- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
မောင်တော ဂုံးနားရွာတွင် စစ်ကျန်ဗုံးသီး ထပ်မံပေါက်ကွဲ၍ ၁ ဦး သေ၊ ၄ ဦးဒဏ်ရာရ
ဖေရုစ်ခါန်သည် ယနေ့၊ နံနက် ၁၀ နာရီခန့်တွင် အပေါင်းအသင်များနှင့် လက်ဖက်ရည်တွင် လက်ဖက်ရည်သောက်နေချိန် ရွာထဲမှ ကောက်ရလာသည့် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုတ်ယူကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ သေဆုံးဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။
10 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနား(မွတ်ဆလင်)ကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)၊ နံနက်ပိုင်းက စစ်ကျန်ဗုံးသီးတစ်လုံး ထပ်မံပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဗုံးသီးပေါက်ကွဲမှုကြောင့် အသက် (၂၂) နှစ်အရွယ် ဖေရုစ်ခါန် သေဆုံးသွားပြီး အသက် (၂၃) နှစ်အရွယ် မောင်မြင့်နိုင် (ခ)မာမတ်နူရ်၊ အသက် (၃၀) အရွယ် မာမတ်ဇူနိုင်၊ အသက် (၁၈) နှစ်အရွယ် မာမတ်ဟူဆောင်းနှင့် အာရ်တာအာမောက်ဆိုသူတို့ ဒဏ်ရာရရှိသွားသည်။
ဖေရုစ်ခါန်သည် ယနေ့၊ နံနက် ၁၀ နာရီခန့်တွင် အပေါင်းအသင်များနှင့် လက်ဖက်ရည်တွင် လက်ဖက်ရည်သောက်နေချိန် ရွာထဲမှ ကောက်ရလာသည့် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုတ်ယူကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ သေဆုံးဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။
"ပေါက်ကွဲမှုဖြစ်ပြီး တစ်ယောက်က ဒဏ်ရာပြင်းလို့ သေသွားတယ်။ တခြား သူ့အနားမှာ ထိုင်နေတဲ့ သူတွေလည်း ဒဏ်ရာရကြတယ်" ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသူများမှာ လက်ရှိတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၆ ရက်ကလည်း ဂုံးနား(မွတ်ဆလင်)ကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိ၍ ကလေးငယ်တစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
ဂုံးနားကျေးရွာတွင် ကျေးရွာအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှု ၄ ကြိမ်အထိရှိလာနေပြီဖြစ်ကာ ထိုဖြစ်စဉ်အတွင်း သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးအထိရှိသည်။
ဂုံးနားကျေးရွာသားများမှာ မောင်တောတိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းမှစကာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြခြင်း ဖြစ်သည်။
ကျေးရွာအတွင်း ပြန်လည်နေထိုင်ပြီးနောက်ပိုင်း ယခုကဲ့သို့ မိုင်းနင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက်ရှိလာနေ၍ ဒေသခံများမှာ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို စိုးရိမ်နေကြပြီး စစ်ဘေးတိမ်းရှောင်နေသူ အချို့မှာလည်း ကျေးရွာသို့ ပြန်လာရန် ကြောက်လန့်နေကြသည်။
"ဒီနေ့လည်း ကျနော်တို့ရွာမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ကြားတယ်။ မကြာခဏ မိုင်းပေါက်နေတာနဲ့ ရွာပြန်ဖို့တောင် ကြောက်နေရတယ်" ဟု ဂုံးနားကျေးရွာမှ စစ်ဘေးရှောင် မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲကာလအတွင်း ဂုံးနား(မွတ်ဆလင်)ကျေးရွာတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့သဖြင့် စစ်ကောင်စီ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ကျေးရွာသားများ ဆိုးရွားစွာကြုံတွေ့ နေကြရခြင်းဖြစ်သည်။
ထိုကြောင့် ဒေသခံများ အသက်အန္တရာယ်လုံခြုံရေးအတွက် အာရက္ခတပ်တော် (AA) အနေဖြင့် မိုင်းရှင်းလင်းရေး လုပ်ပေးရန် ရွာသားများက တောင်းဆိုနေကြသည်။