ရခိုင်တွင် တိုက်ပွဲတိမ်းရှောင်သူများ စားနပ်ရိက္ခာ ပြတ်လပ်မည့်အရေးနှင့် ကြုံနေရ 

ထွက်ပြေးတိမ်းရှောင်လာသူများ စားသောက်နေထိုင်ရေးနှင့်ပတ်သက်၍ ၎င်းတို့ ယာယီခိုလှုံရာကျေးရွာများရှိ ဒေသခံများက ဝိုင်းဝန်းကူညီပေးထားကြသည်။ လက်ရှိတွင် ၎င်းကျေးရွာများ၌လည်း ဆန်အပြင် ဆီ၊ ကြက်သွန်၊ ငရုတ် စသည့် အခြေခံစားသောက်ကုန်များ ပြတ်လပ်လာပြီဖြစ်သည်။ 

By Admin 23 Nov 2023

ပေါက်တောမြို့မှ တိုက်ပွဲရှောင်မိသားစုတစ်စုအား တွေ့ရစဉ်။
ပေါက်တောမြို့မှ တိုက်ပွဲရှောင်မိသားစုတစ်စုအား တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၂၃ 

ရခိုင်ပြည်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို ကြောက်လန့်မှုကြောင့် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ စားနပ်ရိက္ခာ ပြတ်လပ်မည့်အရေးနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။  

ထွက်ပြေးတိမ်းရှောင်လာသူများ စားသောက်နေထိုင်ရေးနှင့်ပတ်သက်၍ ၎င်းတို့ ယာယီခိုလှုံရာကျေးရွာများရှိ ဒေသခံများက ဝိုင်းဝန်းကူညီပေးထားကြသည်။ 

လက်ရှိတွင် ကျေးရွာများ၌လည်း ဆန်အပြင် ဆီ၊ ကြက်သွန်၊ ငရုတ် စသည့် အခြေခံစားသောက်ကုန်များ နည်းပါးနေပြီဖြစ်၍ ခရီးသွားလာခွင့်မရပါက ရိက္ခာ လုံးဝပြတ်တောက်သွားနိုင်ကြောင်း ပြောဆိုကြသည်။ 

“လူဦးရေကများတော့ ရက်တာရှည်လာတာနဲ့အမျှ ရိက္ခာတွေက နည်းနည်းလာပြီ။ တစ်နေရာနဲ့တစ်နေရာ သွားလို့မရဘူး။ အခု ရွာမှာလည်း ဆန်သိပ်မရှိတော့ဘူး။ ရက်ပိုင်းလောက်ပဲ စားလို့ရတော့မယ်။ လူမှုကူညီရေးအဖွဲ့တွေလည်း မရောက်တော့ ပိုဆိုးနေတယ်” ဟု ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာမှုကို ကန့်သတ်ပိတ်ပင်ထားပြီး မြို့အဝင်အထွက်ဂိတ်များကိုလည်း ပိတ်ဆို့ထားသည်မှာ (၁၀) ရက်ကျော် ကြာမြင့်လာပြီဖြစ်သည်။  

တိုက်ပွဲကြောင့် ထွက်ပြေးလာသူများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ပြေးလာရခြင်းဖြစ်၍ စားသောက်နေထိုင်ရေးအတွက် ၎င်းတို့ယာယီခိုလှုံရာကျေးရွာများရှိ ဒေသခံများကို အမှီပြုနေကြရသည်။ 

ပေါက်တောမြို့မှ ထွက်ပြေးလာသည့် အမျိုသမီးတစ်ဦးက “အသက်လုပြီးပြေးလာရတော့ ကျမတို့မှာ ဘာမှမပါဘူး။ စားသောက်နေထိုင်ဖို့ ဒီကလူတွေက ကြိုးစားပြီးလုပ်ပေးကြတယ်။ အခုက ရိက္ခာတွေလည်း နည်းလာတယ်လို့ သိရတယ်။ ဒီမှာရိက္ခာပြတ်ရင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ ကျမတို့ကို ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။   

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို ပိတ်ထားသည့်အပြင် NGO/INGO နှင့် အရပ်ဖက်အဖွဲ့များကိုလည်း လိုက်လံဖမ်းဆီးနေခြင်းကြောင့် ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ရပ်တန့်နေသည်။ 

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် အရပ်သားပြည်သူများ၏ ရွှေ့ပြောင်းသွားလာမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် အကန့်အသတ်ဖြစ်နေကြောင်း UNOCHA က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။  

“လက်နက်ကိုင်အချင်းချင်းတိုက်ကြတာမှာ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ ဒုက္ခရောက်အောင် လုပ်ဆောင်တာက မဖြစ်သင့်ဘူး။ လူ့အခွင့်အရေးတွေကိုလည်း လေးစားလိုက်နာဖို့လိုတယ်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆ သောင်းနီးပါးရှိနေပြီ ဖြစ်သည်။  

#D011 #DMG 

ဗီဒီယိုများ