ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နှင့် မေးမြန်းခြင်း

“ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လိုက်မယ်ဆိုရင် အာဏာရှင်စနစ်ကို အဓွန့်ရှည်ဖို့ ကျနော်တို့ကိုယ်တိုင်က ထောက်တိုင်တစ်ခုဖြစ်သွားမယ်”

By Admin 21 Jan 2023

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နှင့် မေးမြန်းခြင်း

DMG ၊ အင်တာဗျူး

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုရှိသည်ဟု အကြောင်းပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် စစ်ကောင်စီသည် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ လူဦးရေစာရင်းများကို ကောက်ယူလျက်ရှိသည်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ်အတွင်း ရွေးကောက်ပွဲပြန်လည် ကျင်းပပြီး အနိုင်ရသည့်ပါတီကို အာဏာလွှဲမည်ဟု ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့အခမ်းအနား) တွင် ပြောဆိုခဲ့သည်။

ရခိုင်တွင် အင်အားကြီးပါတီ (၃)ခုရှိသည့်ထဲမှ ရခိုင့်ဦးဆောင်ပါတီ(AFP)က စစ်ကောင်စီမှကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု ပြောထားသည်။ ရခိုင်အမျိုးသားပါတီ(ANP)က ရွေးကောက်ပွဲဝင်ပြိုင်ရန် ရှိ/မရှိကို တိကျစွာပြောဆိုခြင်း မရှိသေးပေ။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)အနေဖြင့် စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတိအလင်းကြေညာထားသည်။

စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ALD ၏ သဘောထားနှင့် ရှေ့ဆက်ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေတို့ကို ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်အား ဆက်သွယ်မေးမြန်းထားသည်။

DMG - စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ALD ပါတီရဲ့ သဘောထားကို ဦးစွာသိလိုပါတယ်။
UMK - ကျနော်တို့ပါတီမှာ မူဝါဒက ရှင်းရှင်းလင်းလင်းရှိတယ်။ အခုဖြစ်လာမယ့် အတုအယောင်ရွေးကောက်ပွဲကို ကျနော်တို့ကတော့ လုံးဝလက်မခံဘူး။ လက်မခံတဲ့အပြင် ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဝင်ရောက်မယှဉ်ပြိုင်သလို ဒီရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုသင့်ဘူးလို့ ယူဆတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေဟာ ဒီအာဏာရှင်စနစ်ကို မကြိုက်ဘူး။ စစ်အာဏာရှင်တွေကြောင့် အခုဆိုရင် အသက်စတေးသွားရတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အများကြီးပဲ။ သူတို့တွေ အသက်တွေကို ပေးဆပ်သွားရတာတွေရှိတယ်။ နောက်တစ်ခါ အိုးအိမ်တွေ၊ လုပ်ငန်းခွင်တွေ မီးရှို့ခံရတာတွေ အများကြီးပါ။ ဒီလူတွေရဲ့ မျက်နှာကိုကြည့်ပြီးတော့ ရွေးကောက်ပွဲကို မဖြစ်စေချင်ဘူး။ ဒီရွေးကောက်ပွဲ မဖြစ်မြောက်အောင်လည်း တွန်းအားပေးရမှာဖြစ်တယ်။ အာဏာရှင်စနစ် အဓွန့်ရှည်ဖို့ဟာကိုတော့ တိုက်ခိုက်ရမယ်။

DMG – ရွေးကောက်ပွဲကို ဝင်မပြိုင်ရင် တရားမဝင်ပါတီတစ်ခုအနေနဲ့ ဖြစ်သွားမယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်မှုရှိလား။
UMK - ကျနော်တို့ပါတီဟာ ၁၉၈၈ လူထုအရေးတော်ပုံက ပေါ်လာတဲ့ ပါတီဖြစ်တယ်။ ဒီမိုကရေစီကိုဦးတည်တယ်။ တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ ၁၉၉၀ မှာ ရွေးကောက်ပွဲဝင်ခဲ့တယ်။ အဲဒီတုန်းက မြန်မာတစ်နိုင်ငံလုံးမှာ တတိယအများဆုံးနိုင်တဲ့ ပါတီတစ်ရပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ၁၉၉၂ မှာ ကျနော်တို့ပါတီကို ဖျက်သိမ်းကြောင်းကို သူတို့ကြေညာခဲ့တယ်။ ဆိုတော့ သူတို့ဖျက်သိမ်းလို့ ကျနော်တို့ပါတီ ပျက်သွားလားဆိုတော့  တောက်လျှောက် နိုင်ငံရေး ရေစီးကြောင်းမှာ ကျနော်တို့ပါလာတယ်။ ဥပမာ- ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီတို့မှာ ပါလာသလိုပဲ အခုလည်း နိုင်ငံရေးပါတီတစ်ရပ်ကို သူတို့မှာ ကော်မရှင်ထုတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းအရ ရွေးကောက်ပွဲမဝင်လို့ ပျက်သွားတယ်ဆိုရင်တောင်မှ ကျနော်တို့ပါတီရဲ့ မူဝါဒကို ယုံတဲ့လူတွေနဲ့ ဒီပါတီဝင်ရဲဘော်တွေ သူ့အလုပ် သူလုပ်ပြီးတော့ အမျိုးသားအကျိုး၊ ရခိုင်ပြည်အကျိုးလုပ်နေမယ်ဆိုရင် ဒီပါတီက ဆက်ရှင်သန်ပြီး သွားနေမှာဖြစ်တယ်။ သူတို့က တရားမဝင်ဆိုတာနဲ့ ပျက်သွားတယ်ပုံစံမျိုးတော့ မဟုတ်ပါဘူး။

DMG - စစ်အာဏာသိမ်းတုန်းက မည်သည့်အာဏာရှင်စနစ်ကိုမှ အလိုမရှိဘူးလို့ ALD ပါတီက ထုတ်ပြန်ခဲ့တယ်။ လက်ရှိမှာရော အဲဒီရပ်တည်ချက်အတိုင်းပဲ ဆက်သွားမလား။
UMK - ပါတီရဲ့ ရပ်တည်ချက်ဆိုတာက အခုမှ ဒီဟာကို ကျနော်တို့ရေးဆွဲတာ မဟုတ်ဘူး။ ပါတီဖွဲ့စည်းစဉ် ကတည်းက ပါတီဖွဲ့စည်းပုံထဲမှာ ဒီအချက်က ပါပြီးသားဖြစ်တယ်။ လေယူရာ ယိမ်းတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ လိုရင်လိုသလို နွဲ့တယ်ဆိုတဲ့ဟာမျိုးက ပါတီနိုင်ငံရေးသမားတွေ လုပ်ရတဲ့အလုပ် မဟုတ်ဘူးလို့ ယုံကြည်တယ်။ အခုဟာကလည်း ကျနော်တို့ ပါတီခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ မူဝါဒတွေကို ပါတီဝင်တွေ၊ ပါတီကို ဦးဆောင်တဲ့သူတွေကလည်း ပါတီမှာချထားတဲ့ စည်းမျဉ်း၊ စည်းကမ်းအပေါ်မှာပဲ လိုက်နာပြီးတော့ ဆောင်ရွက်တာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ပါတီရဲ့ မူဝါဒကတော့ ပြောင်းသွားစရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။

DMG – လက်ရှိ စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ ရခိုင်ပြည်မှာရော ဘယ်လိုဖြစ်လာတယ်လို့ သုံးသပ်မိပါလဲ။
UMK - ကျနော်တို့အနေနဲ့က အခုစစ်ကောင်စီက ကျင်းပလာမဲ့ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲလို့ မြင်တယ်။ သူတို့ဟာ အမှန်တကယ်ဆိုရင် ရွေးကောက်ပွဲတောင် ကျင်းပခွင့်မရှိဘူး။ သူတို့ကတော့ စစ်အာဏာရှင် သက်တမ်းကို ဆွဲဆန့်လို့ရအောင်ဆိုပြီး အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီးတော့ အာဏာဆက်လက်ဆုပ်ကိုင်ဖို့ သူတို့ကြိုးစားတာဖြစ်တယ်။ ဆိုတော့ ဒီလိုရွေးကောက်ပွဲဖြစ်လာနိုင်မယ့်အချိန်မှာ ရခိုင်ပြည်မှာလည်း ရွေးကောက်ပွဲကျင်းပလာမယ်။

ရခိုင်ပြည်မှာ ရွေးကောက်ပွဲကို ကျင်းပလာမယ်ဆိုတဲ့အချိန်မှာ အဓိက ရခိုင်မှာပါတီကြီး သုံးပါတီရှိတာပေါ့။ ကျနော်တို့ပါတီအနေနဲ့တော့ ပါတီရဲ့မူဝါဒအရရော၊ တစ်ပါတီအာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ကို ကျနော်တို့က မလိုလားတဲ့အတွက် ရွေးကောက်ပွဲကို လုံးဝပူးပေါင်းပါဝင်မှာ မဟုတ်ဘူး။ ဒါကပြောပြီးသား ဖြစ်တယ်။ ဒါပေမယ့် တခြားပါတီကြီးတွေက စစ်အာဏာရှင်နဲ့လည်း ပူးပေါင်းတဲ့ဟာမျိုးရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ကောင်စီကပေးတဲ့ ရာထူးတွေကို သူတို့က လက်ခံတာမျိုးတွေရှိသလို တချို့သော ပါတီခေါင်းဆောင်တွေကလည်း ရွေးကောက်ပွဲကို ဝင်ပြိုင်သွားမယ်လို့ ပြောထားတာတွေရှိတဲ့အတွက် ရွေးကောက်ပွဲဖြစ်လာရင် ရခိုင်ပြည်မှာ ဝင်ပြိုင်မယ့်ပါတီတွေက အဆင်သင့်ရှိနေတယ်။

တဆက်တည်းမှာပဲ ကျနော်တို့အမြင်အရဆိုရင် ရွေးကောက်ပွဲကို ရခိုင်ပြည်သူလူထုအများစုက သဘောကျပုံ မရဘူး။ သူတို့လည်း ဆန့်ကျင်တာမျိုး တွေ့ရတယ်။ သို့သော်လည်း ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ အသိုင်းအဝန်းကတော့ လက်ခံတယ်လို့ ပြောရမှာပေါ့။

DMG - တစ်ဖက်မှာလည်း ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဖြစ်လာနိုင်ခြေ ရှိမလား။ ဘယ်လို မြင်မိပါလဲ။
UMK - ရခိုင်ပြည်မှာက အခုချိန်မှာ အုပ်ချုပ်သူ အာဏာပိုင်နှစ်ရပ်ရှိတယ်လို့ ပြောလို့ရတဲ့အနေအထားဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ဖက်မှာ ULA/AA ရဲ့ ဩဇာကလည်း ရခိုင်ပြည်တလွှားမှာ ပိုပြီး,ပိုပြီးတော့ ဩဇာအာဏာ အရှိန်အဟုန်မြင့်လာတယ်။ တစ်ဖက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဩဇာကလည်း လျော့လာတယ်။ ဒါပေမယ့် သူတို့လည်း သူတို့နေရာက မဖယ်ပေးရေး၊ စိုးမိုးနယ်မြေကို အလျော့မပေးရေးဆိုတဲ့ဟာမျိုးနဲ့ အားတင်းနေတာမျိုးရှိတယ်။ ဒီတော့ ရွေးကောက်ပွဲဟာ ရခိုင်ပြည်မှာ ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာက ULA/AA အပေါ်မှာ အများကြီး အက္ခရာကျတယ်။ သူတို့ဟာ ဒီရွေးကောက်ပွဲကို ဟန့်တားနိုင်မယ်ဆိုရင် ပြည်သူတွေက သူတို့နဲ့ပိုပြီးနီးသွားပြီးတော့ စစ်အာဏာရှင်တွေရဲ့ အခန်းကဏ္ဍက ပိုပြီးမှေးမှိန်ပျောက်သွားနိုင်တဲ့ အနေအထားမျိုးဖြစ်နိုင်တယ်။ အဲတော့ သူတို့ရဲ့အားပြိုင်မှုက ဒီပွဲမှာ ပိုပြီးတော့ အက္ခရာကျတယ်လို့မြင်တယ်။

DMG - စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ရခိုင်လူထုတွေရဲ့ စိတ်ဝင်စားမှုက ဘယ်လိုတွေ့ရလဲ။
UMK - ရခိုင်လူထုကတော့ အခုအချိန်မှာ စစ်ကောင်စီပဲဖြစ်ဖြစ်၊ ရှေ့ကလူတွေရဲ့ အုပ်ချုပ်မှုကိုဖြစ်ဖြစ် ဘယ်လိုမှ လက်ခံလိုတဲ့ အနေအထားမျိုး မတွေ့ရဘူး။ ရှိတယ်ဆိုရင်တောင်မှ သူတို့နဲ့အပေါင်းအပါ တစ်စုလောက်ပဲ ရှိလိမ့်မယ်။ ရခိုင်ပြည်သူအများစုကတော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီးပြီးတော့ ကိုယ့်ပြည်မှာကိုယ် လွတ်လပ်စွာနေပြီး ရှာဖွေစားသောက်ရှင်သန်လိုတဲ့ ပုံစံမျိုးကို ပိုပြီးတွေ့ရတယ်။ ရခိုင်တွေရဲ့ ဇာတိသွေး၊ ဇာတိမာန်ကလည်း အခုအချိန်မှာ ဟိုးခေတ်အဆက်ဆက်နဲ့မတူဘဲ ဇာတိသွေး၊ ဇာတိမာန် မြင့်တက်နေတဲ့အနေအထား ရောက်နေတယ်။ ဆိုလိုတာက သီးခြားနေထိုင်လိုတဲ့ လက္ခဏာရှိတယ်။ ပြည်မကလာတဲ့ အစိုးရယန္တရား၊ ရွေးကောက်ပွဲတွေလုပ်ဖို့ဆိုတာတွေကို လက်ခံလိမ့်မယ်လို့ မထင်ဘူး။

DMG - စစ်အာဏာသိမ်းထားတဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေကိုရော ဘယ်လိုမြင်တွေ့ရလဲ။
UMK - အခုဖြစ်နေတဲ့ အခင်းအကျင်းအနေနဲ့ကတော့ အခုဖြစ်စဉ်တွေမှာ ပြည်သူတွေအများကြီး ပေးဆပ်ခဲ့ကြပြီ။ ကျေးရွာတွေ မြောက်များစွာ၊ အဆောက်အအုံတွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ စစ်ဘေးစစ်ဒဏ်တွေ သင့်ကြရတယ်။ ပြည်သူတွေရဲ့တန်ဖိုး ဘာမှမရှိဘူး။ ဒီအာဏာရူးတွေကြောင့် အဲလိုဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ဒီအာဏာရှင်တွေကို အဓွန့်ရှည်မယ့်၊ သူတို့ရဲ့အသက်ကို ဆက်ပြီးတော့ရှင်သန်မယ့် လမ်းပေါက်မျိုးကို ဖွင့်မပေးဖို့လိုတယ်။ အဲဒီလိုလုပ်ငန်းမျိုးမှာ ပြည်သူတွေက ပူးပေါင်းပါဝင်ကြရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအာဏာရှင်တွေရဲ့ လုပ်ငန်း၊ အာဏာရှင်တွေရဲ့ သက်တမ်းအတွက် သူတို့ရဲ့ရွေးကောက်ပွဲကို ကျနော်တို့တွေက ပူးပေါင်းပါဝင်လိုက်မယ်ဆိုရင် ကျနော်တို့ကိုယ်တိုင်က အာဏာရှင်စနစ်ကို အဓွန့်ရှည်ဖို့အတွက် ထောက်တိုင်တစ်ခုဖြစ်သွားမယ်။ အဲဒါကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ စစ်အာဏာရှင်က ကျင်းပလာမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ပေးကြပါလို့ ပြောချင်ပါတယ်။

DMG - လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင် စစ်ကောင်စီရဲ့ အရေးပေါ်သက်တမ်း ၂ နှစ် ကုန်ဆုံးတော့မယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံရဲ့အခင်းအကျင်း ဘယ်လိုဖြစ်လာနိုင်မယ်လို့ သုံးသပ်ပါသလဲ။
UMK - အာဏာသိမ်းပြီးနောက်ပိုင်းမှာ သပိတ်ကော်မတီ ဘာညာတွေကတော့ ကြွေးကြော်ကြတာ အများကြီးပဲ။ ဒါပေမယ့် အဲဒီထဲမှာပဲ ကျနော်တို့အပါအဝင် နိုင်ငံရေးပါတီတွေက သွားရမယ့်မူကို ချမှတ်ခဲ့တယ်။ အဲဒါက အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးဆိုတာကို ချခဲ့တယ်။ ဆိုတော့ အခုအခါမှာ NUG ပဲဖြစ်ဖြစ်၊ ERO ပဲဖြစ်ဖြစ်၊ တခြားသော သပိတ်ကော်မတီအသီးသီး အကုန်လုံးက လက်ခံပြီးတော့ ပြောလာကြတယ်။ ဆိုတော့ ကျနော်တို့နိုင်ငံက သေချာပေါက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သွားရမယ်။ အဲတော့ ပြည်နယ်တွေကိုလည်း ဖက်ဒရယ်စနစ် အနေနဲ့ ကိုယ့်အချုပ်အချာအာဏာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ့်ဖွဲ့စည်းပုံနဲ့ကိုယ်ရှိတဲ့ ပြည်ထောင်စု ဖြစ်ဖို့လိုတယ်။ အဲလိုဖြစ်အောင်လည်း အခု အဖက်ဖက်ကနေ ဝိုင်းတွန်းနေကြတယ်။ ဖြစ်လည်းဖြစ်လာမယ်လို့ ကျနော်တို့ကတော့ ယုံကြည်တယ်။

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#E003

ဗီဒီယိုများ