တောင်ကုတ်တွင် စစ်ကျန်ဗုံးသီးကို ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်၍ ကလေးငယ်တစ်ဦး ဒဏ်ရာရ

ယနေ့ (ဖေဖော်ဝါရီ ၉ ရက်)၊ နံနက်ပိုင်းက အသက် (၆) နှစ်အရွယ် မောင်နေစိုးသူသည် ချောင်းကမ်းနားတစ်နေရာမှ ကောက်ယူလာသည့် စစ်ကျန်လက်နက်ဗုံးသီးကို ဆော့ကစားရာတွင် ပေါက်ကွဲမှုဖြစ်၍ ဘယ်ဖက်ခြေထောက်နှင့် မျက်နှာတို့တွင် ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

By Admin 09 Feb 2025

ပုံစာ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် တောင်ကုတ်မြို့တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသည့် ကလေးငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ - APM
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် တောင်ကုတ်မြို့တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသည့် ကလေးငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ - APM

DMG ၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်၊ တောင်ကုတ်မြို့ ၊ သိမ်တောင်ရပ်ကွက်က ကလေးငယ်တစ်ဦးမှာ စစ်ကျန်လက်နက်ဗုံးသီးတစ်လုံးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၉ ရက်)၊ နံနက်ပိုင်းက အသက် (၆) နှစ်အရွယ် မောင်နေစိုးသူသည် ချောင်းကမ်းနားတစ်နေရာမှ ကောက်ယူလာသည့် စစ်ကျန်လက်နက်ဗုံးသီးကို ဆော့ကစားရာတွင် ပေါက်ကွဲမှုဖြစ်၍ ဘယ်ဖက်ခြေထောက်နှင့် မျက်နှာတို့တွင် ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

" အခုတော့ က‌လေးကို ဆေးကုပေးတာတွေ လုပ်ထားတယ်။ ပေါက်ကွဲတော့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေ ရသွားတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးလို့ ကြားပါတယ်" ဟု ‌တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနှင့် အသက်သေဆုံးမှုမှာ ဆက်တိုက်မြင့်တက်လျှက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က ဂွမြို့နယ်၊ ကင်းပုံကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ စစ်ကျန်လက်နက်ဗုံးသီးတစ်လုံးကို ဆော့ကစားမိ၍ အသက်သေဆုံးသွားခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၆ ရက်က မောင်တောမြို့နယ်၊ ဂုံးနားကျေးရွာတွင် မိုင်းပေါက်ကွဲမှုကြောင့် ၅ နှစ် အောက် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့ပြီး အဆိုပါကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်ကလည်း နေအိမ်တွင်း မိုင်းပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်သေဆုံးခဲ့ရသည်။

လက်ရှိတွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်နှင့် ပတ်သက်၍ ‌ရခိုင်ဒေသခံများမှာ စိုးရိမ်မှုများရှိနေပြီး အသိပညာပေးများ လုပ်ဆောင်ပေးရန်နှင့် မိုင်းရှင်းလင်းပေးရန် လိုအပ်နေသည်။

" မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး မြေပြင်မှာ အသိပညာပေးတာတွေ အများကြီးလုပ်ဖို့ လိုအပ်သေးတယ်။ ဒီလိုအမြဲတမ်း ဖြစ်နေမယ်ဆိုရင် ကလေးငယ်တွေအတွက် အများကြီးစိုးရိမ်စရာဖြစ်တယ်။ မိဘတွေကလည်း သားသမီးတွေကို ဂရုစိုက်ဖို့ လိုအပ်တယ်" ဟု ရခိုင်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော်မှ ၎င်းတို့ ထိမ်းချုပ်နယ်မြေများတွင် မိုင်းရှင်းလင်းရေးများအပါအဝင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေးများ လုပ်ဆောင်နေသော်လည်း အားနည်းနေသေးကြောင်း ထောက်ပြမှုများရှိနေသည်။