နွေကျောင်းပိတ်ရက်မှာ ကလေးတွေကို လွတ်လပ်ခွင့်ပေးပါ

ကိုးတန်းကလေးတွေက ပညာသင်နှစ် မပြီးဆုံးသေးဘဲ ဆယ်တန်းစာကို သင်နေရတယ်ဆိုတာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါဟာ ကျောင်းမပိတ်ခင်ကတည်းကပင် ကလေးတွေရဲ့ နွေအားလပ်ရက်တွေကို ကန့်သတ် ချုပ်ချယ်လိုက်ကြတာလည်း ဖြစ်ပါတယ်။

By ညိုထွန်း 08 Mar 2019

ညိုထွန်း ရေးသားသည်။

ကမ္ဘာကြီးဟာ နည်းပညာဖွံ့ဖြိုးမှုတွေနဲ့အတူ နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်နေပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံအသီးသီးမှာ ကလေးတွေကို ငယ်စဉ်ကတည်းကပင် စနစ်တကျ ပြုစုပျိုးထောင်နေကြပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ကလေးတွေရဲ့ ဝါသနာ ဗီဇက အလွန်အရေးပါတယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။ သူတို့လုပ်ချင်တာကို လုပ်ခွင့်မပေးဘဲ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင် အကျဉ်းသားတစ်ယောက်လို ထိန်းချုပ်ခံထားရပြီး ကျေးကျွန်တစ်ယောက်လို ခိုင်းစေခြင်းမျိုး မဖြစ်အောင် အထူး သတိထားကြရမှာပါ။

နွေကျောင်းပိတ်ရက်တွေ ပျောက်ဆုံး နေခြင်း

အခုဆိုရင် ရာသီဥတုက ဆောင်းကုန်ပြီး နွေကိုတောင် ရောက်ရှိလို့လာပါပြီ။ ကလေးတွေလည်း အတန်းတင်စာမေးပွဲဖြေပြီးလို့ ကျောင်းတွေပိတ်ထားတဲ့ ရာသီပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် နွေရာသီကို ပူပြင်းလွန်းပေမဲ့ အတော်နှစ်သက်မိပါတယ်။ ဘာကြောင့်လဲဆိုရင် နွေရာသီမှာ ကျောင်းတွေလည်းပိတ်၊ ကစားချိန်တွေလည်း အများကြီးရပြီးတော့ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရကြလို့ပါ။   

လူကြီးတွေကတော့ ပူလွန်းတာကြောင့် နွေရာသီကို မကြိုက်ကြပေမဲ့ ကျွန်တော်တို့အတွက်တော့ နွေရာသီဟာ တန်ခိုးရှင်တစ်ဦး ဖန်တီးပေးထားတဲ့ အားလပ်ရက်တွေပါပဲ။ ပူလို့ပူမှန်းမသိ ပြေးကြလွှားကြ ကစားကြနဲ့ အတော်ပျော်စရာကောင်းခဲ့ပါတယ်။ ကလေးဘဝရဲ့ ပျော်ရွှင်ခြင်း အနှစ်သာရကို နွေရာသီမှာ ရရှိခဲ့ကြပါတယ်။

အခုဆွေးနွေးမှာကတော့ ဒီနေ့ခေတ် ကလေးတွေ နွေရာသီမှာ လွတ်လပ်ခြင်းအရသာကို ခံစားခွင့်ရရှိကြရဲ့လား ဆိုတာပါပဲ။ ဒီမေးခွန်းကိုတော့ တော်တော်များများက No လို့ပဲ ဖြေကြမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုရင် အခုခေတ် ကလေးတွေဟာ ရီမုတ်ကွန်ထရိုးနဲ့ အလွန်အကျွံ ထိန်းချုပ်ခံနေရတဲ့ စက်ရုပ်လူသားတွေလို ဖြစ်နေကြလို့ပါပဲ။ မိဘတွေရဲ့ လိုအပ်တာထက် ပိုပြီး ထိန်းချုပ်ကန့်သတ်မှုတွေအောက်မှာ ကလေးတွေဟာ ခက်ခက်ခဲခဲ လှုပ်ရှားနေကြရတာကို တွေ့မြင်နေရပါတယ်။

မြန်မာနိုင်ငံမှာ နွေရာသီကျောင်းပိတ်ရက် ဆိုတာဟာ နွေရာသီမှာ ပူပြင်းလွန်းတာကြောင့် စာသင်ဖို့ မဖြစ်နိုင်တာရယ်၊ ပညာသင်ယူနေတဲ့ ကလေးတွေကို အနားပေးချင်တာရယ်ကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ကလေးတွေဟာ စာသင်နှစ်အတွင်းမှာ စာကို အသေအလဲကျက်ကြရလို့ အလွန်အမင်း ပင်ပန်းနေကြပြီ ဖြစ်ပေမယ့်လည်း မိဘတွေကတော့ သူတို့သားသမီးတွေကို နွေရာသီမှာတောင် အနားပေးချင်ကြပုံ မရပါဘူး။ အတန်းတင်စာမေးပွဲ ဖြေပြီးလို့တောင် တစ်ပတ်မကြာသေးဘူး၊ သူတို့သားသမီးတွေကို နောက်တစ်တန်းအတွက် ကျူရှင်ပို့ထားကြပါပြီ။ ဆရာ/မတွေကလည်း စာမေးပွဲရမှတ်တောင် မစစ်ဆေးရသေးဘူး၊ ကျူရှင်ဖွင့်ရန် အဆင်သင့်ဖြစ်နေကြပြီ။

ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်း

ကမ္ဘာကြီးက တိုးတက်ပြောင်းလဲနေတာနဲ့အမျှ လိုအပ်ချက်တွေလည်း ပြောင်းလာပါတယ်။ ဒီနေ့ခေတ်ဟာ ပညာနဲ့သွားနေတဲ့ခေတ် ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ပညာနဲ့ပဲ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ ခေတ်ဖြစ်တယ်။ သံမှိုကလေးတစ်ချောင်း ရိုက်တာကအစ ဒုံးပျံတီထွင်တဲ့အဆုံး ပညာနဲ့ပဲ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ပညာတတ်သူတွေက ရှေ့ရောက်ပြီး ပညာမတတ်သူတွေက နောက်ကျကျန်ခဲ့တော့မယ့် အခြေအနေနဲ့ ကြုံကြရတော့မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမိဘတွေဟာ ပညာရေးမှာ ပိုမို ရင်းနှီးမြှုပ်နှံလာကြသလို ပညာရေးကို ဆင်းရဲခြင်းရဲ့ ထွက်ပေါက်တစ်ခုအဖြစ် မြင်လာကြပါတယ်။ ပညာတတ်မှ ပိုက်ဆံတွေ အများကြီး ရှာနိုင်မယ်၊ အထက်တန်းကျကျ နေထိုင်နိုင်မယ် စသည်အားဖြင့် မိဘတွေက တွေးတောလာကြတာကြောင့် သူတို့ကလေးတွေကို ငယ်ငယ်ကတည်းကပင် စက်ရုပ်တစ်ရုပ်လို ခိုင်းစေကြတော့တာပါပဲ။

“ငါ့သားလေး အင်ဂျင်နီယာ ဖြစ်စေရမယ်၊ ငါ့သမီးလေး ဆရာဝန်ဖြစ်စေရမယ်” ဆိုတဲ့ မိဘတွေရဲ့ လိုချင်တပ်မက်မှုတွေအောက်မှာ ကလေးတွေဟာ ဝါသနာကို ဘေးချိတ်ထားရပြီး မြေစာပင်ဘဝနဲ့ ရုန်းကန် လှုပ်ရှားနေကြရပါတယ်။ ကလေးတွေ လွတ်လွတ်လပ်လပ်နေလို့ရအောင် သတ်မှတ်ပေးထားတဲ့ နွေရာသီ အားလပ်ရက်တွေမှာတောင် ကလေးတွေကို အနားမပေးကြပါဘူး။ စာမေးပွဲဖြေပြီးလို့ တစ်ပတ်လောက်ကြာတာနဲ့ ဆရာ၊ ဆရာမတွေက ကျူရှင်တွေ စဖွင့်နေပါပြီ။ မိဘတွေကလည်း သူတို့သားသမီး ပညာရေးမှာ နောက်ကျကျန်ခဲ့မှာ စိုးတာကြောင့် ကလေးတွေရဲ့ နွေအားလပ်ရက်တွေကို ကျူရှင်မှာ ရင်းနှီးမြှုပ်နှံကြပြန်တယ်။ အဲဒါကို အဓိက ခံစားကြရတာက ကလေးတွေပါပဲ။ သူတို့မှာ မိဘဆရာသမားတွေရဲ့ တိုက်တွန်းမှုတွေကြောင့် တစ်နှစ်ပတ်လုံး စာကို အပတ်တကုတ် သင်ယူမှတ်သားပြီး ကြိုးစားကြရတယ်။

လူသားတွေဟာ ခံစားချက်မရှိတဲ့ စက်ရုပ်လို မနားတမ်း အလုပ်မလုပ်နိုင်ပါဘူး။ စက်ရုပ်တွေတောင် မနားတမ်းအလုပ်လုပ်ရင် စက်ချွတ်ယွင်းကြတာပဲ။ ဒါကြောင့် အနာဂတ်မှာ နိုင်ငံကို ဦးဆောင်လာရမယ့် ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အစစအရာရာ သတိထားကြရမှာ ဖြစ်သလို ဥယျာဉ်မှူးအဖြစ် တင်စားခံထားရတဲ့ ဆရာ/မတွေ အနေနဲ့လည်း ပန်းကလေးတွေကို ပြုစုပျိုးထောင်ရာမှာ  အထူးဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ နှစ်ပေါင်းများစွာ အမှတ်ပေးစနစ်ကို သိပ်အားကိုးခဲ့တဲ့အခါကျတော့ မိဘတွေရော ကလေးတွေရော အမှတ်ဘယ်လောက်ရလဲ ဆိုတာကို အဓိကထားပြီးတော့ ပညာရေးကို ချဉ်းကပ်ကြတယ်။ ပညာရေးဆိုတာ ဘာအတွက်လဲ ဆိုတာကို မစဉ်းစားတော့ဘဲ အမှတ်များများရဖို့၊ အမှတ်များများရလို့ရှိရင် စာမေးပွဲအောင်မယ်၊ စာမေးပွဲအောင်ပြီးလို့ရှိရင် ကိုယ်တက်ချင်တဲ့ သင်တန်း တက်နိုင်မယ်။ တစ်ချိန်တစ်ခါကဆိုရင် လူတိုင်းက ဆရာဝန်လုပ်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆရာဝန်က ဂုဏ်ရှိတယ်လို့ သတ်မှတ်တယ်၊ ပိုက်ဆံကောင်းကောင်းရှာနိုင်တယ်လို့ ထင်ကြတယ်။ ဒီလိုအယူအဆတွေနဲ့ ဆရာဝန်သိပ်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ဆရာဝန်ချည်းပဲရှိလို့ မကောင်းသေးဘူး အမျိုးမျိုးလိုတယ်” လို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက ကလေးမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တလောက သူငယ်ချင်းတစ်ဦးနဲ့ ဆုံတုန်း ဝမ်းနည်းစရာကိစ္စတစ်ခုကို သိခဲ့ရပြန်တယ်။ သူ့မောင်လေးက ကိုးတန်းစာမေးပွဲတောင် မဖြေရသေးဘူး၊ ဆယ်တန်းစာတွေကို သင်နေရပြီတဲ့။ ထပ်မေးကြည့်လိုက်တော့ သူအခုတက်နေတဲ့ဝိုင်းက ဆရာမတွေ စီစဉ်တာဖြစ်ပြီး တခြားကလေးတွေလည်း ပါတယ်တဲ့။ ဆရာမတွေ စီစဉ်တာဆိုတော့ မိဘတွေကလည်း ဘာမှမပြောသာဘူးပေါ့။ ကျွန်တော် အံ့သြသွားမိတယ်။ ကိုးတန်းကလေးတွေက ပညာသင်နှစ် မပြီးဆုံးသေးဘဲ ဆယ်တန်းစာကို သင်နေရတယ်ဆိုတာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါဟာ ကျောင်းမပိတ်ခင်ကတည်းကပင် ကလေးတွေရဲ့ နွေအားလပ်ရက်တွေကို ကန့်သတ် ချုပ်ချယ်လိုက်ကြတာလည်း ဖြစ်ပါတယ်။

အခုဆိုရင် မိဘတွေရဲ့ ကြွားဝါချင်စိတ်တွေကြောင့် သားသမီးချင်း အားပြိုင်ခိုင်းမှုတွေဟာလည်း အရင်ကထက် ပိုမိုများလာပါတယ်။ အတန်းမှာ အဆင့်ဝင်နေတဲ့ ကလေးတွေဆိုရင် ယောင်လို့တောင် အဆင့်ကျလိုက်မယ် မစဉ်းစားနဲ့။ (အစိုးရသစ်လက်ထက်မှာ အဆင့်သတ်မှတ်တဲ့စနစ်ကို ဖျက်သိမ်းထားပါပြီ။) အဆင့်ကျတာနဲ့ သူတို့သားသမီးတွေကို မဆိုစလောက်လေးသာ ပေးထားတဲ့ အခွင့်အရေးတွေကိုတောင် ထပ်မံကန့်သတ် ချုပ်ချယ်လိုက်ကြတော့တာပါပဲ။ ကစားချိန်တွေကို ကန့်သတ်တယ်။ အနားယူချိန်တွေကို လျှော့ချခိုင်းတယ်။ ကလေးတွေခမျာ ဘာမှမတတ်နိုင်ကြ။ မိဘတွေရဲ့ ကြိုးဆွဲရာကို စိတ်မပါတပါနဲ့ ကကြရပြန်ပါတယ်။

ဝါသနာကို ကျောခိုင်းထားကြရတဲ့ ကလေးတွေ

တစ်ကမ္ဘာလုံးက ရုပ်ရှင်ပရိသတ်တွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ဘောလိဝုဒ်စတား အာမီအာခမ်း ပါဝင်တဲ့ 3 idiots (ဝမ်းတွင်းရူးသုံးယောက်) ဇာတ်ကားကို ကြည့်ဖူးမိကြမှာပါ။ အိန္ဒိယနိုင်ငံရဲ့ နံပါတ်တစ် အင်ဂျင်နီယာကျောင်းမှာ တက်နေတဲ့ ကျောင်းသားသုံးယောက်ကို ဇာတ်ကောင်တည်ပြီး ပရိသတ်တွေကို ဟာသ၊ အချစ်၊ သုတ၊ ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ ပညာပေးဇာတ်ကားဖြစ်ပြီး ပရိသတ်တွေကိုလည်း စဉ်းစားတွေးခေါ်စရာတွေ အများကြီးပေးထားပါတယ်။

အင်ဂျင်နီယာကျောင်းရဲ့ ဒါရိုက်တာ (ကျောင်းသားတွေအခေါ် ဗိုင်းရပ်စ်) အမြဲပြောဖြစ်တာကတော့ “ဘဝဆိုတာ ပြိုင်ပွဲတစ်ခုပဲ မင်းမြန်မြန်မပြေးဘူးဆိုရင် မင်းကို နင်းချေသွားကြလိမ့်မယ်။ ပြိုင်ရင်ပြိုင် မပြိုင်ရင်သေ” တဲ့။ မွေးလာကည်းကပင် သားဆိုရင် အင်ဂျင်နီယာဖြစ်ရမယ်၊ သမီးဆိုရင် ဆရာဝန် ဖြစ်ရမယ်ဆိုတာက သူ့ခံယူချက်။ သူ့သားသမီးတွေကိုလည်း မွေးကတည်းကပင် ပြေးခိုင်းပါတော့တယ်။ သူ့သားဆိုရင် စာရေးဆရာဖြစ်ချင်ပေမဲ့ သူ့အဖေရဲ့ အင်ဂျင်နီယာအိပ်မက်ကြောင့် မပျော်မရွှင်ဖြစ်ပြီး စိတ်ထွက်ပေါက်အဖြစ် Suicide (မိမိကိုယ်ကိုသတ်သေခြင်း) လမ်းကို ရွေးချယ်ခဲ့တယ်။

အဲဒီဇာတ်ကားမှာ အင်ဂျင်နီယာဘွဲ့ကို သူ့အလုပ်ရှင်ရဲ့သားအတွက် ကိုယ်စားလာယူပေးတဲ့ ကျောင်းရဲ့အထူးချွန်ဆုံးကျောင်းသား ရန်ချိုပြောတဲ့ စကားတစ်ခွန်းက မှတ်သားဖွယ်ကောင်းပါတယ်။ သူ့အဖေကိုကြောက်ပြီး အင်ဂျင်နီယာဘာသာရပ်ကို လာရောက်လေ့လာနေတဲ့ ဓာတ်ပုံဝါသနာရှင် သူ့သူငယ်ချင်းကို ပြောတဲ့စကားပါ။

“Engineering ကို စွန့်လွှတ်ပြီး ဓာတ်ပုံပညာကို လက်ထပ်လိုက်စမ်းပါ။ မင်းရဲ့အရည်အချင်းနောက်ပဲလိုက်။ တကယ်လို့ မိုက်ကယ်ဂျက်ဆင် (ကမ္ဘာကျော်အဆိုတော်)ရဲ့ အဖေက သူ့သားကို လက်ဝှေ့သမားလုပ်ခိုင်းပြီး မိုဟာမက်အလီ (ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ) ရဲ့အဖေကသာ သူ့သားကို အဆိုတော်ပေးလုပ်ခိုင်းမယ်ဆိုရင် ဘာတွေ ဖြစ်သွားမလဲဆိုတာ တွေးကြည့်လိုက်စမ်းပါ။”

ဒီစကားက ကျွန်တော်တို့တွေ အထူးစဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ။ ကိုယ်ဝါသနာပါရာ နောက်ကိုသာလိုက် အောင်မြင်မှုက နောက်က လိုက်လာလိမ့်မယ်လို့လည်း သူကဆိုပါတယ်။ လူဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရမှ စိတ်ပျော်ရွှင် ကျေနပ်ကြတဲ့အမျိုးပါ။ ကိုယ်မလုပ်ချင်တာကိုသာ လုပ်နေရရင်တော့ အဲဒီကဏ္ဍမှာ အောင်မြင်ထွန်းပေါက်မှာ မဟုတ်သလို စိတ်ညစ်စရာတွေနဲ့လည်း အမြဲကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် အတွေးအခေါ် မရင့်ကျက်သေးတဲ့ ကလေးတွေဆိုရင် ပိုဆိုးပါတယ်။

ကလေးတွေမှာ သူတို့ရဲ့ဝါသနာ ဗီဇတွေ ရှိပါတယ်။ သူတို့တွေရဲ့ ဝါသနာပါရာလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် မိဘဆရာသမားတွေက ဥယျာဉ်မှူးပန်းပျိုးသလို ယုယုယယ ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။ ပြုစုနည်းသာ မှားရင်တော့ ပန်းပင်တွေ ညှိုးနွမ်းပြီးတော့ ပိုးကျမှာဖြစ်သလို ပိုးကျနေတာကိုမသိဘဲ ထပ်မံပြီး ဇွတ်အတင်း မြေသြဇာထည့် ရေလောင်းနေရင်တော့ သိပ်အဆင်မပြေလှပါဘူး။

အခု ကျွန်တော် ဆွေးနွေးနေတာတွေဟာ ကလေးတွေကို ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာတွေကို အပြစ်ပြောနေတာ မဟုတ်ပါဘူး။ “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း ကလေးတွေရဲ့ လက်ခံနိုင်စွမ်းကိုလည်း သတိထားကြရမှာဖြစ်ပါတယ်။ ကိုယ်ဖြစ်စေချင်တာကိုပဲ ရှေ့တန်းမတင်ဘဲ ကလေးတွေရဲ့ စိတ်ကူးအိပ်မက်တွေကိုလည်း သိရှိနားလည်အောင် ကြိုးစားကြရမှာဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ နောက်များအခါ 3 idiots ကားထဲက ဗိုင်းရဗ်စ်ရဲ့ သားလို အဖြစ်မျိုးတွေနဲ့  ကြုံတွေ့ကြရမှာကိုလည်း အထူးသတိပြုစေလိုပါတယ်။

ကလေးတွေ ဝါသနာပါရာကို နွေကျောင်းပိတ်ရက်တွေမှာ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးခြင်းက ကလေးတွေအတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်စေမှာပါ။ အဲဒီလိုမဟုတ်ဘဲ မိဘတွေက ကိုယ်ဖြစ်စေချင်တာကိုပဲ ဦးစားပေးနေရင်တော့ ကလေးတွေဘဝမှာ စိတ်ဒဏ်ရာအနာတရတွေ ရရှိပြီး နောက်အရွယ်ရောက်လာတဲ့အခါ မိဘတွေကိုတောင် အပြစ်တင်နိုင်ပါသေးတယ်။

စာပေအနုပညာကို ဝါသနာပါတဲ့ ကလေးတွေအတွက် အဲဒါနဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို လေ့လာနိုင်ဖို့အတွက် လမ်းဖွင့်ပေးသင့်သလို အားကစားကိုအားသန်တဲ့ ကလေးတွေအတွက်လည်း ကိုယ်တတ်နိုင်သလို အထောက်အပံ့ပေးကြမှသာ ကလေးတွေဟာလည်း ဘဝမှာ နေပျော်ကြမှာပါ။ အချိန်ရှိတိုင်း ကျောင်းစာချည်း သင်ခိုင်းနေလို့ကတော့ ပညာမရဘဲ စာချည်းရလာမှာ ဖြစ်ပါတယ်။

ကဲ … ကျွန်တော်တို့ရဲ့ ကလေးတွေ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရဖို့နဲ့ ကလေးတွေရဲ့ အိပ်မက်တွေကို သိရှိနိုင်အောင် ကြိုးစားပြီး တတ်နိုင်သလောက် အကောင်အထည် ဖော်ပေးလိုက်ကြရအောင်။    ။

ညိုထွန်း

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့ထုတ် Development News Journal အမှတ် ၁၀၄ တွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။