပါးမှုကြောင့် ငွေကြေးတတ်နိုင်သူများမှာလည်း ဆန်ကိုဝယ်မရဖြစ်ကြရသည်။ ဆန်ရှားပါးမှုကြောင့် ပြိန်းဥနှင့် ချဉ်ပေါင်ကို ကြိုသောက်ရသည့်အထိ အဖြစ်ဆိုးများဖြစ်ခဲ့သည်။ ထိုသို့ ဆန်ရှားပါးမှုနှင့်ကြုံတွေ့ရသောအခါ သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေဒေသခံများ ဆန္ဒပြကြရာ စစ်တပ်မှ အင်အားသုံးဖြိုခွင်းပစ်ခတ်သောကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရသည်။ အစိုးရကမူ ၂၄ ဦးသာ သေဆုံးခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်။
ရခိုင်ပြည်၏သမိုင်းတွင် အဆိုပါနေ့ရက်ကို စစ်တွေဆန်ပြဿနာနေ့ဟု သတ်မှတ်ထားကြပြီး ကျဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်များလည်း ပြုလုပ်ကြသည်။ တစ်ကျော့ပြန် အာဏာသိမ်းမှုအောက်တွင် ရောက်ရှိနေသော ယနေ့ကာလတွင် အဆိုပါဆန်ပြဿနာများကို ရခိုင် မြို့၊ရွာဒေသများတွင် ပြုလုပ်မှုနည်းပါးကြသည်။ စစ်တွေမြို့တွင်သာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကဦးဆောင်ပြီး ကဗျာရွတ်ဖတ်ပွဲပြုလုပ်ခဲ့ကြသည်။
၅၅ နှစ်မြောက်ရှိပြီဖြစ်သည့် စစ်တွေဆန်ပြဿနာနေ့နှင့်ပတ်သက်ပြီး အဆိုပါအရေးအခင်းကို ကိုယ်တိုင်ကြုံတွေ့လိုက်သူများ၊ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများကို DMG က ဆက်သွယ်မေးမြန်းထားသည်။
ဦးခိုင်ဆန်းအောင် (၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့)
ရခိုင်ပြည်နယ်ဆိုတာဟာ ပြည်ထောင်စုမြန်မာနိုင်ငံရပ်ဝန်းထဲမှာ ဆန်ရေစပါးအပေါများဆုံး ပြည်နယ်တစ်ခုဖြစ်တယ်။ အစိုးရအဆက်ဆက်ကနေ ရခိုင်ပြည်က ဆန်စပါးတွေကို နိုင်ငံခြားကို အများကြီးတင်ပို့နိုင်ခဲ့ကြတယ်။ ဒါပေမယ့် ၁၉၆၇ ခုနှစ် သြဂုတ်လမှာ အစိုးရကနေ ဆန်စပါးတွေကို အများကြီးလိုက်ဝယ်ခဲ့တယ်၊ နိုင်ငံခြားကိုတင်ပို့ဖို့အတွက်။ အဲဒီတုန်းက ရခိုင်ကလယ်သမားတွေလက်ထဲမှာ ဆန်စပါးတွေ မရှိသလောက်ဖြစ်တယ်။ အဲလိုနဲ့ အငတ်ဘေးကြုံလာရတဲ့အခြေအနေကိုရောက်လာတဲ့အခါ သြဂုတ်လမှာ ရခိုင်သားတွေက “ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ကွဲမစားရခိုင်သား”ဆိုပြီး အစိုးရကလိုက်ဝယ်ထားတဲ့ နိုင်ငံခြားကို ပို့ဖို့လုပ်ထားတဲ့ဆန်တွေထဲက ကျွန်တော်တို့ကို ဆန်ရောင်းပါဆိုပြီး လမ်းပေါ်ထွက်ပြီး လူအုပ်ကြီးနဲ့ တောင်းဆိုခဲ့ကြတဲ့အခြေအနေမှာ စစ်တပ်က မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တယ်။
အဲဒါကို ကျွန်တော်တို့အနေနဲ့ ဘယ်လိုသတ်မှတ်ရမလဲဆိုတော့ စစ်အစိုးရက လူမျိုးရေးခွဲခြားဆက်ဆံတယ်လို့ ပြောလို့ရတယ်။ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ဆန်ရေစပါးအပြည့်အစုံ စုံစုံလင်လင်ရှိပါရဲ့သားနဲ့ ရခိုင်ပြည်နယ်မှာလည်း ဆန်စပါးပေါကြွယ်ဝပေမဲ့လည်း ထမင်းငတ်နေရတဲ့အဆင့်ကိုရောက်သွားတယ်။ ဒီအတွက်ကြောင့် ဆန်စပါးကိုရဖို့ တောင်းဆိုသွားပေမဲ့ လက်နက်နဲ့ပစ်သတ်ခံရတယ်ဆိုတာ ရခိုင်သားတွေအတွက် ပြည်ထောင်စုမြန်မာနိုင်ငံရပ်ဝန်းထဲမှာ လူမျိုးရေးခွဲခြားဆက်ဆံခံရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်။
အဲဒီအတွက်ကြောင့် အရေးကြီးတာက ပြည်ထောင်စုဆိုတဲ့နေရာမှာ ပြည်ထောင်စုစိတ်ဓာတ်ရှိတဲ့ အစိုးရတစ်ရပ်ရှိဖို့လိုတယ်။ လူသားဆန်တဲ့ အစိုးရတစ်ရပ်ရှိဖို့လိုတယ်။ အဲလိုသာမဟုတ်ပဲ ခွဲခြားဆက်ဆံ မှုတွေရှိပြီး ရက်စက်မှုတွေ သတ်ဖြတ်မှုတွေရှိနေသရွှေ့ကာလကတော့ခါ ပြည်ထောင်စုဆိုတဲ့အနေအထားကို ရောက်လာမှာမဟုတ်ဘူး။ ပြည်ထောင်စုဆိုတဲ့ စိတ်ဓာတ်မရှိသမျှကာလပတ်လုံး ပြည်ထောင်စုကို တည်ဆောက်လို့ရမှာမဟုတ်။ အဲဒီတွက်ကြောင့် ဘယ်အစိုးရပဲဖြစ်ဖြစ် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးဖို့အတွက် ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးဖို့အရေးကြီးတယ်။ ပြည်သူတွေ စားဝတ်နေရေး အဆင်မပြေသမျှကာလပတ်လုံး ပေါက်ကွဲမှုကြီးတွေဖြစ်လာမယ်။ ဆန္ဒပြမှုကအစ၊ အုံကြွမှုကြီးတွေဖြစ်လာမယ်။ ဒီဟာက ကျွန်တော်တို့ ရခိုင်ပြည်မှာ သင်ခန်းစာတစ်ရပ်ဖြစ်တယ်။ သာယာဝဖြိုးတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အစိုးရတွေအနေနဲ့ ဒီလိုမျိုးတွေ နောက်ထပ်မဖြစ် ပေါ်ဖို့အတွက် အရေးကြီးတယ်လို့ပဲပြောချင်တယ်။
ဗဂျီးကျော် (စာရေးဆရာ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ)
ကျွန်တော်တို့ ရှေ့ဆုံးကနေပါခဲ့တယ်။ အမှားတစ်ခုလုပ်မိကြတာက အေးအေးချမ်းချမ်း ဆန္ဒပြပြီးသွားပါမယ်ဆိုပြီး ခြံစည်ရိုးတွေကို ဖောက်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက စစ်သားတွေလည်း ကားပေါ်ကိုတက်နေကြပြီ။ အဲဒါကို လူငယ်တစ်ချို့က ကပိုင်သားတုတ်ချောင်းတွေနဲ့ ပစ်ကြတယ်။ ထိန်းမယ့်လူတွေလည်းမပါဘူး။ အခုခတ်မှာဆိုရင် ရဟန်း၊သံဃာတွေက ထိန်းပေးပေမဲ့ အဲဒီတုန်းက ထိန်းမယ့်လူမပါ။ ကားထက်က စစ်သားတွေဆီမှာကျတော့ ကားရှေ့က ၃ ပွင့် ဗိုလ်ကြီးတစ်ယောက်ဆင်းလာပြီး သူ့လူတွေကို ကပိုင်သားနဲ့ပစ်ရမလား။ ပစ်ဆိုပြီး ကားပေါ်ကနေ G-3 နဲ့ပစ်ကြတယ်။ အောက်ကိုရောက်ရင်တော့ မပစ်ကြတော့ဘူး။ နောက်ကိုလှည့်ကြည့်လိုက်တော့ သွေးရဲရဲ၊ သံရဲရဲနဲ့ လဲနေကြပြီ။ ကျွန်တော်တို့လည်း မနင်းချင်ပေမဲ့ လူသေအလောင်းတွေရဲ့ ရင်ဘတ်တွေကိုနင်းပြီး စုပေါင်းဆန်စက်ရှေ့က ချောင်းကိုကူးပြီး ကသဲရွာဘက်ကိုပြေးလာကြတယ်။ အဲဒါ သြဂုတ် ၁၃ ရက်နေ့က ဖြစ်စဉ်အပြည့်အစုံပါပဲ။
အဲတုန်းက အိမ်ထောင်စုတွေ စားမယ့်ဆန်ကို ပေးတယ်။ အိမ်ထောင်စုကတ်ပြားနဲ့ ထုတ်ကြရတယ်။ ပထမပေးတုန်းကတော့ ပုံမှန်ပါပဲ။ လူကြီးတွေအတွက် တစ်လစာ ဘူး၆၀၊ ကလေးတွေအတွက် တစ်လစာ ဘူး ၃၀ ကျစီရတယ်။ ၁၃ သြဂုတ်လမှာ ထက်ဝက်လျော့ချလိုက်ကြတယ်။ လူကြီးကို ဗူး၃၀၊ လူငယ်ကို ၁၅ ဗူးဆိုပြီးလျော့ချလိုက်တယ်။ လူတွေက မလောက်ငှကြတော့ဘူး။ ထမင်းစားတာမဝကြလို့ ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုကြီးတစ်ခုဖြစ်တယ်။
ဒေါ်ညိုအေး (ရခိုင်အမျိုးသမီးကွန်ရက်၊ ဥက္ကဋ္ဌ)
အခုဆို အခမ်းအနားတွေလည်း ကျင်းပဖို့အခက်အခဲ။ စားဝတ်နေရေးကလည်း အလွန်ကျပ်တည်းလာကြတယ်။ လုပ်ဖို့ကြတော့လည်း အခြေအနေတွေလည်းမပေးကြဘူး။ ကိုယ်ကတော့ ဆွမ်းတော့ပို့ဖြစ်တယ်။ အဲအချိန်၊ အဲကာလမှာ အသက်ပေးဆပ်ခဲ့ရတဲ့ လူတွေကို အရမ်းကြီးကိုသတိရလို့။ ပြီးရင် ကိုယ်တို့ကလည်း ငယ်ငယ် ရွယ်ရွယ်နဲ့ ကိုယ်တို့မှာ ခေါင်းဆောင်ကြတဲ့ ကျောင်းသားတွေနဲ့ အဲဒီဆန္ဒပြပွဲမှာပါဖူးလို့။ ကိုယ်တို့လည်း ရှေ့ဆုံးကမဟုတ်တဲ့အတွက်ကြောင့်သာ အသက်ဘေးက လွတ်လိုက်တာလို့ ပြောရမယ်။
စာနာမှုကင်းဝေးပြီး ဘာတစ်ခုမှကို အထောက်အထားမပြပဲနဲ့ ပစ်သတ်ခဲ့တဲ့ အနေအထားတွေ။ အဲဒီကတည်းကနေ စိတ်ထဲမှာ ဘာကိုစွဲလမ်းသွားလဲဆိုတော့ အာဏာရှိသူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတယ်။ အဲဒါက ရခိုင်ပြည်ရဲ့ အရုပ်ဆိုးတဲ့အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရတယ်။ သတင်းစာမှာ (သေဆုံးသူ) ၂၈ ယောက်ပဲဖော်ပြခဲ့တယ်။ အာဏာကို လက်မှာပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီး အာဏာရှင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့သူတွေဟာ နောက်ဆုံးမှာ ပြည်သူကို အန္တရာယ်ပြုတတ်တယ်ဆိုတဲ့ သံဝေဂတော့ ကောင်းကောင်းရခဲ့တယ်။
ခိုင်ကောင်းစံ (ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ဒါရိုက်တာ)
အဓိကတော့ ရခိုင်လူထုတွေကလည်း အခုကျရောက်တဲ့ ၅၅ နှစ်ကြာသွားပေမဲ့လည်း မမေ့ကြဘူး။ အသိအမှတ်ပြုကြတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း ဆွမ်းကျွေးပြီး ကုသိုလ်အများ လုပ်ကြတယ်။ နောက်ပြီး ဘာပဲပြောပြော အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့ နေ့တစ်နေ့ကို နောက်မျိုးဆက်တွေကလည်း အမှတ်တရနဲ့ သတိတရရှိနေကြတာက ကောင်းတဲ့အရာတစ်ခုပါ။ နှစ်ပတ်လည်နေ့ဆိုတာကတော့ တချိန်က ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို သတိတရရှိနေကြတာက ကောင်းတဲ့အရာတစ်ခုပါ။ မဆလ ခေတ်မှာ အာဏာရှင်ကို တော်လှန်ခဲ့တဲ့ ရခိုင်ပြည်က ဆန်အရေးတော်ပုံ နေ့တစ်နေ့အဖြစ် နိုင်ငံတကာမှာရှိနေကြတဲ့ လူတွေကကော သတိတရ ဖြစ်နေကြတဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။
ကိုကျော်နိုင်ဌေး (ရခိုင်ကျောင်းသားအရေးတက်ကြွလှုပ်ရှားသူ)
ကျွန်တော်တို့ ရခိုင်ပြည်ကလူတွေက အဲဒီအချိန်တုန်းက စစ်အာဏာရှင်ကို မကြောက်တဲ့တရားတွေနဲ့ ဖီဆန်ခဲ့ကြတယ်။ အဲဒါက ကျွန်တော်တို့အတွက် အတုယူသင့်တယ်။ စံနမူနာယူသင့်တယ်။ ယူထိုက်တဲ့ ဓလေ့တစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ကလည်း အခု အသက်ပေးသွားတဲ့လူတွေကို ဂုဏ်ပြုတယ်။ လေးစားပါတယ်။