- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
- ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
- မြန်မာဘက်သို့ ပေးနေသည့် လျှပ်စစ်မီးကို ၅၀ ရာခိုင်နှုန်းအထိ ထိုင်းလျှော့ချမည်
- စစ်တွေတွင် ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာ
ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် ယခုရက်ပိုင်း အနီရောင်အဆင့်မှာရှိနေပြီး အချို့အချိန်များမှာ ခရမ်းရောင် အဆင့်အထိ ရောက်သွားကာ ကျန်းမာရေးအတွက် မကောင်းသည့် အဆင့်ကို ရောက်ရှိနေခြင်းဟု ဆိုထားသည်။
04 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၄
ကမ္ဘာ့လေထုညစ်ညမ်းမှု တိုင်းတာချက်အရ မြန်မာနိုင်ငံသည် အဆင့် ၂ နေရာ၌ ရှိနေသည်ဟု လေထုအရည်အသွေးတိုင်းတာသည့် အဖွဲ့အစည်း၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၈ နာရီခွဲ လေထုအရည်အသွေးတိုင်းတာသည့် AQI ညွှန်းကိန်းအရ ကမ္ဘာ့လေထု ညစ်ညမ်းမှု အများဆုံးမြို့စာရင်းတွင် ရန်ကုန်မြို့သည် အဆင့် ၂ အထိ ရောက်ရှိခဲ့သည်။
ယင်းနေ့သည် လေထုအညစ်ညမ်းဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နေ့လယ် ၂ နာရီအချိန်တွင် ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့စာရင်းများအနက် အဆင့် ၁၄ နေရာကို ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် ယခုရက်ပိုင်း အနီရောင်အဆင့်မှာရှိနေပြီး အချို့အချိန်များမှာ ခရမ်းရောင် အဆင့်အထိ ရောက်သွားကာ ကျန်းမာရေးအတွက် မကောင်းသည့် အဆင့်ကို ရောက်ရှိနေခြင်းဟု ဆိုထားသည်။
ရန်ကုန်မြို့ခံ ဒေါ်သန်းမြိုင်က " အဲဒီနေ့က မနက်အစောကြီးဆိုတော့ မြူဆိုင်းတယ်လို့တောင် ထင်ခဲ့တာပါ။ နောက်ကျမှ မြူဆိုင်းတာမဟုတ်ဘဲ လေထုညစ်ညမ်းတာလို့ သိခဲ့ပါတယ်။ တော်တော်လည်း ကြောက်ဖို့ကောင်းတဲ့ အခြေနေတစ်ခုလို့ ပြောလို့ရတယ် " ဟု ပြောသည်။
ကမ္ဘာတွင် လေထုအညစ်ညမ်းဆုံး ၁၀ မြို့ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ဟာ ပထမအဆင့်နေရာ၌ ရှိနေပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သည် ဒုတိယနေရာတွင် ရှိနေကာ အိန္ဒိယနိုင်ငံ၊ ဒေလီနှင့် မွန်ဘိုင်းမြို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တို့လည်း ပါဝင်ကြောင်း သိရသည်။
လေထုထဲတွင် မီးခိုးငွေ့၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်၊ ရေခိုးရေငွေ့ များမှာ ရှိသင့်သည့် ပမာဏထက် ပိုပြီးများပြားနေသည့်အပြင် ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်နှင့် အိုဇုန်း၊ PM 2.5 နှင့် PM 10 အမှုန်အမွှားများစသည့် ညစ်ညမ်းမှု အနည်းနှင့်အများ ရောနှောပါဝင်နေသည့်အတွက် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသည်ဟု ဖော်ပြထားသည်။
ယင်းအပြင် ကာဗွန်မိုနောက်ဆိုက်၊ အိုဇုန်း၊ နိုက်ထရိုဂျင်အောက်ဆိုက်နှင့် ဆာလ်ဖာဒိုင် အောက်ဆိုက် ဓာတ်ငွေ့ဖြစ်ပြီး ယင်းအမှုန်အမွှားများမှာ လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သွေးလည်ပတ်စီးဆင်းမှုကို ထိခိုက်စေကာ လေဖြတ်ခြင်း၊ နှလုံးထိခိုက်သည့်အပြင် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်နိုင်ကြောင်းလည်း ကျန်းမာရေးမှတ်တမ်းများက ဆိုထားသည်။
လေထုညစ်ညမ်းမှုကြောင့် လူတစ်ဦးချင်း၏ ပျမ်းမျှမျှော်မှန်းသက်တမ်းမှာ ၂ ဒသမ ၂ နှစ်ခန့်အထိ ကျဆင်းလာသည်ဟု ကျန်းမာရေး မှတ်တမ်းအရ သိရသည်။
ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နှင့် ရောဂါအခံရှိသူများ လေထုညစ်ညမ်းမှုနှင့် ဆိုးကျိုးကျန်းမာရေးပြဿနာများကို ပိုပြီး ခံစားရနိုင်သည်ဟုလည်း ဆိုသည်။
" အခုဆိုရင် ရန်ကုန်မြို့မှာ အပြင်သွားရင် mask တပ်ပြီးသွားကြဖို့ အသိပေးတာတွေရှိနေပြီ။ လူတိုင်းကလည်း အပြင်ထွက်ရင် mask တပ်ပြီး သွားသင့်ပါတယ်" ဟု နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်သူ မချိုချိုမာက ပြောသည်။
လေထုညစ်ညမ်းမှုကို ထိန်းချုပ်စေနိုင်ရန်အတွက် လေထုညစ်ညမ်းမှုကို ဥပဒေပြဌာန်းခြင်း၊ အသိပညာပေးစသည့် နည်းလမ်းရှာဖွေလုပ်ဆောင်ကာ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် လိုအပ်နေသည်။
ယင်းအပြင် ရပ်ကွက်၊ ကျေးရွာများမှာလည်း လယ်ယာစိုက်ခင်းမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်းများကို အသိပညာပေးတားမြစ်မှု လုပ်ဆောင်သင့်သည်ဟုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက တိုက်တွန်းထားကြသည်။