မြောက်ဦးနှင့် မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျ၍ ဒေသခံ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။ 

By Admin 23 Nov 2023

စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသော မြောက်ဦးမြို့နယ်၊ လေညှင်းသာရွာဒေသခံ။ ဓာတ်ပုံ - CJ
စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသော မြောက်ဦးမြို့နယ်၊ လေညှင်းသာရွာဒေသခံ။ ဓာတ်ပုံ - CJ

DMG ၊ နိုဝင်ဘာ ၂၃ 

ရခိုင်ပြည်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။ 

သေဆုံးသွားသူများမှာ မင်းပြားမြို့နယ်၊ ကေသလာပြွန်ဝကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဖြူလုံးနှင့် မြောက်ဦးမြို့နယ်၊ လေညှင်းသာကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးဦးကျော် ဖြစ်သည်။

မင်းပြားမြို့နယ် ကေသလာပြွန်ဝကျေးရွာမှာ အသက် ၇၀ ကျော်အရွယ် ဦးဖြူလုံးမှာ ကြပ်စင်တံတားအနီး လယ်ကွင်းတွင် စပါးစောင့်ပြီးအိပ်နေစဉ် ယနေ့ နံနက် ၁ နာရီကျော်အချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်းဟု ဒေသခံများက ပြောသည်။ 

“ဦးဖြူလုံးက ကြပ်စင်တောင် တံတားအောက်မှာ စပါးစောင့်ပြီး အိပ်နေတာ။ အဲဒီမှာ လက်နက်ကြီးပေါက်ကွဲပြီး ကျည်စလာမှန်တာ။ ပွဲချင်းပြီးသေသွားတာ” ဟု ကေသလာပြွန်ဝကျေးရွာ ဆရာတော်က မိန့်ကြားသည်။ 

အဆိုပါဖြစ်စဉ်အတွင်း ဦးဖြူလုံးနှင့်အတူ လယ်ကွင်းထဲအိပ်နေသည့် လက်ဝါးခတ်ကျေးရွာမှ ဦးသန်းလုံးမောင် မှာလည်း လက်နက်ကြီးကျည်စထိမှန်ကာ ညာဘက်ပုခုံး၌ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားကြောင်း  သိရသည်။ 

ယင်းအနီးအနားသို့ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်တွင် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် နေ့ရောညပါ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“လက်နက်ကြီးကျတဲ့အချိန်က လူတွေအိပ်ပျော်နေတဲ့အချိန်။ အဲဒီအချိန်က မင်းပြားဘက်က လက်နက်ကြီးတွေ လှမ်းပစ်နေတာတော့ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ထို့အပြင် နိုဝင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီခွဲက စစ်ကောင်စီစစ်သင်္ဘောမှ ကုလားတန်မြစ်ကြောင်းတလျောက် ရမ်းသမ်းပစ်ခတ်ရာတွင် မြောက်ဦးမြို့နယ်၊ လေညှင်းသာကျေးရွာမှ ဦးဦးကျော်မှာ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ 

လေညှင်းသာကျေးရွာနေ အမျိုးသမီးတစ်ဦးက “နေဗီက ရွားနားက ကပ်ပြီးပစ်တာ။ ရွာထဲကိုပဲပစ်တာ။ ၄ ကြိမ်ပစ်တာ နောက်ဆုံးအကြိမ်မှာ ထိသွားတာ။ ကျမတို့က ထွက်မကြည့်ရဲသေးဘူး” ဟု ပြောသည်။

နိုဝင်ဘာ ၂၂ ရက်နေ့က လေညှင်းသာကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနေဗီဖြင့် လာရောက်ပစ်ခတ်နေသည်မှာ ၂ ရက်ရှိပြီဟု ဒေသခံများက ပြောကြသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ် တိုးလာနေသည်။ DMG က လတ်တလော ကောက်ယူထားသည့် စာရင်းအရ တကျော့ပြန် တိုက်ပွဲအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီး/ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိသူ ၈၀ ကျော်ခန့်ရှိသည်။

#D004 #D008

ဗီဒီယိုများ