လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် စစ်တွေမြို့တွင် ဈေးဆိုင်အများအပြား ပိတ်ထား

နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းကစပြီး ယခုအချိန်ထိ ဆတ်ရိုးကျဝါးဆိပ်တံတားအနီးရှိ အမှတ်-၁၂ လုံခြုံရေးရဲတပ်ဖွဲ့(ခွဲ)ကနေ ပေါက်တောမြို့နယ်အတွင်းသို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသည်။ 

By Admin 22 Nov 2023

ပြည်နယ်စစ်ကောင်စီရုံးရှေ့ ဈေးဆိုင်တန်းရှိ အရောင်းဆိုင်များပိတ်ထားသည်ကို နိုဝင်ဘာလ ၂၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပြည်နယ်စစ်ကောင်စီရုံးရှေ့ ဈေးဆိုင်တန်းရှိ အရောင်းဆိုင်များပိတ်ထားသည်ကို နိုဝင်ဘာလ ၂၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ နိုဝင်ဘာ ၂၂ 

စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်နေသဖြင့် စစ်တွေမြို့တွင် ဈေးဆိုင်အများအပြား ပိတ်ထားပြီး လူသွားလူလာနည်းပါးနေကြောင်း မြို့ခံများက ပြောသည်။ 

နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းကစပြီး ယခုအချိန်ထိ ဆတ်ရိုးကျဝါးဆိပ်တံတားအနီးရှိ အမှတ်-၁၂ လုံခြုံရေးရဲတပ်ဖွဲ့(ခွဲ)ကနေ ပေါက်တောမြို့နယ်အတွင်းသို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသည်။ 

ယမန်နေ့ ည ၉ နာရီကလည်း စစ်တွေမြို့ရှိ မီးစက်ခွဆုံတွင် သေနတ်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

“ညက သေနတ်သုံးကြိမ်ပစ်တယ်။ တစ်ကြိမ်ပစ်ရင် သေနတ်အချက်ပေါင်းများစွာပါတယ်။ ဒီမနက် စစ်တွေက ဈေးဆိုင်တဝက်လောက် ပိတ်ထားကြပြီ။ ဈေးမှာလူတွေလည်း ကြိတ်ကြိတ်တိုးလို့။ ပြီးတော့ ဒေသခံတွေက နယ်ဘက်ကို တိမ်းရှောင်နေကြတယ်။ စစ်တွေမြို့မှာနေရတာ မလုံခြုံတော့သလို ခံစားလာရတယ်” ဟု စစ်တွေမြို့၊ ဓညဝတီရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ 

လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေသဖြင့် စစ်တွေမြို့ခံများမှာ စိုးရိမ်စိတ်မြင့်တက်နေပြီး လုံခြုံမည့်နေရာများသို့ တိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

“ညကပစ်ခတ်မှုက လူတချို့ မြို့ထဲမှာသွားလာနေကြလို့ ပစ်လိုက်တာလို့ သိရတယ်။ ပစ်ခတ်မှုကြောင့် လူတချို့ ကြောက်ပြီး စစ်တွေမှာ မနေရဲကြတော့တဲ့အထိ ဖြစ်လာတယ်။ စိုးရိမ်စိတ်တွေအပြည့်နဲ့ နေထိုင်နေကြရတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။  

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာလ ၁၃ ရက်မှစပြီး တိုက်ပွဲပြင်းထန်နေသည်။ 

တိုက်ပွဲစဖြစ်သည့်နေ့၌ပင် စစ်တွေမြို့တွင် ည (၉) နာရီနောက်ပိုင်း အပြင်မထွက်ကြရန် စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး သံချပ်ကာကားများဖြင့် မြို့တွင်းလှည့်လည် အင်အားပြခဲ့သည်။ 

“စစ်တွေအခြေနေကတော့ သိပ်ကောင်းပုံမပေါ်ဘူး။ ဘာဆက်ဖြစ်လာမလဲ စိတ်ဝင်စားနေကြတယ်။ တချို့ကတော့ စိုးရိမ်မှုတွေကြောင့် နယ်ဘက်တွေကို ရှောင်သွားကြပြီ။ ကျမကတော့ မသွားဘူး။ လူတွေနေရပ်ကို စွန့်ခွာသွားရင် စစ်သားတွေပုန်းခိုဖို့ နေရာထားခဲ့သလိုဖြစ်မှာစိုးလို့ ဘယ်မှမသွားဘူး” ဟု စစ်တွေမြို့မှ အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

တကျော့ပြန်ရခိုင်စစ်ပွဲတွင် မြို့ပြနေပြည်သူများမှာ နေရပ်စွန့်ခွာပြီး လုံခြုံရာဒေသများသို့ သွားရောက်တိမ်းရှောင်မှု များပြားလာနေသည်။ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်သူဦးရေမှာ တဖြည်းဖြည်းများပြားလာနေပြီး DMG သတင်းဌာနက လတ်တလော ကောက်ယူထားသောစာရင်းအရ နေရပ်စွန့်ခွာသူ ၆ သောင်းနီးပါးထိ ရှိနေပြီဖြစ်သည်။ 

#D004 #DMG

ဗီဒီယိုများ