ငါးနှစ်နီးပါး ရပ်ဆိုင်းခဲ့သည့် တရုတ် - အိန္ဒိယ လေကြောင်းခရီးစဉ်များ ပြန်ပြေးဆွဲမည်

အိန္ဒိယ၏ ထိပ်တန်းသံတမန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ တွေ့ဆုံပြီးနောက် အစောပိုင်းရက်များတွင် ကျင်းပရန်စီစဉ်ထားသော အစည်းအဝေး၌ ပျံသန်းမှုဆိုင်ရာ လုပ်ငန်းစဉ်မူဘောင်ကို နှစ်ဖက်လုံးကညှိနှိုင်းကြမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

By Admin 28 Jan 2025

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (ဘယ်)နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးတွင် အတူယှဉ်တွဲ မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇန်နဝါရီ ၂၈

၂၀၂၀ ပြည့်နှစ်တွင် ဟိမဝန္တာနယ်စပ်၌ စစ်ရေးအရ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးပြိုလဲသွားခဲ့ပြီး ငါးနှစ်နီးပါး ရပ်ဆိုင်းထားခဲ့ရသော တိုက်ရိုက်လေကြောင်း ဝန်ဆောင်မှုများကို ပြန်လည်စတင်ရန် အိန္ဒိယနှင့် တရုတ်တို့အကြား၌ သဘောတူညီခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

အိန္ဒိယ၏ ထိပ်တန်းသံတမန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ တွေ့ဆုံပြီးနောက် အစောပိုင်းရက်များတွင် ကျင်းပရန်စီစဉ်ထားသော အစည်းအဝေး၌ ပျံသန်းမှုဆိုင်ရာ လုပ်ငန်းစဉ်မူဘောင်ကို နှစ်ဖက်လုံးကညှိနှိုင်းကြမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုသတင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကလည်း အင်္ဂါနေ့က အတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား သတင်းထောက်များ အပြန်အလှန်စေလွှတ်ရေးတွင် လွယ်ကူချောမွေ့စေရန်အတွက် ဒု-ဝန်ကြီးအဆင့် အရာရှိများ အချင်းချင်းထပ်မံတွေ့ဆုံရန်လည်း သဘောတူညီခဲ့ကြပြီ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး၌ နှစ်နိုင်ငံအကြားတွင် တင်းမာမှုများတိုးလာခဲ့ကာ အိန္ဒိယ၌ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရာတွင် အခက်တွေ့မှုများ ဖြစ်လာခဲ့ရသည်။

နှစ်နိုင်ငံအကြားတွင် တိုက်ရိုက်ကုန်တင်လေယာဉ်များ ဆက်လက်လည်ပတ် ပြေးဆွဲနေခဲ့သော်လည်း လူကြိုက်များသော အက်ပလီကေးရှင်း ရာပေါင်းများစွာနှင့် ခရီးသည်တင်လေယာဉ် ပြေးဆွဲမှုလမ်းကြောင်းများကိုမူ ရပ်ဆိုင်းဖြတ်တောက်ထားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တို့သည် ယမန်နှစ် အောက်တိုဘာလ၌ ရုရှားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး ယင်းတွေ့ဆုံမှုအပါအဝင် အဆင့်မြင့်အစည်းအဝေးများကတဆင့် လွန်ခဲ့သော လေးလအတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပြန်လည်တိုးတက်လာခဲ့သည်။