ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ

ကင်ဆာရောဂါဖြစ်သည့် ဝေဒနာရှင်များမှာ ရောဂါဖြစ်နေခြင်းကို နောက်ဆုံးအဆင့်ရောက်မှ သိရခြင်း၊ ဆေးကုသမှုခံယူရန် ဆေးရုံဆေးခန်းနှင့် ဆေးဝါးရှားပါးခြင်းတို့ကြောင့် အခက်အခဲများစွာဖြစ်နေကြရသည်။

By Admin 04 Feb 2025

ပုံစာ - ရခိုင်ဒေသခံများကို ULA\AA ၏ ကျန်းမာရေးဌာနမှ ဆေးကုသမှုပေးနေစဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
ပုံစာ - ရခိုင်ဒေသခံများကို ULA\AA ၏ ကျန်းမာရေးဌာနမှ ဆေးကုသမှုပေးနေစဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဖေဖော်ဝါရီ ၄

ဆေးဝါးပြတ်လပ်မှုကြုံနေရသည့် ရခိုင်ဒေသတွင် ကင်ဆာရောဂါဖြစ်နေသူအများအပြားမှာ အချိန်မီ ဆေးကုသမှု မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။

ကင်ဆာရောဂါဖြစ်သည့် ဝေဒနာရှင်များမှာ ရောဂါဖြစ်နေခြင်းကို နောက်ဆုံးအဆင့်ရောက်မှ သိရခြင်း၊ ဆေးကုသမှုခံယူရန် ဆေးရုံဆေးခန်းနှင့် ဆေးဝါးရှားပါးခြင်းတို့ကြောင့် အခက်အခဲများစွာဖြစ်နေကြရသည်။

" တိုက်ပွဲတွေဖြစ်တော့ လမ်းခရီးတွေ၊ ဆေးရုံးဆေးခန်းတွေပိတ်သွားတယ်။ ရောဂါတစ်ခုခု ဖြစ်နေတာကို စစ်ဆေးဖို့ နေရာမရှိ၊ ရှိတဲ့နေရာကို သွားဖို့လည်း အဆင်မပြေဘူး။ ကျနော့် အဒေါ် တစ်ယောက်ဆို အစတုန်းက ဘာရောဂါ ဖြစ်လို့ ဖြစ်မှန်းမသိဘူး။ နောက်ဆုံး အိန္ဒိယ မိဇိုရမ်ပြည်နယ်သို့ ဆေးခန်း သွားပြတော့မှ အူမကြီးကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေတယ်။ ဆေးကုသလို့ မမီတော့ အသက်ဆုံးသွားရတယ် "ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် ကင်ဆာရောဂါကို ကုသရန်နှင့် စစ်ဆေးရန် ခက်ခဲနေပြီး အချိန်လွန်မှ ရောဂါရှိမှန်း သိရသော်လည်း လမ်းခရီးပိတ်ဆို့ခံရမှုတို့ကြောင့် ဆေးကုသခွင့်မရဘဲ လူ့အသက်များ ဆုံးရှုံးနေရကြောင်း ဒေသခံများက ပြောသည်။

ကင်ဆာရောဂါသည် အစောပိုင်းအဆင့်တွင် ကုသရန် ပိုမိုလွယ်ကူပြီး ငွေကုန်ကျလည်း သက်သာကာ လူနာများ အသက်ရှင်နိုင်ခြေပိုများကြောင်း သိရသည်။

" ကင်ဆာ ရှိမရှိ သိရဖို့ နဂိုကတည်းက အသားစကို ရခိုင်မှာ စစ်လို့ မရဘူး။ ရန်ကုန်ဘက်ကို ပို့ပြီး စစ်ရတယ်။ အခုက စစ်ကောင်စီက လမ်းတွေကို ပိတ်ထားတော့ အသားစ စစ်ဖို့ အရမ်းအခက်ခဲဖြစ်တယ်။ အသားစကို ရန်ကုန်ကိုပို့ဖို့ အောက်လမ်းကနေ ကားနဲ့ ဆေးပုလင်းထဲထည့်ပြီး ပို့ခဲ့ရတယ်။ ရလဒ်ကိုလည်း စာရွက်စာတမ်းနဲ့ မဟုတ်ဘဲ အင်တာနက်ပေါ်ကပဲ ပို့ခိုင်းရတယ် " ဟု ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေး အားနည်းမှုများရှိနေပြီး ကင်ဆာရောဂါဖြစ်လာလျှင်လည်း တိုင်းရင်းဆေးများဖြင့် စမ်းတဝါးဝါးသာ ကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

ယင်းကြောင့် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပညာပေးခြင်း၊ ဆေးရုံဆေးခန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး ပြုလုပ်ပေးရန် ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ကျရောက်သည့် (ကမ္ဘာ့ကင်ဆာရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့) တွင် ရခိုင်ဒေသခံများက တောင်းဆိုကြသည်။

" ဒီနေ့ဆိုရင် ကမ္ဘာ့ကင်ဆာ ရောဂါနေ့ ဖြစ်တယ်။ ရခိုင်ပြည်ကို ကြည့်မယ်ဆိုရင် ကင်ဆာရောဂါ ဝေဒနာရှင်တွေဟာ ဆေးကုသဖို့ နေရာမရှိ၊ ဆေးစစ်ဖို့ နေရာမရှိနဲ့ ကင်ဆာရောဂါကို ဗိန္တောဆေးဆရာတွေနဲ့ လက်တည့် စမ်းကုနေရတဲ့ အခြေအနေဖြစ်တယ်။ ကင်ဆာဖြစ်ရင် ကုသဖို့ခက်ခဲတယ်ဆိုရင်တောင် ကင်ဆာနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေးတာတွေ လုပ်ပေးဖို့ကိုတော့ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကိုရော၊ အဖွဲ့အစည်းတွေကိုပါ တောင်းဆိုချင်တယ်" ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ မြောက်ဦး ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဗြိတိသျှဆေး ပညာဂျာနယ် BMJ ,Oncology ၏ သုတေသနအရ ကမ္ဘာတဝန်းတွင် ကင်ဆာဖြစ်ပွားနူန်းမှာ ၁၉၉၀ ခုနှစ်နှင့် နှိုင်းယှဥ်လျှင် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် ၇၉ ရာခိုင်နှုန်းထိ ပိုများလာပြီး အဖြစ်အများဆုံးမှာ လူငယ်များတွင် ဖြစ်တက်သည့် ရင်သားကင်ဆာ၊ အဆုတ်နှင့် အသက်ရှုလမ်းကြောင်းကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီး ကင်ဆာတို့ဖြစ်ကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ စစ်ကောင်စီသည် ရခိုင်ဒေသကို လမ်းခရီး ပိတ်ဆို့မှုများ၊ ဆေးဝါးနှင့် အခြေခံကုန် ပစ္စည်းအားလုံးကို ပိတ်ဆို့ခဲ့သည့်အတွက် ရခိုင်ပြည်သူများ ဆေးဝါးပြတ်လပ်မှုဒဏ်ကို ဆိုးဝါးစွာကြုံတွေ့နေကြရသည်။