- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ဆေးဝါးရှားပါးမှုနှင့် ငွေကြေးအခက်အခဲများကြောင့် ရောဂါအမြစ်ပြတ်အောင်မကုသနိုင်သဖြင့် အရေပြားရောဂါ ဖြစ်ပွားမှုများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။
05 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၅
ဒေသတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာနေရာအသီးသီးတွင် တိမ်းရှောင်နေကြသည့် ရခိုင်က စစ်ဘေးရှောင်များမှာ အရေးပြားရောဂါဖြစ်ပွားသူဦးရေ မြင့်တက်လာနေပြီး ကူးစက်မှုအန္တရာယ်မှာလည်း စိုးရိမ်စရာဖြစ်လာကြောင်း စစ်ဘေးရှောင်များနှင့် ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ယခင်က ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များ အရေးပြားရောဂါဖြစ်ပွားခဲ့သော်လည်း ယခုအခါ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်းနှင့် မောင်တောမြို့နယ်မှ စစ်ဘေးရှောင်များအထိ ပျံ့နှံ့ကူးစက်ဖြစ်ပွားလာနေသည်။
"အရေပြားယားနာ အဖြစ်များတာက ၁၀ နှစ်အောက်ကလေးတွေမှာ ပြင်းပြင်းထန်ထန်ခံစားနေကြရတယ်။ သက်ကြီးရွယ်အိုတွေနဲ့ လူကြီးတွေမှာလည်း ဖြစ်နေတာရှိပါတယ်။ စစ်ဘေးရှောင်တွေမှာလည်း အရေပြားယားနာ စပြီးခံစားနေကြရတယ်" ဟု ဂွ စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။
ဂွမြို့နယ်တွင် တိုက်နယ်သုံးခုတွင် ကလေးငယ်အပါအဝင် လူဦးရေ ၃,၀၀၀ ကျော်ထိ အရေးပြားရောဂါဖြစ်ပွားမှု တိုးလာနေပြီး ဆေးဝါးအကူအညီလိုအပ်ချက်မြင့်မားလျက်ရှိကြောင်း သိရသည်။
ရခိုင်က စစ်ဘေးရှောင်များမှာ ၂၀၂၄ နှစ်စပိုင်းမှစ၍ စတင်ခံစားနေကြခြင်းဖြစ်ပြီး လက်ရှိတွင် ကာလရှည်ကြာမြင့်လာပြီဖြစ်သော်လည်း ပျောက်ကင်းခြင်းမရှိဘဲ ရောဂါဝေဒါကို ခံစားနေကြရဆဲဖြစ်သည်။
အရေပြားရောဂါသည် ခန္ဓာကိုယ်တွင် အနီစက်များပေါ်ခြင်း၊ အဖုများထွက်ခြင်းစသည့် ရောဂါပုံစံမျိုးစုံ တွေ့ရတတ်ပြီး လူဦးရေထူထပ်သော စစ်ဘေးရှောင်စခန်းများတွင် ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေသည်။
ဆေးဝါးရှားပါးမှုနှင့် ငွေကြေးအခက်အခဲများကြောင့် ရောဂါအမြစ်ပြတ်အောင်မကုသနိုင်သဖြင့် အရေပြားရောဂါ ဖြစ်ပွားမှုများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။
"အစကတော့ ခန္ဓာကိုယ်ယားယံတာလောက်ပဲ စဖြစ်တာ။ နောက်တော့ လက္ခဏာကပိုဆိုးလာတယ်။ ခန္ဓာကိုယ်မှာ အနီစက်တွေပေါ်လာတယ်။ ညဖက်တွေဆို ယားရင်းကုတ်ရင်း အိပ်လို့မရတဲ့အထိ ဖြစ်လာတယ်။ လိမ်းဆေးတွေ ဝယ်လိမ်းရင်လည်း ပျောက်ကင်းသက်သာသွားတာမရှိဘူး။ လိမ်းဆေး တစ်ဗူးကိုလည်း တစ်သောင်းနီးပါး ပေးရတယ်" ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ရေရှားပါးမှုကြောင့် မသန့်ရှင်းသောရေကို သုံးစွဲခဲ့ရ၍ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အစောပိုင်းမှစ၍ အရေပြားရောဂါဝေဒနာဒဏ်ကို ယနေ့အထိ ခံစားနေကြရခြင်း ဖြစ်သည်။
အရေပြားရောဂါမှာ သောက်သုံးရေမသန့်ရှင်းမှု၊ တစ်ကိုယ်ရည် မသန့်ရှင်းမှုတို့ကြောင့်ဖြစ်တတ်ပြီး ဖုန်မှုန့်၊ ဓာတုဗေဒပစ္စည်း၊ ကပ်ပါးပိုးကောင်စသည့် အရာတို့နှင့်ထိတွေ့မိလျှင် အရေပြားကိုးယားယံစေကာ အဖုအပိန့်ထခြင်း၊ အင်းပျဉ်ထခြင်းနှင့် အနီစက်များဖြစ်ပေါ်တတ်သည်။
ရောဂါဖြစ်ပွားမှုပုံစံမှာ တစ်ဒေသနှင့်တစ်ဒေသ ကွဲပြားမှုရှိပြီး လူဦးရေထူထပ်သောနေရာများတွင် ကူးစက်မှုပိုများသဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းထားကြသည်။
"အရေပြားယားနာက ဝတ်အထည်တွေရောပြီး ထားတာကနေ ကူးစက်တတ်တယ်။ ရေမသန့်တာတွေ တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိတာတွေကြောင့်လည်း ဖြစ်တယ်။ ယားတဲ့နေရာတွေကို ကုတ်လို့ရှိရင် ပိုးဝင်ပြီး ယားယံတာပိုးဆိုးစေတယ်။ သေချာဂရုတစိုက် ကုသပေးဖို့လိုအပ်တယ်" ဟု ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်က စစ်ဘေးရှောင်များဖြစ်ပွားနေသည့် အရေပြားရောဂါမှာ စိုးရိမ်စရာကောင်းသဖြင့် အမြစ်ပြတ် ကုသရန်အရေးတကြီးလိုအပ်နေပြီး ထိုသို့မကုသနိုင်ပါက ရောဂါကူးစက်မှုနှုန်းမှာ ပို၍ မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းများက အကြံပြုထားသည်။
စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်စခန်းနှင့် အခြားနေရာအသီးအသီးတွင် ခိုလှုံနေကြသူများမှာ စားဝတ်နေရေးအကျပ်အတည်းအပြင် ကျန်းမာရေးကပ်ဆိုးကြီးဒဏ်ကိုပါ ရင်ဆိုင်ခံစားနေကြရသည်။