- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
ဂွဒေသခံများမှာ တိုက်ပွဲဒဏ်ကို ယခုအခါမှ စတင်ကြုံဖူးကြသဖြင့် စစ်ပွဲနောက်ဆက်တွဲ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောဆိုကြသည်။
04 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၄
ရခိုင်ပြည်၊ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာတွင် စစ်ကျန်လက်နက်ဗုံးသီးတစ်ခုလုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ အသက် ၅ နှစ်အောက် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) နေ့လည်ပိုင်းတွင် အသက် ၅ နှစ်အောက်ကလေးငယ်သည် မည်သည့်နေရာကမှန်းမသိ ကောက်ယူလာသော ဗုံးသီးတစ်လုံးကို ဆုံထဲထည့်ထောင်ပြီး ဆော့ကစားမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် ကလေးငယ်နှင့် အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၄၀) အရွယ် ကိုဂွတို ဆိုသူတို့မှာ သေဆုံးသွားခဲ့ပြီး အနီးအနားရှိနှစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့သည်။
"ငါးနှစ်အောက် ကလေးကတော့ ဗိုက်ပွင့်ထွက်ပြီး ဆုံးသွားတယ်။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့တဲ့အခါ နှစ်ယောက်ထပ်ဆုံးသွားတယ်။ ကျန်တဲ့ ဒဏ်ရာရသူ နှစ်ယောက်ကတော့ ဆေးကုသမှုခံယူနေတယ်" ဟု ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့တာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။
ဂွမြို့နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် သေဆုံးဒဏ်ရာရှိမှုများတိုးလာနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်ကလည်း ကင်းပုံကျေးရွာမှ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဖခင်ယူဆောင်လာသည့် စစ်ကျန်လက်နက်တစ်လုံးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားခဲ့သည်။
လက်ရှိ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်နှင့်ပတ်သက်၍ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ အသိပညာပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
" မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပညာပေးတာတော့ အေအေက တာဝန်ရှိတဲ့လူတွေနဲ့ ပေါင်းပြီးလုပ်နေတာရှိတယ်။ ပြည်သူလူထုအနေနဲ့လည်း ဒါတွေကို ဂရုစိုက်လာအောင် ပိုပြီးအားစိုက်လုပ်ဖို့တော့ စဉ်းစားထားပါတယ်" ဟု ကိုနိုင်အောင်လင်းက ပြောသည်။
ရခိုင်ပြည်ရှိ နယ်မြေအများအပြားကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်မက်ဖြစ်ပွားရာဒေသများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကလေးငယ်အပါအဝင် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။
အထူးသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများ၊ စစ်ကောင်စီတပ်က စခန်းချနေထိုင်ချဲ့သည့် နေရာများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။
ဂွဒေသခံများမှာ တိုက်ပွဲဒဏ်ကို ယခုအခါမှ စတင်ကြုံဖူးကြသဖြင့် စစ်ပွဲနောက်ဆက်တွဲ မိုင်းနှင့်စစ်ကျန်လက်နက် အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောဆိုကြသည်။
ဂွဒေသခံ အမျိုးသမီးတစ်ဦးက "မြေပြင်မှာ အသိပညာပေးလုပ်နေတာတွေရှိပေမယ့် ကလေးတွေအနေနဲ့က နားလည်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်။ ခုလက်ရှိတာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ပိပြီးအားစိုက် လုပ်ဆောင်ဖို့လိုအပ်သလို လူကြီးတွေအနေနဲ့လည်း ကလေးတွေကို ဒီစစ်ကျန်လက်နက်တွေအကြောင်း နားလည်အောင် ရှင်းပြနိုင်ဖို့လည်း လိုပါတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရခိုင်တွင် မြေမြှုပ်မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ကလေးငယ်အပါအဝင် ၄ ဦးအထိရှိကြောင်း DMG က ကောက်ယူထားသည့်စာရင်းအရ သိရသည်။