အွန်လိုင်းငွေလိမ်ဂိုဏ်းများကိစ္စ ထိုင်းကို အပြစ်တင်၍မရဟု ထိုင်းဒုတိယဝန်ကြီးချုပ် တုံ့ပြန်

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဖွမ်သမ်ဝီချာယာချိုင်က ဤငွေလိမ်လုပ်ငန်းများသည် နိုင်ငံအများအပြားတွင် နယ်စပ်ဖြတ်ကျော် လုပ်ကိုင်နေကြခြင်းဖြစ်သဖြင့် ထိုင်းတစ်နိုင်ငံတည်းကို အပြစ်ပုံချ၍မရကြောင်း တုံ့ပြန်ပြောကြားသည်။

By Admin 24 Jan 2025

ပုံစာ - ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သူ ဖွမ်သမ်ဝီချာယာချိုင်။ ဓာတ်ပုံ - Bangkok Post
ပုံစာ - ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သူ ဖွမ်သမ်ဝီချာယာချိုင်။ ဓာတ်ပုံ - Bangkok Post

DMG ၊ ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပေါများလာခြင်းသည် ထိုင်းနှင့်လည်းသက်ဆိုင်သည်ဟု မြန်မာ စစ်ကောင်စီ၏ ပြောကြားချက်များကို ထိုင်းဒုတိယဝန်ကြီးချုပ်က ငြင်းဆိုလိုက်ပြီး ဤပြဿနာသည် ရှုပ်ထွေးပြီး အဖွဲ့အစည်းအများအပြား ပါဝင်ပတ်သက်နေကြောင်း တုံ့ပြန်ပြောဆိုလိုက်သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဖွမ်သမ်ဝီချာယာချိုင်က ဤငွေလိမ်လုပ်ငန်းများသည် နိုင်ငံအများအပြားတွင် နယ်စပ်ဖြတ်ကျော် လုပ်ကိုင်နေကြခြင်းဖြစ်သဖြင့် ထိုင်းတစ်နိုင်ငံတည်းကို အပြစ်ပုံချ၍မရကြောင်း တုံ့ပြန်ပြောကြားသည်။

ရာဇဝတ်ဂိုဏ်းများကို နှိမ်နှင်းရေးသည် ‘အိမ်နီးချင်းနိုင်ငံ’ ကြောင့် အခက်ကြုံနေရသည်ဟု စစ်ကောင်စီက ပြောကြားကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အပေါ် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုင်းအစိုးရသည် ဤငွေလိမ်ဂိုဏ်းများကို မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းနှိမ်နင်းရန် ကတိပြုထားသော်လည်း မကြာသေးခင်က ထိုင်းစစ်ဘက် အရာရှိများနှင့် မြန်မာစစ်ကောင်စီအရာရှိများတွေ့ဆုံမှုတွင် ဤအကြောင်းကို ဆွေးနွေးခြင်းမရှိခဲ့ကြောင်း သူက ပြောသည်။

အစည်းအဝေး၌ နယ်စပ်ရေးရာ အထွေထွေကိစ္စရပ်များကို အဓိကဦးစားပေးဆွေးနွေးခဲ့ပြီး အသေးစိတ်ထပ်မံဆွေးနွေးခဲ့ခြင်း မရှိဟုလည်း ဝန်ကြီးကပြောသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ထိုင်းနိုင်ငံသည် နယ်စပ်တလျှောက်ရှိ မှောင်ခိုလုပ်ငန်းများကို အမြဲတမ်းစောင့်ကြည့်နေကြောင်း ပြောကြားထားသည်။

မြန်မာကသာ နယ်စပ်တလျှောက်ရှိ ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့၏ လုပ်ငန်းများကိုထိုင်းတွင် အခြေစိုက်ကာ လုပ်ကိုင်လည်ပတ်နေကြောင်း သက်သေပြနိုင်မည်ဆိုလျှင် အဆိုပါ လုပ်ငန်းများအား မြန်မာစစ်ကောင်စီက နှိမ်နင်းမည်ကို ထိုင်းအစိုးရကကူညီရန် အမြဲတမ်း အသင့်ရှိနေကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် သာနာသစ်ဆာဝန်ဆန်က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

အဆိုပါငွေလိမ်ဂိုဏ်းများ လည်ပတ်ရာနေရာသို့ ထိုင်းဘက်က လျှပ်စစ်ဓာတ်အားပေးထားခြင်းကို ဖြတ်တောက်ရန် ယခုအချိန်ထိ မဆောင်ရွက်သေးသည်ကို မေးမြန်းရာတွင်လည်း ပြည်သူ့ပါတီ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရန်စီမန်ရုန်းက “(စွမ်းအင်) ဝန်ကြီးဌာနကို မြန်မာဘက်က (ငွေလိမ်ဂိုဏ်းတွေရှိရာ)နေရာတွေကို လျှပ်စစ်မီးပေးနေတာကို ဖြတ်တောက်ကို အကြိမ်ကြိမ်အခါခါ ပြောပြီးပါပြီ။ ဒါလုပ်ဖို့ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ ကျွန်တော် နားမလည်နိုင်တော့ပါဘူး။ ထိုင်းနိုင်ငံဟာ ငွေလိမ်းဂိုဏ်းတွေအတွက် လျှပ်စစ်ထောက်ပံ့ပေးထားပြီး အကူအညီပေးနေတယ်လို့ မြန်မာမီဒီယာတွေမှာ ဖော်ပြနေကြတာ သိပ်ရှက်ဖို့ကောင်းပါတယ်” ဟု ပြောကြားသည်။

ထိုင်းစွမ်းအင်ဝန်ကြီးဌာနကမူ မိမိတို့အနေဖြင့် လျှပ်စစ်ထောက်ပံ့ရန် မြန်မာအာဏာပိုင်များနှင့် သဘောတူညီချက်သည် စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ထားခြင်း ဟုတ်၊မဟုတ်သာ စစ်ဆေး၍ရနိုင်ပြီး အဆိုပါအချက်ကိုကျော်လွန်ပြီး လျှပ်စစ်မီး အသုံးပြုမှု၊ ဖြန့်ဖြူးမှုတို့မှာ မြန်မာအာဏာပိုင်များ၏ တာဝန်သာဖြစ်သည်ဟု ဖြေကြားထားသည်။