ရခိုင်တိုက်ပွဲ ၁၀ ရက်အတွင်း သေဆုံးဒဏ်ရာရသူ အရပ်သား ၆၈ ဦးထက်မနည်းရှိ 

DMG စာရင်းအရ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးဖြစ်သည်။ ယင်းအထဲတွင် အမျိုးသား ၃၀ ကျော်၊ အမျိုးသမီး ၂၀ ကျော်နှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၁ ဦးထက်မနည်း ပါဝင်သည်။ 

By Admin 23 Nov 2023

နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ - CJ
နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ - CJ

DMG ၊ နိုဝင်ဘာ ၂၃ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်ထိ ၁၀ ရက်တာအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် အရပ်သား သေဆုံး၊ ဒဏ်ရာရသူ ၆၈ ဦး ထက် မနည်းရှိလာသည်။

DMG စာရင်းအရ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးဖြစ်သည်။ ယင်းအထဲတွင် အမျိုးသား ၃၀ ကျော်၊ အမျိုးသမီး ၂၀ ကျော်နှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၁ ဦးထက်မနည်း ပါဝင်သည်။  

သေဆုံးသူများမှာ မင်းပြားမြို့နယ်တွင် ၅ ဦး၊ မြောက်ဦးမြို့နယ်တွင် ၃ ဦး၊ ကျောက်တော်မြို့နယ်တွင် ၂ ဦး၊ အမ်းမြို့နယ်တွင် ၁ ဦးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၄ ဦးဖြစ်သည်။ 

ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ်တွင် ၂၀ ဦး၊ မြောက်ဦးမြို့နယ် ၃ ဦး၊ ကျောက်တော်မြို့နယ် ၄ ဦး၊ အမ်းမြို့ နယ် ၇ ဦး၊ မြေပုံမြို့နယ် ၃ ဦး၊ မောင်တောမြို့နယ် ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ၁ ဦး၊ ဘူးသီးတောင်မြို့နယ် ၁ ဦး၊ ရသေ့တောင်မြို့နယ် ၁ ဦးနှင့် ချင်းပြည်နယ် ပလက်မြို့နယ်မှ ၁၂ ဦး ဖြစ်သည်။

သေဆုံးဒဏ်ရာရသူအများစုမှာ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခြင်း နှင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့်ဟု ဒေသခံများထံမှ သိရသည်။ 

“တိုက်ပွဲမဖြစ်ဘဲနဲ့ သွားရင်းလာရင်း ကျည်ထိမှန်လိမ့်မယ်လို့  ဘယ်သူကထင်မှာလဲ။ လမ်းမှာ အေးအေးဆေးဆေး သွားလာနေတဲ့ အရပ်သားတွေကို ပစ်သတ်တာက လူမဆန်တဲ့လုပ်ရပ်ပဲ” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။ 

နိုဝင်ဘာလ ၁၃ ရက်က မြောက်ဦးမြို့ မြင်းခုန်တန်းရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ အိမ်စီးကားတစ်စီးနှင့် တုတ်တုတ်ယာဉ်တစ်စီးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုတွင် ယာဉ်မောင်းအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့သည်။ 

နိုဝင်ဘာလ ၁၄ ရက်ကလည်း မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်) ကျေးရွာကို မင်းပြားမြို့ အခြေစိုက် စစ်ကော်စီတပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ မြေပုံ၊ အမ်းနှင့် ကျောက်တော် မြို့နယ်တို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦးက “သူတို့ (စစ်ကောင်စီ) AA ကို တိုက်တာလား။ ပြည်သူကို တိုက်တာလား မသေးကွဲဘူး။ တကယ်လို့ ပြည်သူတွေကို အငြိုးထားတိုက်တာဆိုရင်လည်း ပြည်သူမှာ လက်နက်မရှိဘူး၊ ခံနေရမှာပဲ” ဟု ပြောသည်။ 

ယခု ကောက်ယူထားသည့် သေဆုံး၊ ဒဏ်ရာရစာရင်းထဲတွင် တိုက်ပွဲပြင်းထန်နေသည့် ပေါက်တောမြို့ မပါဝင်ပေ။ ပေါက်တောမြို့တွင် သေဆုံးဒဏ်ရာရသူ ၂၀ ဦးခန့်ရှိကြောင်း DMG က စုံစမ်းသိရှိထားသော်လည်း တိကျသော မြေပြင်အချက်အလက် ရရှိရန် ခက်ခဲနေသဖြင့် ချန်လှပ်ခဲ့ရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ရခိုင်တိုက်ပွဲကာလက အရပ်သားများအပေါ် ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ ယခု တကျော့ပြန်တိုက်ပွဲတွင်လည်း အရပ်သားပြည်သူများမှာ စစ်ကောင်စီ၏ ပစ်မှတ်ထားမှုကို ပိုမိုကြုံတွေ့လာနိုင်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။  

ဘူးသီးတောင်မြို့နယ်၊ လွတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “အခုတိုက်ပွဲမှာ စစ်ကောင်စီက အရင်ကထက် ပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက်လိမ့်မယ်။ သူတို့မှာက မြေပြင်လွှမ်းမိုးမှု မရှိတော့တာကြောင့် လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ လက်နက်ကြီးတွေကို အားကိုးပြီး ထိထိချင်ရာထိ လှမ်းပစ်တာတွေလုပ်နေတာ။ ဒါကြောင့် ပြည်သူထိခိုက်မှုတွေ အရင်ကထက် ပိုများလာနိုင်တယ်” ဟု ပြောသည်။ 

တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေကြသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်မထားကြရန်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က တောင်းဆိုထားသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဓလေ့ထုံးတမ်းဥပဒေတွင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို အရပ်သားများကို ကာကွယ်ပေးရန်နှင့် အရပ်သားများကို တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ လူသားဒိုင်းကာများ မပြုလုပ်ရန် ဖော်ပြထားပြီး ကျူးလွန်သူများကို စစ်ရာဇဝတ်မှုအရ အရေးယူနိုင်ကြောင်း ပြဌာန်းထားသည်။ 

#D005 #DMG

ဗီဒီယိုများ