- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
- အာဏာသိမ်း ၄ နှစ်ပြည့်နှင့် စစ်ရေး၊ နိုင်ငံရေး အလားအလာ
- ရခိုင့်နိုင်ငံရေး အပြောင်းအလဲနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ အနာဂတ်
ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်ဝရှိ ရခိုင်ရေပိုင်နက်အခြမ်းတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ အစီးရေ ၈၀ ခန့်၊ ရေလုပ်သား ၂၀၀ ခန့်မှာ နေ့၊ ညအချိန်မရွေး ခိုးဝင်ငါးဖမ်းမှုရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
05 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၅
ရခိုင်ရေပိုင်နက်ထဲ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းမှုများ ပိုမိုများပြားလာနေ၍ အာရက္ခတပ်တော် (AA)အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်အရေးယူရန် လိုအပ်နေသည်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်ဝရှိ ရခိုင်ရေပိုင်နက်အခြမ်းတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ အစီးရေ ၈၀ ခန့်၊ ရေလုပ်သား ၂၀၀ ခန့်မှာ နေ့၊ ညအချိန်မရွေး ခိုးဝင်ငါးဖမ်းမှုရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
" မောင်တောတိုက်ပွဲပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ငါးဖမ်းဘုတ်တွေ နေ့တိုင်းတွေ့တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကနေပြီး အခုအချိန်ထိ ငါးဖမ်းဘုတ် ပိုများလာတာတွေ့ရတယ်။ တစ်ရက်မှာ ငါးဖမ်း ဘုတ် ၈၀ ကျော်အထိတွေ့ရပါတယ်။ ဒါက ကျနော်မျက်မြင် ပြောတာဖြစ်တယ်" ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများသည် မြန်မာ - ဘင်္ဂလားရေပိုင်နက်ရှိ စစ်ကောင်စီနေဗီနှင့် အဆက်အသွယ်လုပ်ပြီး ထိုစစ်သင်္ဘောအားကိုးဖြင့် ခိုးဝင်ငါးဖမ်းခွင့်ရရှိနေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
"ဒီငါးဖမ်းလှေတွေ ခိုးဝင်နေတဲ့ အဓိက အကြောင်းအရင်းကတော့ အုန်းကျွန်း (စိန့်မာတင်ကျွန်း) အနီးမှာ အတက်၊ အဆင်းလုပ်နေတဲ့ စစ်ကောင်စီနေဗီကြောင့် ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က အဲနေဗီ အနားက သွားနေတာ နေ့တိုင်းတွေ့တာပဲ။ စစ်ကောင်စီနဲ့ အဆက်အသွယ်ရှိပြီး အဲဒါကို အားကိုးပြီး ငါးလာဖမ်းနေကြတာ ဖြစ်တယ်" ဟု နောက်ထပ် မောင်တောဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သားပိုင် ငါးဖမ်းစက်လှေအများအပြား ကျူးကျော်ငါးခိုးဖမ်းနေခြင်းကြောင့် ရခိုင်ဒေသခံ ငါးဖမ်းသမားများမှာ ငါးဖမ်းယူရရှိယူနည်းပါးလာသဖြင့် အခက်အခဲများစွာဖြစ်ပေါ်နေကြသည်။
ရခိုင်နယ်မြေအများအပြားကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ဘင်္ဂလားပင်လယ်ပြင်ထဲတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်အချို့မှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာမှ ရေမိုင် ၉ မိုင်ကျော်အကွာ ပင်လယ်ပြင်နှင့် ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းအနီးတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်နှစ်စီးမှာ ကမ်းကပ်လာခြင်းမရှိဘဲ အမြဲတမ်းအသွားအလာရှိနေသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောခရိုင်တစ်ခုလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီဖြစ်သော်လည်း ပင်လယ်ပင်နယ်စပ်လုံခြုံရေးကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အခက်အခဲများ ရှိနေသေးသည်။
" အာရက္ခတပ်တော် (AA) က အစိုးရပ်တစ်ရပ်အနေနဲ့ တာဝန်ယူရတော့ မပြည့်စုံတာတွေ ရှိသေးတာပေါ့။ အဲဒါကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ပေါ်ပေါ်ထင်ထင် ပိုင်နက်ကျူးလွန်ပြီး ငါးဖမ်းတာတွေ လုပ်နေတာဖြစ်တယ်။ AA ဖက်ကလည်း ဖမ်းဆီးထောင်ချဖို့ထက် သက်ညှာပြီး လွှတ်ပေးတာကို အခွင့်ကောင်းယူတာပေါ့။ တည်ငြိမ်တဲ့ ကာလတစ်ခုရောက်ရင်တော့ ထိထိရောက်ရောက် အရေးယူဖို့တာတော့ သေချာတယ်" ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ရခိုင်ရေပိုင်နက်ထဲတွင် ငါးခိုးဖမ်းနေခြင်းနှင့်ပတ်သတ်၍ ဒေသအာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများတွင်သာ ပြောဆိုမှုရှိနေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ တရားဝင် သတိပေးတားမြစ်ထားခြင်း မတွေ့ရပေ။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က ရခိုင်ရေပိုင်နက်ထဲတွင် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ ၆၀ စီး ခန့်တွေ့ရှိပြီး အာရက္ခတပ်တော် (AA) ကမ်းခြေစောင့်တပ်ဖွဲ့မှ ငါးဖမ်းလှေ ၁၅ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦး ကို ဖမ်းဆီရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို နိုဝင်ဘာ ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) က AA ထံ ဆက်သွယ်ဆွေးနွေးမှုကြောင့် ခံဝန်လက်မှတ်ထိုးစေပြီး ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင်လည်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့သော်လည်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။
ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းသည့် မည့်သည့် နိုင်ငံသားများကိုမဆို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသွားမည်ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။