- AA နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ချင်းပြည်ကောင်စီပြော
- မွန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက်လာ
- မအိပ်သည့် လသားကလေးကို ဆွဲဆိတ်နှိပ်စက်သည့် မြန်မာအိမ်အကူ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ
- မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
- တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွား
လေထုညစ်ညမ်းမှုကြောင့် အာရှကလေးငယ် ၁၀၀ ဦးခန့် နေ့စဉ်သေဆုံးနေရဟု ယူနီဆက်ဖ် အသိပေး
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၏ တွေ့ရှိချက်အသစ်အရ လူလေးဦးလျှင် တစ်ဦး သေဆုံးရသည့် ဖြစ်စဉ်မှာ လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်ပတ်သက်နေပြီး ယေဘုယျအားဖြင့် ယခုဖြစ်စဉ်မှာ အရွယ်ရောက်ပြီးသူများအထိ သက်ရောက်မှုများရှိနေသည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။
07 Feb 2025
![ပုံစာ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝတ်ဝီမွတ်တရာရမ် စာသင်ကျောင်း၌ ဆရာမတစ်ဦးက ကျောင်းသားများကို နှာခေါင်းစည်း တပ်ဆင်ပေးနေစဉ်။ (ဓာတ်ပုံ - Bangkok Post)](https://assets.dmediag.com/2025/2/Child-Feb7.jpg)
DMG ၊ ဖေဖော်ဝါရီ ၇
လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသတို့တွင် အသက်ငါးနှစ်အောက် ကလေးငယ် ၁၀၀ ကျော် နေ့စဉ်သေဆုံးနေရပြီး အာရှတိုက်ရှိ ဒေသတွင်းနိုင်ငံ အများအပြားသည် အဆိပ်သင့်သော လေထုနှင့် ဆိုးရွားစွာ ရင်ဆိုင်ရုန်းကန်နေရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၏ တွေ့ရှိချက်အသစ်အရ လူလေးဦးလျှင် တစ်ဦး သေဆုံးရသည့် ဖြစ်စဉ်မှာ လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်ပတ်သက်နေပြီး ယေဘုယျအားဖြင့် ယခုဖြစ်စဉ်မှာ အရွယ်ရောက်ပြီးသူများအထိ သက်ရောက်မှုများရှိနေသည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ ကလေးပေါင်း သန်း ၅၀၀ သည် ကျန်းမာရေးနှင့် မညီညွတ်သော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ချက်ပြုတ်ရန်နှင့် အပူပေးခြင်းအတွက် အသုံးပြုသော လောင်စာများကြောင့် ဖြစ်ပေါ်တတ်သော အိမ်တွင်းညစ်ညမ်းမှုများကလည်း အသက် ငါးနှစ်အောက် ကလေးငယ်များကို သေဆုံးမှုဖြစ်စေနိုင်သည်ဟု ယူနီဆက်ဖ်၏ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။
ကလေးငယ်အရေအတွက် ၃၂၅ သန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားသော နှစ်စဉ်ပျမ်းမျှ အမှုန်အမွှားအဆင့် သတ်မှတ်ချက် သို့မဟုတ် PM 2.5 ထက် ငါးဆမက ကျော်လွန်နေသော နိုင်ငံများတွင် နေထိုင်ကြရပြီး ဖြစ်စဉ်အများစုမှာ ရုပ်ကြွင်းလောင်စာ၊ ဇီဝလောင်စာနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ယူနီဆက်ဖ်က ပြောကြားခဲ့သည်။
လေထုညစ်ညမ်းမှုသည် ကလေးတစ်ဦး၏ ကြီးထွားမှုနှင့် မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး ပန်းနာရင်ကျပ်၊ အဆုတ်ပျက်စီးမှုနှင့် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း သို့မဟုတ် ဆီးချိုရောဂါနှင့် နှလုံးရောဂါကဲ့သို့သော နာတာရှည်ရောဂါများကို ကလေးငယ်၏ ဘဝအဆင့်များအလိုက် ရေရှည်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်းမာရေး အကျိုးသက်ရောက်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း အင်စတီကျုနှင့် ယူနီဆက်ဖ် တို့က ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်လိုက်သော ပဥ္စမအကြိမ်မြောက် အစီရင်ခံစာက ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ငါးနှစ်အောက်ကလေးငယ်များ သေဆုံးမှုမှာ ၇၀၀,၀၀၀ ရှိခဲ့သည်ဟု ဆိုသည်။
နယူးဒေလီမှ အစပြုကာ ဒါကာနှင့် ဘန်ကောက်အထိ အာရှမြို့ကြီးများသည် ရာသီအလိုက် စိုက်ပျိုးသီးနှံများ မီးရှို့လောင်ကျွမ်းခြင်း၊ ယာဉ်များက ထွက်ပေါ်သော ညစ်ညမ်းခြင်းနှင့် ရာသီဥတုကြောင့် လေထုအတွင်း ဖုန်မှုန့်များ ပျံ့နှံ့ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် မညီညွတ်သည့် လေထုအခြေအနေကို ရင်ဆိုင်နေကြရသည်။