မက္ကဆီကိုတွင် ရွှေ့ပြောင်းအခြေချသူများကို တင်ဆောင်လာသော ကုန်တင်ကား တိမ်းမှောက်၍ လူ ၅၄ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံတောင်ပိုင်း၌ ရွှေ့ပြောင်းအခြေချသူများကို တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး ကြာသပတေးနေ့က တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၅၄ ဦးသေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုဖြစ်ရပ်သည် မိမိတို့၏ အသက်ကိုရင်း၍ အမေရိကန်နိုင်ငံသို့ ရောက်ရှိရန်ကြိုးစားကြသော ရွှေ့ပြောင်းအခြေချသူများ ပါဝင်သည့် အဆိုးဝါးဆုံးသော မတော်တဆမှုများထဲမှ တစ်ခုဖြစ်သည်။

12 Dec 2021

ဓာတ်ပုံ - Reuters

DMG ၊ ဒီဇင်ဘာ ၁၂

မက္ကဆီကိုနိုင်ငံတောင်ပိုင်း၌ ရွှေ့ပြောင်းအခြေချသူများကို တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး ကြာသပတေးနေ့က တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၅၄ ဦးသေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုဖြစ်ရပ်သည် မိမိတို့၏ အသက်ကိုရင်း၍ အမေရိကန်နိုင်ငံသို့ ရောက်ရှိရန်ကြိုးစားကြသော ရွှေ့ပြောင်းအခြေချသူများ ပါဝင်သည့် အဆိုးဝါးဆုံးသောမတော်တဆမှုများထဲမှ တစ်ခုဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးနှင့် ဘေးအန္တရာယ်များ၏ နောက်ဆက်တွဲကိစ္စရပ်များ ဆိုင်ရာ အာဏာပိုင်များ၏ ဗီဒီယို မှတ်တမ်းများ အရ အဆိုပါ ကုန်တင်ယာဉ်သည် ချီယာပက်စ်ပြည်နယ် အတွင်း တက်စလာ ဂူတီယာရက်စ်မြို့ အပြင်ဘက်ရှိ ကျဉ်းမြောင်းသော အကွေ့တစ်ခု၌ တိမ်းမှောက်ချိန်တွင် ကုန်တင်ယာဉ်၏နောက်တွဲ ပွင့်ကျခဲ့ပြီး လူအများ ပြုတ်ကျသွားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာ၌ ၄၉ ဦး သေဆုံးခဲ့ပြီး ကျန် ၅ ဦးမှာ ဆေးကုသမှု ခံယူနေချိန်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ချီယာပက်စ်ပြည်နယ် အုပ်ချုပ်ရေးမှုး ရူတီလယို အီစကန်ဒွန်က ပြောကြားသည်။

“ကုန်တင်ယာဉ်က လိမ်ကောက်သွားပြီး အထဲမှာရှိနေတဲ့ ကျွန်တော်တို့လည်း အဲဒီမှာ ညှပ်ပါသွားတာ” ဟု   အခင်းဖြစ်ပွားရာ နေရာရှိ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြသားသည့် ဗီဒီယိုဖိုင်တစ်ခု၌  တုန်လှုပ်နေဟန်ရှိသော ဂွာတီမာလာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

“ကုန်တင်ယာဉ်ရဲ့နောက်တွဲက လူအများရဲ့ အလေးချိန်ကို မထိန်းနိုင်ခဲ့ဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ကုန်တင်ယာဉ်၏ နောက်တွဲထဲတွင် လူအယောက် ၁၀၀ ဦးထက်မက ပါရှိနေခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။ လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဂွါတီမာလာနှင့် ထိစပ်လျက်ရှိသော ချီယာပက်စ်ရှိ ဆေးရုံများသို့ခေါ်ဆောင်သွားခဲ့သည်။

အမေရိကတိုက်အလယ်ပိုင်းရှိ ဆင်းရဲမွဲတေမှုများနှင့် အကြမ်းဖက်မှုများမှ ထွက်ပြေးလာကြသော ရွှေ့ပြောင်းအခြေချသူများသည် ပုံမှန်အားဖြင့် အမေရိကန်နယ်စပ်သို့ ရောက်ရှိရန်အတွက် မက္ကဆီကိုနိုင်ငံကိုဖြတ်၍ ခြေကျင်ခရီးဖြင့် သွားကြသော်လည်း တစ်ခါတစ်ရံ၌ မှောင်ခိုသွင်းသူများ စီစဉ်သည့် ကုန်တင်ကားထဲတွင် အလွန်တရာ အန္တရာယ်ရှိသော အခြေအနေဖြင့် ပြွတ်သိပ်စွာလိုက်ပါ ကြရလေ့ရှိသည်။

ဗီဒီယိုများ