အမေရိကန်ဒီမိုကရေစီကို မဟာဘောဂသူဌေးတွေ အပိုင်ဝယ်ကြတော့မှာလား

“လူနည်းစုကနေ တိုင်းပြည်ရဲ့အာဏာနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်တဲ့အာဏာရှင်စနစ်က ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဖြစ်တဲ့ ဒီမိုကရေစီစနစ်တစ်ခုလုံးရဲ့ ကြွယ်ဝချမ်းသာမှု၊ စွမ်းပကားနဲ့ ဩဇာလွှမ်းမိုးမှုတွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာခဲ့ပါပြီ” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောသွားခဲ့ပါတယ်။

By Admin 20 Jan 2025

သရုပ်ဖော်ပုံ - Financial Times
သရုပ်ဖော်ပုံ - Financial Times

သူတို့တွေဟာ အာကာသထဲဆီ ကွန်ရက်ဖြန့်ကျက်နိုင်မှုကနေ ကမ္ဘာမြေထက် သတင်းတွေကို ကျွန်တော်တို့ ဘယ်ပုံဘယ်နည်း လက်ခံရရှိသလဲဆိုတဲ့အထိ ပိုင်ဆိုင်လာကြပါတယ်။ ဒီလူတွေကတော့ Oligarch တွေလို့ ခေါ်ဝေါ်ကြတဲ့ မဟားတရား ချမ်းသာကြွယ်ဝသူတွေ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သိပ်မကြာခင်မှာပဲ ရာထူးကနေ ထွက်ခွာရတော့မှာပါ။ ဒီအချိန်မှာပဲ သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးစကား တစ်ခွန်းကို ပြောခဲ့ပါတယ်။ အဲ့ဒါကတော့ သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ရဲ့မဟာမိတ် ချမ်းသာကြွယ်ဝသူ Oligarch မျိုးစိတ်သစ်တွေဟာ အမေရိကန်ဒီမိုကရေစီကို သိမ်းပိုက်ပစ်လိုက်နိုင်တယ် ဆိုတဲ့စကားပါပဲ။

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့နှုတ်ဆက်စကားဟာ အမေရိကန်ပြည်သူတွေကို တကယ်ပဲ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်စေခဲ့ပါတယ်။ စွန့်ဦးတီထွင်သူတွေကို အမြဲပဲအလေးထားနေရာပေးခဲ့တဲ့နိုင်ငံဟာ အခုတော့လည်း အဲ့ဒီစွန့်ဦးတီထွင်သူတွေရဲ့ သနားဂရုဏာကို မျှော်ရမယ့်သဘောတွေ သက်ရောက်လာခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။ 

“လူနည်းစုကနေ တိုင်းပြည်ရဲ့အာဏာနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်တဲ့အာဏာရှင်စနစ်က ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဖြစ်တဲ့ ဒီမိုကရေစီစနစ်တစ်ခုလုံးရဲ့ ကြွယ်ဝချမ်းသာမှု၊ စွမ်းပကားနဲ့ ဩဇာလွှမ်းမိုးမှုတွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာခဲ့ပါပြီ” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောသွားခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က ဒီလူတွေဟာ ဘယ်သူဘယ်ဝါဖြစ်ပါတယ်လို့ နာမည်တွေ ထုတ်မပြောခဲ့ပေမယ့် သူရည်ရွယ်တဲ့ပစ်မှတ်တွေက ရှင်းလင်းပြတ်သားလှပါတယ်။ ဒါကတော့ သိပ်မကြာခင်မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်တော့မယ့် ရီပတ်ဘလစ်ကန်သမ္မတ ထရမ့်ကို ဝန်းရံနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ခ် တို့လိုလူတွေကို ရည်ညွှန်းလိုက်တာပါပဲ။

“အလွန်တရာ ကြွယ်ဝချမ်းသာတဲ့ လူနည်းစုရဲ့လက်ထဲမှာ အန္တရာယ်ရှိသော ဩဇာပါဝါကို စုစည်းထားတာက သူတို့သာ အာဏာကိုမစစ်ဆေးဘဲ အလွဲသုံးစားလုပ်ရင် အန္တရာယ်ရှိတဲ့အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေနိုင်တယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

၁၉၆၁ ခုနှစ်တုန်းက သမ္မတ အိုက်ဆင်ဟောင်ဝါ ပြောကြားခဲ့တဲ့ နှုတ်ဆက်စကားကို ပဲ့တင်ထပ်ကိုးကားပြီး သမ္မတ ဘိုင်ဒင်က နည်းပညာပိုင်းဆိုင်ရာ စက်မှုဇုန် မြင့်တက်လာမှုအလားအလာတွေဟာ အထိန်းအကွပ်မဲ့ ပရမ်းပတာဖြစ်လာတဲ့ စက်ဘက်ဆိုင်ရာစက်မှုဇုန်ရဲ့ အန္တရာယ်တွေကို ဖြစ်လာစေလိမ့်မယ်လို့ ရည်ညွှန်းကိုးကားသွားခဲ့ပါတယ်။ ဒါဟာ ဆီလီကွန်တောင်ကြားဒေသမှာ AI နဲ့ စက်ရုပ်တွေ အသွင်ပြောင်းလဲတိုးတက်လာတာရဲ့ နောက်ကွယ်ဖြစ်စဉ်တွေကို ရည်ညွှန်းပြီး သမ္မတ ဂျိုးဘိုင်ဒင်က ပြောသွားခဲ့တာဖြစ်ပါတယ်။
ဒါဟာ သမ္မတ ဂျိုးဘိုင်ဒင် က အိမ်ဖြူတော်ကနေပြီး ထွက်တော်မူ နန်းကမခွာခင်မှာ အချက်ပေးကြိုးကိုဆွဲပြီး နိုင်ငံရေးကို တွန်းလှန်လိုက်တာပါပဲ။ ဒါပေမဲ့ ချမ်းသာကြွယ်ဝပြီး စိတ်ကူးယဉ်ဆန်ကာ ရည်မှန်းချက်ကြီးမားလှတဲ့ လူကုံထံ သူဌေးသူကြွယ်ကြီးတွေက သမ္မတသစ်ဖြစ်လာတော့မယ့် ထရမ့်ကို ဝိုင်းအုံနေတယ်ဆိုတာ အငြင်းပွားဖွယ်ရာတော့ မရှိလှပါဘူး။ 

ပလ္လင်ထက်က နေရာတစ်ခု

လာမယ့် တနင်္လာနေ့ကိုရောက်ရင် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ကျင်းပတော့မှာပါ။ အဲ့ဒီနေ့ကိုရောက်ရင် တကယ့် ကြီးကျယ်ခမ်းနားသူအများစုက သမ္မတအိမ်တော်ထဲကိုရောက်ရှိလာပြီး သမ္မတထရမ့်နဲ့ မလှမ်းမကမ်းမှာ နေရာယူကြပါလိမ့်မယ်။ 
အဲ့ဒီလို အခမ်းအနားတက်ရောက်လာမယ့် လူအုပ်စုထဲမှာ အကြီးအကဲက အီလွန်မတ်ခ် ဖြစ်ပါတယ်။ Forbes ရဲ့ ခန့်မှန်းချက်တွေအရ အီလွန်မတ်ခ်ရဲ့ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၄၃၅ ဘီလီယံရှိပြီး အစိုးရအသုံးစရိတ်ကို ဖြတ်တောက်ဖို့အတွက် တာဝန်ခံမှု မြင့်မားလှတဲ့ ရာထူးတစ်ခုမှာ အီလွန်မတ်ခ်ကို ခန့်အပ်ဖို့ရှိနေပါတယ်။

ကာမာလာဟားရစ် ဆန့်ကျင်ရေးကမ်ပိန်းကို အကူအညီပေးလိုက်အပြီးမှာ အီလွန်မတ်ခ်က အတွင်းစည်းလူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဇနီးဖြစ်သူ မီလာနီယာထက်တောင် အီလွန်မတ်ခ်ကို ရွေးကောက်ခံသမ္မတ ထရမ့်နဲ့အတူ လူမြင်ကွင်းဆီက ညစာစားပွဲတွေနဲ့ တခြားသောအခမ်းအနားတွေမှာ မြင်တွေ့လာခဲ့ရပါတယ်။

Space X နဲ့ Tesla တို့ရဲ့ပိုင်ရှင် အီလွန်မတ်ခ် ဟာ အမေရိကန်အစိုးရရဲ့အကြီးမားဆုံးအုတ်မြစ်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်နေပြီး လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်တွေ ပြိုင်ဆိုင်မှုမှာ အနိုင်ရရှိရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုရဲ့ရှေ့တန်းတစ်နေရာမှာ အီလွန်မတ်ခ်က ရှိလို့နေပါတယ်။

ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် X ရဲ့ပိုင်ရှင်တစ်ယောက်နေရာကလည်း သူဟာ Trump ကို မျက်နှာသာပေးတဲ့အသံတွေအတွက် သူ့ပလက်ဖောင်းကို ပုံစံပြောင်းလဲပေးခဲ့တာတွေ ရှိပါသေးတယ်။ 

Forbes ရဲ့ကမ္ဘာလုံးဆိုင်ရာ အချမ်းသာဆုံးစာရင်းထဲက ဒုတိယမြောက်နဲ့ တတိယမြောက်တွေဖြစ်ကြတဲ့ အမေဇုန်ရဲ့ CEO ဂျက်ဖ်ဘေးဇိုးနဲ့ Meta ရဲ့ CEO မာ့ခ်ဇူကာဘတ် တို့ဟာလည်း ဒီအဖွဲ့ထဲမှာ ပါဝင်လာမှာပါ။

အာကာသရေးရာအခြေစိုက်လုပ်ငန်းစဉ်တွေမှာ အီလွန်မတ်ခ်နဲ့အပြိုင် ယှဉ်ပြိုင်နေတဲ့ ဘေးဇိုးဟာ ရွေးကောက်ပွဲမတိုင်ခင်ကာလက ထရမ့်ကို သူ့ရဲ့သတင်းစာဖြစ်တဲ့ The Washington Post ကနေ အသံကျယ်ကျယ် ထွက်ပေးခဲ့သူဖြစ်ပါတယ်။ ကာမာလာ ဟားရစ်ထက် ထရမ့်ဘက်ကနေ The Washington Post ရပ်တည်ပေးတာတွေကို အတိုင်းသားမြင်တွေ့ခဲ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ထရမ့်ရဲ့ စွပ်စွဲမှုတွေကိုရင်ဆိုင်ခဲ့ရတဲ့အပြင် သူ့ကိုဖြုတ်ချဖို့ကြိုးပမ်းခဲ့တယ်လို့ ထရမ့်ရဲ့စွပ်စွဲမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ Facebook ရဲ့ပဲ့ကိုင်ရှင် ဇူကာဘတ်ဟာလည်း ဒီတစ်ကြိမ်တော့ ထရမ့်ဘက်က ပါဝင်လာခဲ့တာကို မြင်ကြရပါတယ်။ ဇူကာဘတ်ဟာ မကြာသေးမီခင်ကပဲ ထရမ့်နဲ့အတူညစာစားခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ရီပတ်ဘလီကန်က ဘီလီယံနာတွေအတွက် ဧည့်ခံပွဲကျင်းပပေးဖို့ ဇူကာဘတ်ကစီစဉ်ထားကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ရန်ပုံငွေပိုင်းဆိုင်ရာမှာလည်း ဇူကာဘတ်က အများအပြား ထည့်ဝင်ထားတာတွေ ရှိလို့နေတာပါ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ရန် ကြိုးစားခဲ့သည့် ထရမ့်ကို ဖေ့စ်ဘုတ်အသုံးပြုခွင့် ပိတ်ပင်ခဲ့သူ မာ့ခ်ဇူကာဘတ်သည်လည်း ယခုတကြိမ်၌ ထရမ့်ဘက်မှ ပါဝင်လာသည်ကို တွေ့ရသည်။ (ဓာတ်ပုံ - Facebook)

နောက်ထပ်ဖြစ်လာတဲ့အကျိုးဆက်တစ်ခုကတော့ ဇူကာဘတ်ဟာ  အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Facebook နဲ့ Instagram တို့ရဲ့ အချက်အလက်စစ်ဆေးသူ Fact Checkers အဖွဲ့ကို ဖယ်ရှားပစ်တော့မယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ကြေညာလိုက်တာပါပဲ။ ထရမ့်နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ Facebook နဲ့ Instagram တို့ရဲ့ အချက်အလက်စစ်ဆေးသူ Fact Checkers အဖွဲ့ကို လစ်ဘရယ်ဆန်တဲ့ဆင်ဆာဖြတ်တောက်မှုတွေ လုပ်နေတာလို့ အရိုးစွဲယူဆထားတဲ့အတွက် ထရမ့် ရာထူးမတက်ခင်မှာတင်ပဲ ဒါကို ဇူကာဘတ်က ဖြေလျှော့ပေးလိုက်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်သတင်းမီဒီယာတွေရဲ့အဆိုအရ ဩဇာတိက္ကမကြီးမားလှတဲ့ နောက်ထပ်အငြင်းပွားဖွယ်ရာ တရုတ်ပိုင်ပလက်ဖောင်း TikTok အကြီးအကဲ ရှူးဇီချူး ကိုတောင် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားဆီ ဖိတ်ကြားထားတယ်လို့ သိရှိရပါတယ်။

အမေရိကန်စတိုင် မဟာဘောဂ

နိုင်ငံရေးနယ်ပယ်ထဲမှာ အလွန်တရာ ချမ်းသာကြွယ်ဝသူတွေ ပါဝင်တည်ရှိမှုဟာ အမေရိကန် ပြည်ထောင်စုအတွက် အသစ်တစ်ခု မဟုတ်သလို ထိန်းချုပ်ကန့်သတ်ထားတာမျိုးလည်း မရှိပါဘူး။ 

၁၉၉၀ ပြည့်လွန် ခေတ်ကြမ်းနှစ်တွေတုန်းက ရုရှားမှာ Oligarch လူတစ်စုက စီးပွားရေးဘက်မှာ ဝယ်ယူရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီးတဲ့နောက် အစိုးရဖြစ်လာခဲ့ဖူးပါတယ်။ ကရင်မလင်က သမ္မတပူတင်ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီးမှ အဲ့ဒီလို အစိုးရဖြစ်လာတဲ့ Oligarch လူအုပ်စုကို ပိုမိုတင်းကျပ်တဲ့စည်မျဉ်းတွေနဲ့ တွန်းပို့ပြီး မိတ်ဖက်နေရာကို အတင်းအကြပ် ပို့ခဲ့ရတာပါ။

အိန္ဒိယနဲ့ ကွန်မြူနစ်ဖြစ်တဲ့တရုတ်တို့လို မတူညီတဲ့ နိုင်ငံတွေမှာတောင် စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေက နိုင်ငံရေးနယ်ပယ်ထဲဆီ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပတ်သက်တာတွေ ရှိလို့နေတာပါ။
ဒါပေမဲ့ Rome's Luiss တက္ကသိုလ်ရဲ့ သမိုင်းပါမောက္ခ လိုရန်ဇို ကတ်စ်တဲလ်လာနီးယားကတော့ အမေရိကန်ပြည်ထေင်စုမှာ တွင် ထူးခြားလှတဲ့ Oligarchical ထုံးတမ်းစဉ်လာတွေရှိတယ်လို့ ဆိုပါတယ်။

“အီလွန်မတ်ခ် ကို အာဏာရှင်အစိုးရတွေရဲ့ Oligarchs တွေနဲ့ ခိုင်းနှိုင်းတာဟာ တရားမျှတတယ်လို့ မထင်ပါဘူး။ အဲ့ဒီအစား အမေရိကန်ပြည်ထောင်စုသမိုင်းထဲမှာ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းတွေတုန်းက နိုင်ငံရေးအခင်းအကျင်းတွေမှာ ပေါ်လာခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ မရိုးသားလှတဲ့ စီးပွားရေးအမူအကျင့်တွေနဲ့ ချမ်းသာလာသူတွေနဲ့ သူက ပိုလိုက်ဖက်တယ်လို့ ထင်ပါတယ်” လို့ လိုရန်ဇို ကတ်စ်တဲလ်လာနီးယားက ပြောခဲ့ပါတယ်။

အန်ဒရူး ကာနီဂီနဲ့ ဂျေပီမော်ဂန် တို့ဟာ အမေရိကန် ဒီမိုကရေစီအပေါ်  ကြီးမားသော သြဇာလွှမ်းမိုးမှုတွေ ရှိထားသူတွေပါ။ ဒါပေမဲ့ သူတို့ဟာ စီးပွားရေးအတွက် မရေမတွက်နိုင်လောက်စရာ ကြွယ်ဝမှုတွေကို ဖန်တီးပေးပြီး အဆောက်အအုံတွေ တိုးမြှင့်ပေးတာတွေ၊ စက်မှုလုပ်ငန်းတစ်ခုလုံးအတွက် အမွေအနှစ် ချန်ထားပေးတာတွေကို သူတို့က လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီရွှေရောင်တော်ခေတ်ဟာ လွန်ခဲ့တဲ့ရာစုနှစ်ခွဲလောက်က ဖြစ်ပျက်ခဲ့တာတွေပါ။ အခုတော့ ဒီတစ်ကြိမ် ဒီတစ်ခါမှာ ဘယ်လိုလုပ်လေမလဲကို စောင့်ကြည့်ရမှာပါပဲ။

ထရမ့်-အီလွန်မတ်ခ် မိတ်ဖက်ဆက်ဆံရေးမှာ ဆိုးရွားလွန်းလှတဲ့ ချို့ယွင်းချက်နှစ်ခု ပါဝင်လာနိုင်တယ်လို့ ကတ်စ်တဲလ်လာနီးယားက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ခ်သည် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့သည့် မဲဆွယ်စည်းရုံးမှုလုပ်ငန်းစဉ်ကို ကျောထောက်နောက်ခံပြုကာ ကူညီခဲ့ပြီးနောက် ယခုအခါ ရွေးကောက်ခံသမ္မတ၏ အနီးကပ်အကြံပေးတစ်ဦး ဖြစ်လာခဲ့သည်။ (ဓာတ်ပုံ - AFP)

ပထမတစ်ချက်ကတော့ "နှစ်ဘက်စလုံးဟာ ကြီးမားလှတဲ့ အတ္တကိုယ်စီရှိကြတာ" နဲ့ "ရေရှည်ကာလမှာ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မားတာ”ပဲဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ပိုပြီး နက်ရှိုင်းလွန်းလှပါတယ်။ ထရမ့်ရဲ့ရွေးကောက်မှုလုပ်ငန်းစဉ် အခြေစိုက်မှာက လူဝင်မှုကြီးကြပ်ရေး လျော့နည်းမှုနဲ့ အထီးကျန်ဝါဒကို ပိုပြီး လိုလားသလိုရှိနေတာ တွေ့ရပါတယ်။ အီလွန်မတ်ခ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကတော့ ကမ္ဘာလုံးဆိုင်ရာ သဘောတရားဆန်ပြီး ဂြိုလ်အချင်းချင်းဆိုင်ရာ အမြင်တွေအထိ ပါရှိလို့နေပါတယ်။

“ဒီအစိုးရသစ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး မေးခွန်းတွေထဲက တစ်ခုကတော့ ဒီလိုအတူယှဉ်တွဲ နေထိုင်မှုကို ခံနိုင်ရည်ရှိ၊ မရှိ စောင့်ကြည့်ဖို့ပါပဲ”လို့ ကတ်စ်တဲလ်လာနီးယားက ပြောကြားထားပါတယ်။

ဟန်ဆက်လူနေ
AFP ကဖော်ပြထားသည့် Oligarchs already own much of US - can they buy democracy သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။