- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ရခိုင်ဒေသ၏ အနာဂတ်အရေး အာရက္ခတပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Diplomat ဆက်သွယ်မေးမြန်းချက် (၂)
“ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ်တစ်ရပ် ရှိပါလိမ့်မယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ”
12 Sep 2024
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရိုဟင်ဂျာတွေအပေါ်မှာ၊ ရခိုင်မှာတော့ “ဘင်္ဂါလီမွတ်ဆလင်” လို့ ခေါ်ကြတာပေါ့လေ။ သူတို့အပေါ်မှာ ထားတဲ့သဘောထားဟာ အာရက္ခတပ်တော်နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်တို့ရဲ့ သဘောထားအမြင်နဲ့ အတော်အသင့် ကွဲလွဲနေပါတယ်။ ဒီအပေါ်မှာ ခင်ဗျားရဲ့အမြင်က ဘယ်လိုရှိပါသလဲ။
မြန်မာ့နိုင်ငံရေးကို ပိုကောင်းတဲ့ လမ်းကြောင်းပေါ်ရောက်အောင် မောင်းနှင်ဖို့အတွက် NUG ကို အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့မှာ သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိတယ်၊ အထူးသဖြင့် အာရက္ခဒေသရဲ့ ပြည်တွင်းအရေးနဲ့ ပတ်သက်လာရင်ပေါ့လေ။ သူတို့ရဲ့ မတူညီတဲ့ မူဝါဒရဲ့ နောက်ကွယ်မှာ ကွဲပြားခြားနားတဲ့ အရင်းခံအကြောင်းတွေနဲ့ အကျိုးစီးပွားတွေ ရှိနေနိုင်ပါတယ်။
ကျွန်တော်တို့ ULA/AA ဟာ အာရက္ခပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားသလို နယ်မြေထိန်းချုပ်မှုလည်း ရှိထားပါတယ်။ ဒီကိစ္စကို ဖြေရှင်းတဲ့ လုပ်ငန်းစဉ်မှာ ကျွန်တော်တို့ရဲ့ မူဝါဒဟာ အခွင့်အလမ်းတွေ အများကြီး ဆောင်ကြဉ်းပေးနိုင်မှာပါ။ ဒီထက်ပိုအရေးကြီးတာက ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ ထွက်ပေါ်လာတဲ့ ဘယ်လိုအပြောင်းအလဲမျိုးမဆိုဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေအပေါ်မှာလည်း ရိုက်ခတ်မှု ရှိလိမ့်မယ် ဆိုတာပါပဲ။ ဒါကြောင့် မတူတဲ့ ခံယူချက်နဲ့ အကျိုးစီးပွားတွေကြောင့် မတူကွဲပြားတဲ့ မူဝါဒတွေ ရှိနေကြတာ ဖြစ်ပါတယ်။
■ ULA ဟာ လုပ်ရကိုင်ရကျပ်စရာ ဖြစ်တဲ့ အစားထိုးအုပ်ချုပ်ရေးတစ်ရပ် မြန်နိုင်သမျှမြန်မြန် ထူထောင်ရမယ့် တာဝန်ရှိနေပါတယ်။ အဖွဲ့အနေနဲ့ ဒါကို အပြီးစီး ဆောင်ရွက်ဖို့အတွက် အချိန်တစ်ရပ် သတ်မှတ်ထားတာ ရှိပါသလား။
ရခိုင်စစ်မျက်နှာမှာ ၁၈ မြို့နယ်ထဲက ၁၁ မြို့နယ်ကို လွတ်မြောက်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ကျန်တဲ့မြို့နယ်တွေ လွတ်မြောက်ရေးအတွက် ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ပိုကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ်ကို ဖြည်းဖြည်းနဲ့မှန်မှန် စတင်ထူထောင်နေပါတယ်။ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ တရားစီရင်ရေးတို့လို အရေးပါတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် ဆီလျော်မယ့် အုပ်ချုပ်ရေးပုံစံတစ်ရပ် ထူထောင်ရတာဟာ ခင်ဗျားပြောခဲ့သလိုပဲ ကျွန်တော်တို့အတွက် တကယ့်ကို လုပ်ရကိုင်ရကျပ်တဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။
သင့်တော်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတစ်ရပ် ထူထောင်ရတာဟာ စစ်ရေးစစ်ရာတွေလိုပဲ ထပ်တူအရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ စစ်ရေးနယ်ပယ်မှာ ကျွန်တော်တို့ အောင်ပွဲရထားသလိုပဲ “အုပ်ချုပ်ရေးအောင်ပွဲ” တစ်ရပ်လည်း မဝေးလှတဲ့ အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်ပါတယ်။
■ ဘယ်လိုပုံစံ အုပ်ချုပ်ရေးမိုဒယ်မျိုးကို ကျင့်သုံးမှာပါလဲ။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချမှာလား၊ ဒါမှမဟုတ် ဗဟိုကချုပ်ကိုင်မှာလား။
ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ် (Unitary State System) တစ်ရပ် ရှိပါလိမ့်မယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ။ ကနဦးအပိုင်းမှာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ တစ်ပြည်ထောင်အစိုးရ တစ်ရပ်ကို ထူထောင်ပြီးမှ နောက်ပိုင်းမှာ အရည်အချင်းနဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာအသီးသီးဆီ ခွဲဝေသွားနိုင်ခြေရှိပါတယ်။ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေရဲ့ အကျိုးကျေးဇူးကို အာရက္ခပြည်သူအားလုံး ရရှိစေလိုတဲ့ဆန္ဒ ရှိအတွက် ကျွန်တော်တို့ရဲ့ စီးပွားရေးမူဝါဒကတော့ ယေဘုယျအားဖြင့် Welfare-oriented (အများပြည်သူဝန်ဆောင်မှုနှင့် ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုသည့် စနစ်) ဖြစ်ပါလိမ့်မယ်။
■ ရခိုင်မှာ ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက်ကလွဲရင် ကျန်တဲ့ ကုန်စည်အားလုံးနီးပါး ဆိုးဆိုးဝါးဝါး ပြတ်လပ်မှု ဖြစ်နေပါတယ်။ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားပါသလဲ။
ကျွန်တော်တို့ရဲ့ ပြည်သူလူထုဟာ အလွန့်အလွန်ကို ရဲရင့်ပြီးတော့ ခံနိုင်ရည် ရှိကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ထောက်ခံအားပေးမှု မပါဘဲ ULA/AA ဟာ ဒီအခြေအနေထိ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စစ်ပွဲကာလကို ကြုံတွေ့လာရတာ အခုဆိုရင် ခြောက်နှစ်ကျော်ပါပြီ။ ဒီကာလဟာ အာရက္ခပြည်သူလူထု အားလုံးအတွက် သိပ်ခက်ခဲတဲ့ ကာလတွေပါ။ အဓိကကတော့ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ ခေတ်သစ်သမိုင်းထဲက အခက်ခဲဆုံးကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့လက်ထဲက အာရက္ခပြည်ရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်ဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန် ဖြစ်တယ် ဆိုတာကိုတော့ သတိပြုဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ဆန်ရှိတယ်။ ဟင်းသီးဟင်းရွက်၊ ငါး ရှိတယ်။ ဒါတွေဟာ ကျွန်တော်တို့ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့အတွက် ယာယီအားဖြင့် လုံလောက်ပါတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတာ ဖြစ်တဲ့အတွက် ဒေသတွင်းက အသိုင်းအဝိုင်းတွေ အားလုံးမှာ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုတွေတော့ ရှိနိုင်ပါသေးတယ်။
အခုလို အရေးပေါ် ကာလမျိုးမှာ စေတနာမှန်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ လူသားချင်းစာနာမှု အထိုင်ပေါ်မှာ အခြေခံပြီး ကျွန်တော်တို့နဲ့အတူတူ ရပ်တည်ပေးကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်တလျှောက်မှာ ကုန်သွယ်ရေး အခွင့်အလမ်းတွေ တိုးမြှင့်ဆောင်ရွက်နိုင်အောင် အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်။
■ ပလက်ဝဒေသ လွတ်မြောက်မှုနဲ့ အာရက္ခတပ်တော်ရဲ့ နောက်ဆက်တွဲ သိမ်းပိုက်မှုတွေကို ချင်းအမျိုးသားတပ်ဦး CNF အပါအဝင် ချင်းတော်လှန်ရေးအုပ်စုအချို့က ကန့်ကွက်ကြပါတယ်။ ဒီကိစ္စဟာ စစ်အစိုးရကို တော်လှန်နေကြတဲ့ အုပ်စုတွေညီညွတ်ရေးမှာ အဟန့်အတား ဖြစ်သွားနိုင်ပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားပါသလဲ။
ပလက်ဝဟာ ရခိုင်တွေ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ပိုင်နက်တစ်ခု ဖြစ်ပါတယ်။ ဒီဒေသဟာ ရခိုင်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းထောင်ချီ ရှိခဲ့တာပါ။ ရခိုင်ထီးနန်း ပြိုလဲသွားတဲ့ သက္ကရာဇ် ၁၇၈၄ ခုနှစ်တည်းက ကျွန်တော်တို့ဟာ ပြင်ပအင်အားကြီးတွေဆီမှာ သိမ်းပိုက်ခံ ဖိနှိပ်ခံ ဖြစ်နေခဲ့ရသလို ကျွန်တော်တို့ရဲ့ ကံကြမ္မာကိုလည်း ဒီနယ်ချဲ့သမားတွေပဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအဖြစ် ကျွန်တော်တို့ဟာ နယ်မြေဒေသ အစွန်အဖျားလောက်သာမက အဓိကအစိတ်အပိုင်း တချို့ကိုပါ လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။
ဗမာမင်းဆက်နဲ့ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးကာလ နှစ်ချိန်လုံးမှာ ဒီနယ်မြေဟာ အာရက္ခဒေသရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည် လွတ်လပ်ရေး ရလာပြီးနောက်ပိုင်းမှာ ဦးနုအစိုးရဟာ ဒီပိုင်နက်ကို ရခိုင်လူထုရဲ့ သဘောထားဆန္ဒ မပါဘဲ သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အကျိုးအမြတ်တွေအတွက် ရည်ရွယ်ချက်ရှိရှိ အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်ပါတယ်။ ရခိုင်ဒေသကနေ အမည်ခံ ဖြစ်တောက်ပစ်လိုက်တယ် ဆိုပေမယ့်လည်း ဒီဧရိယာရဲ့ အုပ်ချုပ်ရေးဟာ သမိုင်းစဉ်ဆက် ရခိုင်ကနေပဲ ဆင်းသက်တာ ဖြစ်သလို စစ်ကောင်စီရဲ့ “အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်” ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာလည်း ဖြစ်ပါတယ်။
ပလက်ဝဒေသနဲ့ ဒီဒေသက ပြည်သူတွေဟာ သမိုင်းကြောင်းအရ၊ ပထဝီအနေအထားအရ၊ ယဉ်ကျေးမှုအရ၊၊ လူမှုစီးပွားအရ ရခိုင်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ရေးလှုပ်ရှားမှုတွေ စတင်ချိန်တည်းက တိုက်ပွဲဖြစ်နေတဲ့ အချိန်မျိုးမှာပါမကျန် အဓိကအလေးထားလာတာဟာ ဒေသခံလူထုကို အကာအကွယ်ပေးရေး ဖြစ်ပါတယ်။ အခု ဒီဧရိယာကို လွတ်မြောက်အောင် ကျွန်တော်တို့ ဆောင်ရွက်ပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ အုပ်ချုပ်ရေးရဲ့ အဓိကပန်းတိုင်ဟာ ဒီဒေသမှာ နေထိုင်ကြသူတွေ အတွက် အရေးပါတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေ လက်ရှိအုပ်ချုပ်ရေးအဖွဲ့မှာ ပိုမိုပါဝင်လာပြီး သူတို့ပိုင်တဲ့နယ်မြေဒေသတွေ တိုးတက်ဖွံ့ဖြိုးရေးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်စေနိုင်ဖို့လည်း ကျွန်တော်တို့ ရည်မှန်းထားပါတယ်။
လက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ ပလက်ဝဒေသကို တည်ငြိမ်လုံခြုံအောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကုလားတန်စီမံကိန်းလိုမျိုး အရေးကြီးတဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေကို အချိန်နဲ့တပြေးညီ ဘေးကင်းလုံခြုံစွာ အကောင်အထည်ဖော် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီစီပွားရေး ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖွံ့ဖြိုးလာခြင်းဟာ ဒီဒေသက ပြည်သူတွေအတွက်သာမက အိန္ဒိယ၊ ရခိုင်နဲ့ ဒေသတွင်းက အခြား ပါဝင်ပတ်သက်နေသူတွေ အားလုံးအတွက် အကျိုးအမြတ် ရှိစေမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ ပလက်ဝအရေးကြောင့် အာရက္ခပြည်သူလူထုနဲ့ အိမ်နီးချင်း ချင်ပြည်နယ်က တချို့သူတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ပဋိပက္ခတွေ ပိုမိုဆိုးရွားသွားစေမှာမျိုးကို မလိုလားပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့ဟာ “ချင်းညီနောင်” (Chin Brotherhood) ကတစ်ဆင့် ချင်းညီအစ်ကိုတွေနဲ့ ညီရင်းအစ်ကိုစိတ်ဓာတ် မွေးပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နေတာ ဖြစ်တဲ့အတွက် ဒီကိစ္စကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခင်အမင်မပျက် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
■ အာရက္ခဒေသအတွက် ဘယ်လိုအနာဂတ်မျိုးကို မျှော်မှန်းထားပါသလဲ။ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်ရှိနေမှာလား။
ULA/AA ရဲ့ အဓိကရည်မှန်းချက်က အာရက္ခဒေသနဲ့ ပြည်သူလူထု အတွက် အလုံးစုံ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အခြားသော အစိုးရတွေနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ကွန်ဖက်ဒရိတ်ပြည်နယ်တစ်ခု တည်ဆောက်ရေးကို ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ မြန်မာနိုင်ငံက အခြားသော အရေးပါတဲ့ သက်ဆိုင်သူတွေလည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေနဲ့အတူ ပါဝင် ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အတွက် ပထမဦးစားပေးကတော့ အာရက္ခဒေသကို အချုပ်အခြာအာဏာပိုင် အားကောင်းခိုင်မာပြီး ငြိမ်းချမ်းတဲ့၊ စည်ပင်ဝပြောတဲ့၊ ဂုဏ်သိက္ခာရှိပြီး အသိုင်းအဝိုင်းအားလုံးက ပြည်သူလူထုကလည်း တန်းတူညီမျှ အခွင့်အရေးတွေ ခံစားပြီး တန်းတူရည်တူ တာဝန်ယူမှုရှိတဲ့ ဒေသတစ်ရပ် ဖန်တီးရေးပါပဲ။
The Diplomat ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Arakan Army Commander-in-Chief Twan Mrat Naing on the Future of Rakhine State ကို ဘာသာပြန်ဆိုပါသည်။ ဖော်ပြပါ အသုံးအနှုန်းများသည် မူလအင်တာဗျူးတွင် ဖော်ပြထားသည့်အတိုင်း တိုက်ရိုက် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။