ရသေ့တောင်မြို့နယ်တွင် ဒေသခံတစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရ

ရသေ့တောင်မြို့နယ် အခြေစိုက် ရေစိုးချောင်းဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ 

By Admin 22 Nov 2023

ရသေ့တောင်မြို့ဝင်ဆိုင်းဘုတ်။
ရသေ့တောင်မြို့ဝင်ဆိုင်းဘုတ်။

DMG ၊ နိုဝင်ဘာ ၂၂ 

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးမှာ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။  

ဒဏ်ရာရရှိသူမှာ ဦးကျော်သန်းမောင် (၄၂ နှစ်) ဖြစ်ပြီး ရသေ့တောင်မြို့နယ် အခြေစိုက် ရေစိုးချောင်းဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်၊။ 

“ရွာထဲကို လက်နက်ကြီး ၄ လုံးကျပါတယ်။ သူက အိမ်ကနေ တခြားနေရာတစ်ခုကို ထွက်ပြေးတဲ့အခါ  လက်နက်ကြီးပစ်တော့ ဝပ်နေတာ။ အဲဒီအချိန်မှာ ကျည်စထိမှန်သွားတာ” ဟု ငစံဘော်ရွာသားတစ်ဦးက ပြောသည်။  

ကျည်စထိမှန်မှုကြောင့် ဦးကျော်သန်းမောင်၏ ဘယ်ဘက်ပေါင်နှင့်ခြေဖမိုးတို့တွင် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။  

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေစိုးချောင်းဗျူဟာကုန်းမှ လက်နက်ကြီး ၁၀ ကြိမ် ထက်မနည်းပစ်ခတ်ခဲ့ပြီး ယမန်နေ့ကလည်း မညှင်းတောင်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ငစံဘော်ကျေးရွာမှ နောက်ထပ်အမျိုးသားတစ်ဦးက “ရွာမှာက ယောကျ်ားပဲရှိတော့တာ။ ပထမနေ့ကတည်းကနေ တိမ်းရှောင်နေကြတာ။ အခု ကျန်တဲ့သူတွေစုရုံးပြီးတော့ တစ်နေရာမှာ နေကြပါတယ်။ ဒီမှာက တိုက်ပွဲဖြစ်တာလည်းမရှိဘဲ စစ်သားတွေက ရမ်းပစ်နေတာပါ” ဟု ပြောသည်။  

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ်တွင် ကျောက်ရံ၊ မောင်ဖြူရွာ၊ သာစည်၊ ငစံဘော်၊ ရေဘုတ် စသည့် ကျေးရွာများမှ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်းဖြစ်ပြီး ကျေးရွာအတွင်း တချို့တစ်ဝက်သာ ကျန်ရှိတော့ကြောင်း သိရသည်။  

နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ စစ်ကောင်စီ လက်နက်ငယ်ထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ်တိုးလာနေသည်။ DMG က ကောက်ယူထားသောစာရင်းအရ တိုက်ပွဲ ၁၀ ရက်အတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိသူ ၈၀ ခန့်ရှိသည်။ 

#D003 #DMG

ဗီဒီယိုများ