- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နိုင်ငံ့ခေါင်းဆောင်ဟောင်းများ ၎င်းတို့မောင်ပိုင်စီးထားသည့် အစိုးရ အိမ်ကောင်းအိမ်ရာများမှ ထွက်ခွာပေးကြရန် သီရိလင်္ကာအစိုးရ တောင်းဆို
အစိုးရသည် ခန့်ညားထည်ဝါလှသည့် အဆိုပါ နေအိမ်များကို စျေးကြီးသည့်အဆင့်မြင့်ဟိုတယ်များ သို့မဟုတ် ပြတိုက်များအဖြစ်ပြောင်းလဲရန် ဆုံးဖြတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီး နာလင်းဒါ ဂျာယာတစ်ဆာက ကိုလံဘို၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
22 Jan 2025
DMG ၊ ဇန်နဝါရီ ၂၂
သီရိလင်္ကာနိုင်ငံ၏ လက်ဝဲယိမ်းအစိုးရသည် ခြိုးခြံချွေတာမှုလုပ်ငန်းစဉ်သစ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တစ်ချိန်တစ်ခါက သြဇာကြီးမားခဲ့သော ရာဂျာပါဆာ ညီအစ်ကိုများအပါအဝင် သမ္မတဟောင်းများကို အစိုးရပိုင် ဇိမ်ခံအဆောက်အအုံများမှနေ၍ ချက်ချင်းထွက်ခွာ ဖယ်ရှားပေးရန် ဇန်နဝါရီ ၂၁ ရက်နေ့၌ တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရသည် ခန့်ညားထည်ဝါလှသည့် အဆိုပါ နေအိမ်များကို စျေးကြီးသည့်အဆင့်မြင့်ဟိုတယ်များ သို့မဟုတ် ပြတိုက်များအဖြစ်ပြောင်းလဲရန် ဆုံးဖြတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီး နာလင်းဒါ ဂျာယာတစ်ဆာက ကိုလံဘို၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခင်ခေါင်းဆောင်ဟောင်းများကို အစိုးရအိမ်ရာများ ပေးမည့်အစား ၁၉၈၆ ခုနှစ် ဥပဒေအောက်တွင်ပါရှိသော ခံစားခွင့်များအရ နိုင်ငံတော် ခေါင်းဆောင်ဟောင်းများ၏ နေအိမ်ငှားရမ်းခကုန်ကျစရိတ်ကို တစ်လလျှင် အမေရိကန် ၁၀၇ ဒေါ်လာအထိ ထောက်ပံ့ပေးမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတဟောင်း ရာဟင်းဒါး ရာဂျာပါဆာသည် တစ်လလျှင် ငှားရမ်းခကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆,၅၀၀ ရှိသည့် အစိုးရအိမ်တစ်လုံးကို အပိုင်စီးထားပြီး ၎င်းခံစားခွင့်ရှိသော တရားဝင်အခွင့်အရေးထက် အဆပေါင်း ၁၅၀ ပိုများနေကြောင်း ပြန်ကြားရေးဝန်ကြီး ဂျာယာတစ်ဆာ က မှတ်ချက်ပြုထားသည်။
“အနာဂတ်မှာတော့ အစိုးရဘက်ကနေ သမ္မတဟောင်းတွေ ဒါမှမဟုတ် သူတို့ရဲ့ကျန်ရစ်သူ မုဆိုးမတွေအတွက် အိမ်ရာတွေထောက်ပံ့ပေးတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ပင်စင်အကျိုးခံစားခွင့် သုံးပုံတစ်ပုံနဲ့ ညီမျှတဲ့ ရူပီးသုံးသောင်း(အမေရိကန်ဒေါ်လာ ၁၀၀)ပဲ ရရှိတော့မှာပါ” ဟု ပြန်ကြားရေးဝန်ကြီး ဂျာယာတစ်ဆာက ပြောကြားခဲ့သည်။
သမ္မတဟောင်း ရာဟင်းဒါး ရာဂျာပါဆာက တုံ့ပြန်မှတ်ချက် ချက်ချင်းပေးမထားသော်လည်း ဒေသခံမီဒီယာ အစီရင်ခံစာက သမ္မတဟောင်း ရာဟင်းဒါး ရာဂျာပါဆာမှာ ၎င်းထံသို့ သတိပေးစာ ပေးပို့အကြောင်းကြားလာခဲ့မည်ဆိုပါက ထွက်ခွာပြောင်းရွှေ့ပေးရန် ဆန္ဒရှိနေပြီဟု ဆိုသည်။
ပြန်ကြားရေးဝန်ကြီး ဂျာယာတစ်ဆာက အင်္ဂါနေ့ကထုတ်ပြန်လိုက်သည့် အများပြည်သူဆိုင်ရာ အသိပေးထုတ်ပြန်ချက်ကို သမ္မတဟောင်းအနေနှင့် ၎င်း၏သတိပေးစာအဖြစ် မှတ်ယူကာ နေရာမှနေ၍ ချက်ချင်းထွက်ခွာ ပြောင်းရွှေ့နိုင်သည်ဟု ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်၌ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရာဂျာပါဆာသည် လက်ရှိတွင် သမ္မတဟောင်းအဖြစ် ၎င်းပိုင်ဆိုင်ထားသောနေအိမ်ကို အစိုးရငွေ ရူပီး သန်း ၈၀၀ ခန့် အသုံးပြု၍ ပြန်လည်မွမ်းမံပြင်ဆင်မှုများရှိခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။
စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ အလွဲအမှားများနှင့် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် သမ္မတရာထူးက နုတ်ထွက်ပေးရန် ဖိအားပေးခြင်းခံခဲ့ရသော ၎င်း၏ညီဖြစ်သူ ဂိုတာဘာယာ ရာဂျာပါဆာ သည်လည်း နိုင်ငံပိုင်အိမ်ကြီး တစ်ဆောင်ကို ရယူစိုးပိုင်ထားသည်။
အခြားသော သမ္မတဟောင်း နှစ်ဦးဖြစ်သည့် ချန်ဒရီကာ ကူမာရာတန်းဂါနှင့် မိုင်သရီပါလာ ဆီရီဆီနာတို့သည်လည်း ကိုလွန်ဘို၏ ခေတ်မီဖက်ရှင်ကျ ဆန်းသစ်သော သံတမန်ရပ်ကွက်များရှိ အစိုးရအိမ်ရာတွင် နေထိုင်လျက်ရှိသည်။
ဗြိတိန်ကိုလိုနီ အုပ်ချုပ်စဉ်ကာလအတွင်း အဆိုပါနေအိမ်အများအပြားကို လန်ဒန်မြို့မှ လာရောက်တာဝန်ထမ်းဆောင်သော ထိပ်တန်း အစိုးရဝန်ထမ်းများ နေထိုင်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။