- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
- ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
- မြန်မာဘက်သို့ ပေးနေသည့် လျှပ်စစ်မီးကို ၅၀ ရာခိုင်နှုန်းအထိ ထိုင်းလျှော့ချမည်
- စစ်တွေတွင် ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာ
စစ်တွေတွင် ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာ
ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသေးသည် စစ်တွေမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် နောက်ပိုင်းမှစ၍ လက်နက်သံများ ငြိမ်သတ်သွားခဲ့ပြီးနောက် ယခုတဖန်ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ် လာသည်။
04 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၄
ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသေးသည် စစ်တွေမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် နောက်ပိုင်းမှစ၍ လက်နက်သံများ ငြိမ်သတ်သွားခဲ့ပြီးနောက် ယခုတဖန်ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ် လာသည်။
ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းမှစ၍ စစ်တွေမြို့အခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်သံများ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်၊ နံနက်ပိုင်းတွင်လည်း သေနတ်သံအချို့ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။
"နေလည်ပိုင်းရော၊ ညနေပိုင်းအထိပါ လက်နက်ကြီး ပစ်ခတ်သံတွေကြားရတယ်။ ဒီနေ့မနက်ပိုင်းကလည်း လက်နက်ငယ် ပစ်ခတ်သံတွေကြားရတယ်။ တိုက်ပွဲဖြစ်ပွားမှု ရှိ/မရှိတော့ အတိကျမသိရဘူး။ လက်နက်ငယ် အသံတွေကတော့ ကံ့ကော်ကျွန်းတို့ ဝါဘိုရွာတို့ဖက်က ယူဆရတယ်" ဟု စစ်တွေဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာနှင့် ကံ့ကော်ကျွန်းကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက ဝါဘိုကျေးရွာနှင့် စစ်တွေ - ပုဏ္ဏားကျွန်းနယ်စပ်တကြောရှိ စပါးထားကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် စပါးထားကျေးရွာတွင် နေအိမ် ၉ ဆောင် ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်။
ယင်းနောက် ပစ်ခတ်သံများရပ်တန့်သွားခဲ့ပြီး ယခုပြန်လည် ပစ်ခတ်သံများရှိလာနေသဖြင့် တိုက်ပွဲ ပြင်းထန်လာမည်ကို မြို့ခံများအကြား စိုးရိမ်မှုမြင့်တက်နေကြသည်။
"စစ်တွေမြို့မှာ ပစ်ခတ်သံ မကြားရတာ ၁၅ ရက်လောက်ရှိပြီ။ အခုပြန်ကြားရတော့ စိုးရိမ်စိတ်တော့ ရှိကြတာပေါ့။ မြို့တွင်းအခြေအနေကတော့ အေးဆေးလို့ပဲ ပြောလို့ရတယ်။ ဒါပေမဲ့ ပစ်ခတ်သံ ပြန်ကြားလာရတာကြောင့် တိုက်ပွဲဖြစ်လာမလား ဆိုပြီးတော့ စိုးရိမ်နေကြတာတော့ရှိကြတယ်" ဟု နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA)က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဖက်အင်အား အလုံးအရင်း ဖြည့်တင်းထားကာ မြေပြင်နှစ်ဖက်စစ်ရေးအခြေအနေမှာလည်း တင်းမာလျက်ရှိသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်ပြီး အဆိုပါမြို့နယ်များတွင် ရေတပ်နှင့် ကြည်းတပ်အင်အားများကို ဖြည့်တင်းကာ ခံစစ်ပြင်ဆင်ထားသည်။
၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွား ခြင်းမရှိတော့ဘဲ ဧရာဝတီ၊ ပဲခူးနှင့် မကွေးနယ်စပ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။