စစ်ခေါင်းဆောင်များ ကြီးစိုးထားသည့် အရှေ့တောင်အာရှ နိုင်ငံရေး

ဒေသတွင်း၌ တရုတ်၏ နိုင်လိုမင်းထက် အပြုအမူပိုများလာခြင်းက တင်းမာမှုများပိုမြင့်တက်လာစေပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများတွင်ဆိုလျှင် မူဝါဒချမှတ်ခြင်းကိစ္စတွင်ပါ စစ်တပ်များက သြဇာလွှမ်းမိုးမှု ရှိသွားစေသည်။

ဘေဂျင်းနှင့် အငြင်းပွားရမှုတွင် ရှေ့တန်းမျက်နှာစာ၌ ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံကတော့ နိုင်ငံရေးတွင် စစ်ဘောင်လွှမ်းမိုးမှုကို တွန်းလှန်ထားနိုင်ဆဲ ဖြစ်သည်။

By Admin 15 Jan 2025

မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာတို့ ၂၀၁၇ ခုနှစ် သြဂုတ်လက တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Bangkok Post)
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာတို့ ၂၀၁၇ ခုနှစ် သြဂုတ်လက တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Bangkok Post)

ကွန်မြူနစ်အုပ်ချုပ်သည့် ဗီယက်နမ်နိုင်ငံတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ၌ ပြည်သူ့တပ်မတော် (People’s Army) ၏ နိုင်ငံရေးဌာနမှ ညွှန်ကြားရေးမှူးဟောင်းဖြစ်သလို ဗိုလ်ချုပ်ကြီး တစ်ဦးလည်းဖြစ်သည့် လောင်ကောင်း (Luong Cuong) ကို နိုင်ငံ၏ သမ္မတသစ်အဖြစ် ရွေးချယ်လိုက်သည်။

များမကြာမီ၌ ကမ္ဘာ့ မူဆလင်လူဦးရေ အထူထပ်ဆုံး အင်ဒိုနီးရှားနိုင်ငံတွင် ပရာဘိုဝိုဆူဘီယန်တိုက သမ္မတအဖြစ် ကျမ်းကျိန်သည်။ ဆူဘီယန်တိုသည် အထူးတပ်ဖွဲ့မှူးဟောင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် စစ်တပ်၏ အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရသူ ဖြစ်သည်။

ပရာဘိုဝိုအစိုးရသည် အာဏာရှင်ဆူဟာတို ပြုတ်ကျခဲ့သည့် ၁၉၉၈ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၏ “စစ်ပုံစံအဆန်ဆုံး ဝန်ကြီးအဖွဲ့”အဖြစ်သတ်မှတ်ခံရကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) ၏ အရှေ့တောင်အာရှရေးရာ ဝဘ်ဆိုက်တစ်ခုဖြစ်သော နယူးမန္တလာ (New Mandala) ၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အခြားတစ်နေရာဖြစ်သော မြန်မာပြည်၌ နိုင်ငံဧရိယာ အများအပြားသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်၌ ရှိနေရသည်။

ကမ္ဘောဒီးယားကို ကာလရှည်အုပ်ချုပ်ခဲ့သည့် ခေါင်းဆောင် ဟွန်ဆန်သည် ၎င်း၏အာဏာကို ၂၀၂၃ ခုနှစ်တွင် သားဖြစ်သူ ဟွန်မာနက်ထံ လွှဲပြောင်းခဲ့သည်။ ဟွန်မာနက်သည် စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်သည်။ နိုင်ငံကို ၂၀၁၄ နှင့် ၂၀၂၃ တို့တွင် ထိန်းချုပ်ခဲ့သည့် ထိုင်းစစ်တပ်သည်လည်း နိုင်ငံရေးတွင် သြဇာကြီးမားစွာ လွှမ်းမိုးထားဆဲ ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် နောက်ပိုင်းတွင် ၎င်းအရိုက်အရာကို ဆက်ခံပြီး ဝန်ကြီးချုပ်ဖြစ်လာသူ ၎င်း၏သားကြီး ဟွန်မာနက်တို့အား ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

အရပ်သားခေါင်းဆောင်မှု အကျ

ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံ တို့သည်သာ နိုင်ငံ၏စစ်တပ်အပေါ်  အရပ်သားထိန်းချုပ်မှုကို တစ်သမတ်တည်း ထိန်းသိမ်းထားနိုင်သည့် နိုင်ငံများဖြစ်ကြောင်း လေ့လာသူများက မှတ်ချက်ပြုသည်။

ဘရူနိုင်းသည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို အပြည့်အဝ ကျင့်သုံးသည်။ မလေးရှားနှင့် စင်္ကာပူတို့ကတော့ အင်အားကြီး နိုင်ငံရေးပါတီများရှိထားပြီး ဤပါတီများက သမိုင်းတလျှောက် စစ်တပ်ကြားဝင်စွက်ဖက်မှု မရှိအောင် ဖယ်ထုတ်ထားနိုင်ခဲ့သည်။

ဖိလစ်ပိုင်တွင် နိုင်ငံရေး၌ စစ်တပ်၏ ဝင်စွက်မှုကို ၁၉၈၆ ခုနှစ်တွင် ကြုံခဲ့ရသည်။ ထိုစဉ်က အာဏာရှင် ဖာဒီနန်မားကို့စ်ကို ထင်ရှားသည် တော်လှန်ရေးဖြင့်ဖြုတ်ချရာတွင် လက်နက်ကိုင်တပ်များက ပါဝင်ကူညီခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်၏ လက်နက်ကိုင်စစ်တပ်သည် ထိုစဉ်တည်းက အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိလာခဲ့ပြီး သမ္မတသည်လည်း စစ်တပ်၏ စစ်ဦးစီးချုပ်ဖြစ်သည်။

သို့စေကာမူ အရှေ့တောင်အာရှ၏ စစ်ဘောင်သွင်းထားသည့် ခေါင်းဆောင်မှု အားကောင်းလာခြင်းသည် ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့ရေစီးကြောင်းကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ အရှေ့တောင်အာရှရေးရာ အကြီးတန်းသုတေသီ တစ်ဦးဖြစ်သူ ဂျိုရှုဝါကာလန်ဇစ်က ပြောသည်။

“ထိုင်းနိုင်ငံလို ခြွင်းချက်တချို့ကလွဲရင် စစ်တပ်ကို အုပ်ချုပ်သူအဖြစ် တခါက မှတ်ယူခဲ့ကြတဲ့ အယူအဆဟာ သက်တမ်းကုန်သွားပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီသဘောတရားဟာ အုပ်ချုပ်ရေးနယ်ပယ် အများအပြားမှာ တကျော့ပြန် ဝင်လာပါပြီ။ အရှေ့တောင်အာရှ ပြင်ပမှာလည်း ဒီအတို်င်းပဲ ဖြစ်နေတာပါ” ဟု ကာလန်ဇစ်က DW သတင်းဌာနသို့ ပြောကြားသည်။

အာဖရိက ဆာဟဲဒေသ တစ်ဝန်းတွင် မကြာသေးမီကမှ ဖြစ်ပျက်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုများ၊ ပါကစ္စတန်နှင့် အီဂျစ်တို့တွင် တစ်ကျော့ပြန် စစ်တပ်ကြီးစိုးလာမှုများသည်လည်း ဤကမ္ဘာ့အရွေ့ကြီး၏ တစိတ်တပိုင်း ဖြစ်သည်။

စစ်ဘောင်သွင်းခြင်းဆိုသည်မှာ

ထိုင်းနိုင်ငံရှိ နာရီဆွန် တက္ကသိုလ် (Naresuan University) ၏ နိုင်ငံတကာရေးရာ ကထိကဖြစ်သလို အကြံပေးတစ်ဦးလည်းဖြစ်သူ ပေါလ်ချမ်ဘာက အရှေ့တောင်အာရှတွင် စစ်ဘောင်သွင်းမှုသည် ၂၀၁၄ ခုနှစ်တည်းက အရှိန်မြင့်လာပြီး ဤဒေသ၏ အာဏာရှင်စနစ်ဆီဦးတည်သည့် အရွေ့တစ်ရပ်နှင့် အချိန်ကိုက် တိုက်ဆိုင်နေသည်ဟု ဆိုသည်။

 “၂၀၂၄ မှာ စစ်ဘောင်သွင်းမှု ပုံစံ ရုတ်ချည်း ပေါ်လာတာဟာ အာရုံလှည့်ဖြားမှု တစ်ရပ်သာ ဖြစ်ပါတယ်။ တခါတလေ နောက်ကွယ်မှာ ရောက်နေတာမျိုးကလွဲရင် နိုင်ငံရေးထဲမှာ စစ်ရေးပါဝါဟာ အမြဲရှိနေတာပါ” ဟု ချမ်ဘာက ပြောသည်။

လုံခြုံရေး စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်း၊ အထူးသဖြင့် တောင်တရုတ်ပင်လယ် အရေးသည်လည်း စစ်ရေးသြဇာကို ပိုမိုအားကောင်း သွားစေဟန်ရှိသည်။

ဒေသတွင်း၌ တရုတ်၏ နိုင်လိုမင်းထက် အပြုအမူပိုများလာခြင်းက တင်းမာမှုများပိုမြင့်တက်လာစေပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများတွင်ဆိုလျှင် မူဝါဒချမှတ်ခြင်းကိစ္စတွင်ပါ စစ်တပ်များက သြဇာလွှမ်းမိုးမှု ရှိသွားစေသည်။

ဘေဂျင်းနှင့် အငြင်းပွားရမှုတွင် ရှေ့တန်းမျက်နှာစာ၌ ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံကတော့ နိုင်ငံရေးတွင် စစ်ဘောင်လွှမ်းမိုးမှုကို တွန်းလှန်ထားနိုင်ဆဲ ဖြစ်သည်။

စစ်ရေးအသုံးစရိတ်များ မြင့်တက်လာခြင်း

အရှေ့တောင်အာရှ၏ စစ်အသုံးစရိတ်သည် သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၂၁ ခုနှစ်အကြားတွင် နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။ ဤကာလအတွင် အသုံးစရိတ်သည် ယခင် စတာလင်ပေါင် ၁၉.၂ ဘီလျံမှ ယခု ၄၁ ဘီလျံအထိ (အမေရိကန်ဒေါ်လာ ၂၀.၃ ဘီလျံမှ ၄၃.၃ ဘီလျံအထိ) မြင့်တက်သွားကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့၏ စစ်အသုံးစရိတ်လေ့လာမှု အချက်အလက်များအရ သိရသည်။

အရှေ့တောင်အာရှတွင် စင်္ကာပူ၊ ဘရူနိုင်းနှင့် မလေးရှားတို့သည် နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) အချိုးနှင့်တွက်လျှင် ကာကွယ်ရေးအသုံးစရိတ် အများဆုံးနိုင်ငံများထဲတွင် ပါသည်။ သို့သော်လည်း ဤနိုင်ငံများ အပါအဝင် ကာကွယ်ရေးအသုံးစရိတ် အများဆုံးနိုင်ငံများကိုကြည့်လျှင် အရပ်သားအုပ်ချုပ်သည့် နိုင်ငံရေးတွင် စစ်တပ်က ဝင်မစွက်သည့် နိုင်ငံများက အများစုဖြစ်နေသည်။

ပဏ္ဍိတ်များကတော့ ပြည်တွင်းနိုင်ငံရေးကို အကြောင်းရင်းတစ်ရပ်အဖြစ် ထောက်ပြကြသည်။ ချမ်ဘာကလည်း ဤဒေသတွင် စစ်ဘောင်သွင်းမှု ဒီဂရီသည် အဆင့်အစားစား ရှိပြီး တခါတရံ၌ စစ်ရေးတာဝန်ကို ဆက်လက် ထမ်းဆောင်မှု သို့မဟုတ် အငြိမ်းစား ဗိုလ်ချုပ်များက ပါတီများ၏ ဦးဆောင်နေရာများတွင် ဝင်ရောက်တာဝန်ယူ မှုမျိုးလည်း ရှိသည်ဟု ချမ်ဘာက ဆိုသည်။

ဘုရင်စနစ်အားကောင်းသည့် ထိုင်းနိုင်ငံတွင် ဆိုလျှင် ဆယ်စုနှစ်များစွာအတွင်း စစ်တပ်အာဏာသိမ်းမှုများ အကြိမ်ကြိမ် ရှိခဲ့သည်။ နိုင်ငံသည်လည်း ဒီမိုကရေစီ ပုံစံသို့ ရောက်လုနီးပါး အကြိမ်ကြိမ် ရှိခဲ့သော်လည်း စစ်တပ်၏ ခေါင်းကိုင်မှုအောက်သို့ ပြန်ရောက်သွားခဲ့သည်ချည်း ဖြစ်သည်ဟု ချမ်ဘာက ထောက်ပြသည်။

မြန်မာစစ်တပ်ကမူ နိုင်ငံကို ၁၉၆၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး အနှောင့်အယှက် မကြုံခဲ့ရသလောက် ဖြစ်သည်။ ဤစစ်တပ်သည် ၎င်းလက်ဝါးကြီးအုပ်ထားသည့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် ထပ်မံ၍ အာဏာသိမ်းခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် စစ်ရေးပြ ချီတက်နေသည့် မြန်မာစစ်တပ် ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AP


အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည် စစ်တပ်အပေါ် ကြီးကြီးမားမား လွှမ်းမိုးချုပ်ကိုင်ထားသည်။ ဟွန်မိသားစုအတွက်ကတော့ စစ်တပ်သည် အင်အားကြီးလက်ကိုင်တုတ် “Tool of Violent Power” ဖြစ်လာနေသည်ဟု ၂၀၂၀ တွင် ထွက်ရှိခဲ့သည့် ချမ်ဘာ၏ စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ ကွန်မြူနစ်ပါတီတွင် လုံခြုံရေးဌာန အမျိုးမျိုးဖြင့် အကန့်အများအပြား ကြားခံထားသည်။ ပါတီ၏ မူဝါဒများကို အဆုံးအဖြတ်ပေးသည့် အရေးအကြီးဆုံး ပေါ်လစ်ဗျူရိုအဖွဲ့တွင် အဖွဲ့ဝင် ၁၈ ဦးရှိသည်။ အဆိုပါ ၁၈ ဦး၏ သုံးပုံနှစ်ပုံသည် ယခုအခါ နိုင်ငံရေး သို့မဟုတ် စစ်ရေးနောက်ခံမှ လာကြသူများ ဖြစ်လာကြောင်း Channel News Asia ၏ မကြာသေးသော သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသပြာနိုင်ငံရေး

စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak အင်စတီကျု၏ ဗီယက်နမ်ရေးရာ လေ့လာရေးဌာနမှ အကြီးတန်း လေ့လာသူတစ်ဦးဖြစ်သည့် လီဟောင်ဟစ်ကတော့ ဤသည်မှာ စစ်တပ်က ထိန်းချုပ်လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းများ၏ အာဏာချုပ်ကိုင်မှုနှင့်လည်း တစိတ်တပိုင်း ဆက်စပ်နေသည်ဟု စောဒကတက်သည်။

ဗီယက်နမ်စစ်တပ် (ဗီယက်နမ်ပြည်သူ့တပ်မတော်) သည် နိုင်ငံတွင်းရှိ အကြီးဆုံးကုမ္ပဏီများအနက် အချို့ကို ပိုင်ဆိုင်သည်။ ထိုအထဲတွင် ဗီယက်နမ်၏ အကြီးမားဆုံး ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော ဗီယက်တဲလ်၊ အကြီးမားဆုံး ကုန်တင်ကုန်ချ ဆိပ်ကမ်းဖြစ်သော ဆိုင်ဂုံဆိပ်ကမ်းသစ်တို့လည်း ပါဝင်သည်။

အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ကာနက်ဂျီ ရန်ပုံငွေအဖွဲ့ (Carnegie Endowment for International Peace) ၏ ၂၀၂၄ ခုနှစ် သြဂုတ်လက ထွက်ရှိခဲ့သည့် အစီရင်ခံစာ တစ်စောင်၌ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးသြဇာ လွှမ်းမိုးမှု အလေ့အထကို စစ်တပ်များ၊ နိုင်ငံခေါင်းဆောင်များနှင့် ပုဂ္ဂလိကကဏ္ဍများအကြားရှိ အာဏာအတိမ်အနက် (Power Dynamics) က မောင်းနှင်နေခြင်း ဖြစ်သည်ဟု အလေးပေး ဖော်ပြထားသည်။

ပုဂ္ဂလိက အရပ်ဘက်ကဏ္ဍက သီးခြားလွတ်လပ်မှု ပိုရှိခြင်းနှင့် သြဇာပိုကြီးမားခြင်းသည် ဒီမိုကရေစီမူဘောင်ကို အကောင်အထည် ဖော်ပေးနိုင်ကြောင်း အစဉ်အလာ ဒီမိုကရေစီ သီအိုရီက လက်ခံယူဆထားသည်ဟု ဤအစီရင်ခံစာက စောဒကတက်သည်။
သို့သော်လည်း စစ်တပ်နှင့်စီးပွားရေး အပြန်အလှန် ဆက်စပ်နေခြင်းသည် မကြာခဏဆိုသလို ဒီမိုကရေစီလမ်းကြောင်းကို အနှောင့်အယှက် ပြုနိုင်ပြီး တခါတရံ၌ စစ်တပ်သည် အရပ်ဘက်ကဏ္ဍရှိ ၎င်း၏ အကျိုးစီးပွားများကို အကာအကွယ်ပေးရန်အတွက် နိုင်ငံရေးတွင်ပါဝင်စွက်ဖက်မှုများ လုပ်လာနိုင်သည်ဟု လည်း ဤအစီရင်ခံစာက ထောက်ပြထားသည်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံအများစုတွင် ဖြစ်ပျက်နေသည့် ပုံစံဖြစ်သော စစ်တပ်ကို အင်အားကြီး ထိပ်သီးများက ထိန်းချုပ်ထားသည့် အခြေအနေမျိုးတွင် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသည့် မိုဇမ်ဘစ်နိုင်ငံသမ္မတ ဖီလစ်ပီဂျာဆင်တို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဗီယက်နမ်စစ်တပ်ပိုင် ဗီယက်တဲလ်ကုမ္ပဏီသို့ လာရောက်လည်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ယူစဉ်။ ဓာတ်ပုံ - Viettel။

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆိုလျှင် နိုင်ငံ၏ အချမ်းသာဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဟာရှင်း ဂျိုဂျိုဟာဒီကူဆူမိုနှင့် ညီအစ်ကို တော်စပ်သည်။ မြန်မာစစ်တပ်ဆိုလျှင်လည်း နိုင်ငံ၏ အရေးအကြီးဆုံး စီးပွားရေး အစိတ်အပိုင်းများကို လွှမ်းမိုးချုပ်ကိုင်ထားသည်။
 “ဖြစ်စဉ် အားလုံးနီးပါးမှာ စစ်တပ်တွေက အာဏာချုပ်ကိုင်မှု ပိုများလာပြီဆိုရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ခြုံငုံပြီး ဆိုးကျိုးဖြစ်စေတာပါပဲ” ဟု ကာလန်ဇစ်က ပြောသည်။

 “စစ်တပ်တွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ပူးပေါင်းသွားပြီး နိုင်ငံရေးသမားတွေကိုလည်း စီးပွားရေး တိုးတက်မှုနဲ့ ဆန်းသစ်ပြောင်းလဲမှုကို မျက်ကွယ်ပြုထားစေလိုတဲ့ အခြေအနေတစ်ရပ် ပေါ်လာတတ်တယ်” ဟုလည်း သူကဖြည့်စွက်ပြောကြားသည်။

ခြွင်းချက်တစ်ခုကတော့ အရှေ့တီမောနိုင်ငံ (တီမောလက်စတီ) ဖြစ်သည်။ ဒေသတွင်း၌ အသေးဆုံးနှင့် ဝါအစဉ်အရလည်း အငယ်ဆုံးဖြစ်သည့် ဤနိုင်ငံကို ၎င်းလွတ်လပ်ရေး ရခဲ့သည့် ၂၀၂၂ ခုနှစ်တည်းက စတင်၍ ပြောက်ကျားခေါင်းဆောင်များနှင့် စစ်တပ်ခေါင်းဆောင်များက ဦးဆောင်လာခြင်း ဖြစ်သည်။ လက်ရှိဝန်ကြီးချုပ် ဇာနာနာဂုစမောသည် အင်ဒိုနီးရှား၏ ကိုလိုနီပြုအုပ်ချုပ်မှုကို တွန်းလှန်တိုက်ခိုက်ခဲ့သည့် သူပုန်စစ်တပ် ဖာလင်တီလ်၏ ခေါင်းဆောင်ဖြစ်သည်။ 

Freedom House ကဲ့သို့ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ၏ “လွတ်လပ်” သောနိုင်ငံများ စာရင်းတွင် ဖော်ပြခံရသည်မှာ အရှေ့တောင်အာရှမှဆိုလျှင် အရှေ့တီမော တစ်နိုင်ငံတည်းသာ ရှိပေသည်။

ရည်ညွှန်း - Why militarist leaders dominate Southeast Asian politics By Davit Hutt, DW