- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ဘင်္ဂါလီအရေးကိစ္စ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့နှင့် မေးမြန်းခြင်း
ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးကိစ္စကို ဖြေရှင်းနိုင်ဖို့ အစိုးရက ဖွဲ့စည်းပေးမယ့် လွတ်လပ်သော စုံစမ်းရေးကော်မရှင်အပေါ် အမြင်သဘောထားနဲ့ ဘင်္ဂါလီကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတာကို မြန်မာနိုင်ငံအတွင်းက ပဋိပက္ခပြဿနာတွေကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာတွေထုတ်ပြန်နေတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
02 Jul 2018
ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးကိစ္စကို ဖြေရှင်းနိုင်ဖို့ အစိုးရက ဖွဲ့စည်းပေးမယ့် လွတ်လပ်သော စုံစမ်းရေးကော်မရှင်အပေါ် အမြင်သဘောထားနဲ့ ဘင်္ဂါလီကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတာကို မြန်မာနိုင်ငံအတွင်းက ပဋိပက္ခပြဿနာတွေကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ တည်ထောင်သူနှင့် အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကို DMG သတင်းထောက် ရွှေထက်က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အင်္ဂါလီကိစ္စကို ဖြေရှင်းနိုင်ဖို့ အစိုးရက ဖွဲ့စည်းပေးမယ့် လွပ်လပ်သော စုံစမ်းရေးကော်မရှင်ကို တကယ်လိုအပ်တယ်လို့ မြင်ပါသလား၊ ကိုဖီအာနန် အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီ ဆိုတော့လေ။
ဖြေ ။ ။ ကျွန်တော်တို့ ရှေ့မှာလည်း ရခိုင်ကိစ္စတွေဖြစ်တဲ့အချိန်မှာ ကော်မရှင်တွေ ဖွဲ့ခဲ့တာလေးရှိတယ်ပေါ့လေ။ လက်ရှိဆို ကျွန်တော်ထင်တယ် ရှစ်ခုလောက်ထိ ဖွဲ့ပြီးပြီးလို့ထင်တယ်။ ဟိုအရင် အစိုးရလက်ထက်ကရော လက်ရှိအစိုးရလက်ထက်မှာရော စုစုပေါင်း ရှစ်ခုလောက်ရှိတယ်လို့ ကျွန်တော်လေ့လာထားတာ ရှိတယ်။ ပြီးခဲ့တဲ့ကိစ္စမှာ ကိုဖီအာနန်ကော်မရှင်က စပြီးတော့မှ နိုင်ငံခြားသားတွေ ပါလာတာရှိတယ်ပေါ့လေ။ နောက်ပြီးတော့ ဒီကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လက်ခံလုပ်ဆောင်ဖို့အတွက် ဖွဲ့ရတာလည်းရှိတယ်။ ဒါကို အကြံပြုဖို့ဆိုပြီး နောက်ထပ်ကော်မရှင်တွေ ထပ်ဖွဲ့တာလည်းရှိတယ်။ အဲဒီမှာတော့ တွေ့ရတယ်ပေါ့လေ ခုနားကပြောတဲ့ အတိုင်းပါပဲ။ တချို့ကျတော့ ရခိုင်လူထုက ယုံကြည်ကိုးစားတဲ့ ပုဂ္ဂိုလ်တွေပါဝင်မှု နည်းတယ်ဆိုတာကိုလည်း တွေ့ရတယ်။ တစ်ချိန်ကတော့ ရခိုင်ပြဿနာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေး အနေအထားတစ်ခုအဖြစ် ရှိခဲ့တယ်လို့ မြင်တယ်ပေါ့လေ။ အရင်အစိုးရလက် ထက်မှာတော့။
ဒီဖက်နှစ်ပိုင်း ၂၀၁၆၊ ၂၀၁၇ ရောက်တဲ့အချိန်မှာတော့ ဒါက နိုင်ငံတကာ ပြဿနာတစ်ခုအဖြစ် ရောက်ရှိသွားတယ်ပေါ့လေ။ ဆိုတော့ အဲဒီအချိန်မှာ နိုင်ငံတကာဖိအားတွေ အများကြီး သက်ရောက်လာပါတယ်။ ယခင်အစိုးရတွေနဲ့ မတူပဲပေါ့ ပိုပြီးတော့ ပြင်းထန်လာတာကို တွေ့ရတယ်။ အဲဒီအတွက် လက်ရှိအစိုးရကတော့ နိုင်ငံတကာ ဖိအားလျော့ကျအောင်လုပ်ဖို့ တာဝန်ရှိတယ်ပေါ့။ ဒါကိုရင်ဆိုင်ဖို့ ကြိုးစားတဲ့အချိန်မှာ ကျွန်တော်မြင်တာကတော့ နိုင်ငံတကာက ယုံကြည်ကိုးစားကြတဲ့ ပုဂ္ဂိုလ်တွေထည့်ပြီး ဖွဲ့တယ်လို့ တစ်ချက်တော့ မြင်တယ်ပေါ့လေ။ ဒါပေမဲ့ ဒီဖက်က ပြန်ကြည့်မယ် ဆိုလ့ိုရှိရင်လည်း နိုင်ငံခြားသားပါလာတဲ့ အနေအထားတွေ ရှိတယ်ပေါ့လေ။ လက်ခံတဲ့လူလည်းရှိတယ်။ လက်မခံတဲ့ လူတွေလည်းရှိတယ်။ ကိုဖီအာနန် တုန်းကဆိုရင်လည်း အကြုံပြုဖို့ခေါ်တဲ့ ကော်မရှင်ပဲဖြစ်တယ်။ အကုန်လုံးကို လိုက်လုပ်စ ရာတော့ မလိုဘူးပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နှိုင်းယှဉ်ပြီးတော့ပဲ လိုက်နာအကောင်အထည် ဖော်သင့်တဲ့ အချက်အချို့ကိုပဲ လုပ်သင့်တယ်ပေါ့လေ။ ဒါပေမဲ့လည်း ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာကြီးက ကျွန်တော်မြင်တာကတော့ Road Map (လမ်းညွှန်မြေပုံ) တစ်ခုလို ဖြစ်သွားပြီးတော့ ဒီအတိုင်း လိုက်နာအကောင်အထည်ဖော်တဲ့ ပုံစံမျိုးကိုတော့ နောက်ပိုင်းမှာ တွေ့လာရတယ်ပေါ့လေ။ အခုလည်း သမ္မတရုံးက နောက်ဆုံးထုတ်တဲ့အထဲမှာ ကော်မရှင်အသစ်တစ်ခုဖွဲ့ မယ်။ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတစ်ဦး တစ်ဦး ပါဝင်မယ်ဆိုပြီး ကြေငြာချက် ထုတ်ထားတယ်။ မကြာခင်မှာလည်း ဖွဲ့စည်းမယ့် အနေအထားမျိူး မြင်နေရတယ်ပေါ့လေ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဖွဲ့မှပဲ ဒီကော်မရှင်ဖွဲ့တဲ့ဆိုပြီးတော့ ကြေညာချက်ထုတ်လေ့ရှိတယ်။ အခုကတော့ မဖွဲ့ခင်မှာပဲ သူကဖွဲ့မယ်ဆိုပြီး ကြိုပြီးပြောထားတာပေါ့။ ဒါပေမဲ့ မည်သူမည်ဝါဆိုတာတော့ မပေါ် သေးဘူး။ ဘယ်သူ့ကိုထည့်ပြီး ဖွဲ့မယ်ဆိုတာက မပါသေးတဲ့ အနေထားမျိုး တွေ့ရတယ်။ အဲဒီအချိန်မှာပဲ မနေ့က လွတ်တော်မှာ မဲခွဲတဲ့အချိန်မှာ ဒီအဆိုက ရှုံးနိမ့်သွားတယ်ပေါ့လေ။ အစိုးရပိုင်းကလုပ်နေတဲ့ အပိုင်းကတော့ နိုင်ငံတကာဖိအားတွေ လျော့ချချင်လို့ ဒီလူတွေ ထည့်ဖွဲ့တယ်လို့မြင်တယ်။ နိုင်ငံခြားသားတစ်ယောက် ပါလာတဲ့အတွက် ပြည်ပလွှမ်းမိုးမှု၊ စွက်ဖက်မှုတွေ ရှိလာနိုင်မလားပေါ့။ အဲလိုအနေအထားမျိုးကိုတော့ စိုးရိမ်စရာအချက်တစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ ပြည်တွင်းမှာလည်း တကယ် တတ်သိပညာရှင်ကြီးတွေ နိုင်ငံတကာက ယုံကြည်အားကိုးတဲ့ ပညာရှင်တွေရှိနေတာပဲ။ ဒီလိုလူမျိုးတွေနဲ့ လုပ်လို့မရနိုင်ဘူးလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။
မေး ။ ။ ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးအတွက် ဘယ်လိုမျိူး လုပ်ဆောင်သင့်သလဲ။ လက်ရှိ ဘင်္ဂါလီတွေ တောင်းဆိုနေတဲ့ အရာတွေ၊ အခွင့်အရေးတွေကို ဘယ်လိုမျိုး သဘောထားရှိပါသလဲ။
ဖြေ ။ ။ ဒီပြဿနာက အခုလတ်တလောမှာဖြစ်လာတဲ့ ပြဿနာမဟုတ်ဘူးပေါ့လေ၊ ကြာလှပြီ။ ပြောရမယ်ဆိုရင် လွပ်လပ်ရေး မရခင်ကတည်းက ဒီပြဿနာတွေရှိတယ်။ လေ့လာရသလောက်ကတော့ ဘင်္ဂါလီတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားတွေ မဟုတ်ဘူးလေ။ တစ်ဖက်နိုင်ငံကနေပြီးတော့ ကိုလိုနီခေတ်ကနေ ခေါ်သွင်းလာခဲ့တဲ့လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အခွင့်အရေးအတွက်ဆိုလို့ရှိရင် ၁၉၈၂ နိုင်ငံသားဥပဒေ ရှိပြီးသားပဲလေ။ နိုင်ငံသားဥပဒေနဲ့အညီ ဆိုလို့ရှိရင်တော့ ပေးရမှာပေါ့လေ။ ဒါမှ မဟုတ်ဘဲနဲ့ တိုင်းရင်းသားအခွင့်ရေးထိ တောင်းဆိုလာမယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့မှာ ပေးစရာအကြောင်း မရှိဘူးလို့မြင်တယ်။ ဆိုတော့ လူသားချင်းတော့ လူသားချင်းစာနာတဲ့ဟာက တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ အမျိုးသားလုံခြုံရေးနဲ့ယှဉ်ပြီး စဉ်းစားရမယ်ဆိုလို့ရှိရင်လည်း ဒါကပြဿနာတစ်ခုလို့မြင်တယ်။ ဒီပြဿနာက လွတ်လပ်ရေးမရခင်ကာလက ဖြစ်ပွားခဲ့တာတွေရှိတယ်။ ဒါပေမဲ့ ဒီဖက်တစ်လျှောက်လုံးမှာ ငြိမ်နေခဲ့တယ်ပေါ့လေ။ နောက်ပိုင်းနှစ်တွေမှာ သူတို့ပြန်ပြီးတော့ ဆူလာတယ်။ ပဋိပက္ခတွေ ရှိလာတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ နှစ်နှစ် ဆက်တိုက်ဖြစ်တယ်။ ၂၀၁၆၊ ၂၀၁၇ မှာ။ ဒါဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးလာတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ နယ်စပ်ဒေသကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အချိန်မှာ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာတဲ့ အနေအထားမျိုးဖြစ်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာက ရေရှည်ဖြစ်ပွားနေတဲ့ ပြဿနာဖြစ်တဲ့အတွက် ကာလတိုနဲ့ ဖြေရှင်းလို့တော့မရဘူး။ တဖြည်းဖြည်းနဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းသွားရမယ်။ ကျွန်တော်မြင်တာကတော့ တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေကို စီစစ်လက်ခံတဲ့နေရာမှာ ဥပဒေလုပ်ထုံးနည်းနဲ့အညီ ဖြစ်ရမယ်။ သတ်မှတ်ထားတဲ့ လဝက ဥပဒေတွေ ရှိတယ်။ နောက်ပြီးတော့ စီစစ်မယ်ဆိုရင်လည်း ၁၉၈၂ နိုင်ငံသား ဥပဒေရှိတယ်ပေါ့လေ။ ဥပဒေနဲ့အညီ စီစစ်ပြီးတော့မှ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကို ပေးဖို့လည်း မျှော်လင့်ပါ တယ်။ တိုင်းရင်းသားအခွင့်ရေးဆိုတာကတော့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။
မေး ။ ။ ဘင်္ဂါလီကိစ္စကို ဖြေရှင်းတဲ့အခါမှာ အမြန်ဖြေရှင်းလို့မရဘဲ အချိန်ယူရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမီဒီယာတစ်ခုမှာ ဖြေဆိုထားပါတယ်။ ဆိုတော့ တကယ်အချိန်ယူရမှာလား။ အမြန်ဆုံး ဖြေရှင်းလို့ မရနိုင်ဘူးလား။ ဆရာ့အနေနဲ့ ဘယ်လိုမျိုး ထင်မြင်ပါသလဲ။
ဖြေ ။ ။ ဒါက ကာလရှည်ကြာပြဿနာ ဖြစ်နေတယ်။ အချိန်တိုအတွင်း ဖြေရှင်းဖို့က ခက်နေတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့က ဒါတွေကို ပြည်တွင်းရေးအနေနဲ့ ထိမ်းထားနိုင်ခဲ့တယ်ပေါ့လေ။ ပဋိပက္ခတွေ ကြီးထွားမလာအောင် ဒီရခိုင်ဒေသမှာ နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းနှစ်ခုကို ပဋိပက္ခတွေ ဆိုးဆိုးရွားရွားမဖြစ်အောင် ထိမ်းထားနိုင်ခဲ့တယ်။ လက်ရှိမှာ ပေါက်ကွဲသွားပြီ ဖြစ်တဲ့အတွက် နိုင်ငံတော်တကာပြဿနာအဖြစ် ရောက်သွားတယ်။ ဆိုတော့ ကျွန်တော်တို့ ဖြေရှင်းရမယ့် နည်းလမ်းတွေက အများကြီး၊ ပိုပြီးတော့ ကြာနိုင်တယ်။ ဖြေရှင်းဖို့နည်းလမ်းတွေက ကျွန်တော်တို့ လေ့လာရသလောက် လက်ရှိဆောင်ရွက်နေတဲ့အထဲမှာလည်း နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်တဲ့သူကို ပေးရမယ့်ဟာတွေပါတယ်။ နောက်ပြီးတော့ အကြမ်းဖက်သမားတွေကိုလည်း စီစစ်ဖော်ထုတ်အရေးယူဖို့ လိုအပ်တယ်။ လောလောဆယ်တော့ ဒီလောက်ပဲ မြင်သေးတယ်။
မေး ။ ။ ဘင်္ဂါလီကိစ္စကို အစိုးရအဆက်ဆက်က ကိုင်တွယ်ဖြေရှင်းခဲ့ပေမဲ့ အခုချိန်ထိ လုံးဝပြေလည်သွားတာမျိုး မရှိသေးတဲ့အတွက် တကယ်လို့ ဘင်္ဂါလီ အရေးကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ၁ ကနေ ၅အထိ ပြောမယ်ဆိုရင် ဘယ်အချက်တွေက ဖြစ်နိုင်မလဲ။
ဖြေ ။ ။ တစ်အချက်ကတော့ ဥပဒေ နဲ့အညီလုပ်ရမယ်။ ဒီအချက်မှာတော့ ၁၉၈၂ နိုင်ငံသားဥပဒေ ရှိပြီးသားဖြစ်တယ်။ လက်ရှိမှာလည်း အစိုးရက ပြန်လည်လက်ခံဖို့ အစီစဉ်လုပ်နေတာ ရှိတယ်။ နံပါတ်နှစ်ကတော့ ဒါကို ဥပဒေနဲ့အညီ လုပ်ဆောင်ရမယ်ပေါ့လေ။ နံပါတ်သုံးအချက်ကတော့ ပြန်လည်ဝင်ရောက်လာမယ့် လူတွေထဲမှာ အကြမ်းဖက်သမားတွေ ပါလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂါလီရွာတွေထဲမှာပဲ အကြမ်းဖက်သမားတွေက ထွက်လာပြီး တိုက်ခိုက်တာဖြစ်တဲ့အတွက် ပြန်ပါလာ နိုင်တယ်ပေါ့လေ။ ဒါတွေကို အကြမ်းဖက်သမားတွေ ပါမလာနိုင်အောင်လို့ စီစစ်ပြီးတော့မှ ပါလာခဲ့ရင်လည်း အချိန်မီ အရေးယူထိမ်းသိန်းဖို့ လိုအပ်တယ်လို့မြင်တယ်။ နံပါတ်လေးအချက်က တစ်ဖက်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ဒီအာဆာအဖွဲ့က အဝေးရောက်အာဆာဆိုပြီး ဖွဲ့ဖို့လုပနေတာတွေရှိတယ်။ အဖွဲ့ငယ်တစ်ဖွဲ့မှာ ငါးယောက်လောက်ပါတယ်။ သူတို့က ရွာလေးဆယ်ဆီမှာ တစ်ရွာကို ၁၀၀ က နေ ၂၀၀ လောက်အထိ အင်အားစုစည်းပြီးဖြစ်တယ်။ ဒီအန္တရာယ်တွေက တစ်ချိန်မှာ ပေါက်ကွဲမလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ တိုက်ခိုက်ဖို့ အချိန်စောင့်ဆိုင်းနေတယ်လို့ ယူဆတယ်။ ဆိုတော့ နံပါတ်လေးအချက်အနေနဲ့တော့ အာဆာအဖွဲ့ရဲ့ နောက်တစ်ကြိမ် တိုက်ခိုက်လာမှုကို လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ သတိရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့လို တယ်လို့မြင်တယ်။ နံပါတ်ငါးအချက်ကတော့ ဒီလိုမျိုးလုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ Rule of engagement (သဘောတူညီချက်စည်းကမ်း) နဲ့အညီ လုပ်ဆောင်ရမယ်လို့ မြင်ပါတယ်။
- အခုလို အချိန်ပေးပြီး ဖြေကြားပေး တဲ့အတွက် ကျွန်မတို့ DMG သတင်းဌာနက ဆရာ့ကို ကျေးဇူးအထူးတင်ရှိပါတယ်။