- မြန်မာကလေးငယ်များကို ကယ်တင်ပေးရန် Unicef သို့ ဦးကျော်မိုးထွန်း တောင်းဆို
- AA နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ချင်းပြည်ကောင်စီပြော
- မွန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက်လာ
- မအိပ်သည့် လသားကလေးကို ဆွဲဆိတ်နှိပ်စက်သည့် မြန်မာအိမ်အကူ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ
- မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
မြန်မာကလေးငယ်များကို ကယ်တင်ပေးရန် Unicef သို့ ဦးကျော်မိုးထွန်း တောင်းဆို
မြန်မာနိုင်ငံရှိ ကလေးငယ် ၆ သန်းမှာ အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခနှင့် ရင်ဆိုင်နေရပြီး ၃.၅ သန်းခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများအနက် ၃၃ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်သည်။
07 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များသည် စစ်ကောင်စီကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို အလွန်အမင်းခံနေရသဖြင့် ကလေးငယ်များ၏ အသက်နှင့် အနာဂတ်ကို ကယ်တင်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက Unicef သို့ တောင်းဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ကုသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ Unicef အဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် သံအမတ်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
" စစ်တပ်နှင့် ၎င်း၏ လက်ပါးစေများက ကျူးလွန်သည့် မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများ၊ သတ်ဖြတ်ခြင်းများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းတို့ကြောင့် ကလေးငယ်အများစုမှာ အသက်သေဆုံးလျှင် သေဆုံး၊ သို့မဟုတ်ပါက မိဘမဲ့ဖြစ်ခြင်း သို့မဟုတ် မသန်စွမ်း ဘဝသို့ ရောက်ရှိခဲ့ရကြောင်း" လည်း ဦးကျော်မိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံရှိ ကလေးငယ် ၆ သန်းမှာ အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခနှင့် ရင်ဆိုင်နေရပြီး ၃.၅ သန်းခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများအနက် ၃၃ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်သည်။
စစ်ကောင်စီက လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများနှင့် အခြားသော အဆောက်အဦများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေ၍ ကလေးငယ်များမှာ စစ်ဘေးရှောင်စခန်းနှင့် ဗုံးခိုကျင်းထဲ၌ ပညာသင်ကြားနေရပြီး လမ်းခရီးကန့်သတ်မှု၊ ဆေးဝါးရှားပါးမှုတို့ကြောင့် ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေကြရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းမရှိပါက ကူးစက်လွယ်သော ရောဂါများပြန့်ပွားမှုကို မြင့်တက်စေနိုင်ပြီး ထိုသို့ အခြေအနေဖြစ်ပေါ်လာပါက နိုင်ငံ၏ အနာဂတ်အတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း ကျော်လွန်၍ပါ ရိုက်ခတ်မှုများလာနိုင်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။
မြန်မာရှိ ကလေးငယ်များအပေါ် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအပေါ်ကျရောက်သည့် အခြေအနေနှင့် အန္တရာယ်တို့မှာ မှန်းဆမရနိုင်တော့သဖြင့် ၎င်းတို့၏ အနာဂတ်သည် အလွန်အမင်း ခြိမ်းခြောက်မှုပြုနေပြီဟုလည်း သံအမတ်ကြီးက အသိပေးထားသည်။
နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များအရှိန်အဟုန်ပြင်းပြင်းနှင့် ချီတက်လာမှုနှင့်အတူ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာ၍ ကလေးငယ်အပါအဝင် ပြည်သူများမှာ အသက်လုံခြုံမှုအတွက် နေ့စဉ်တွေးပူနေကြရသည်။
"ဒီလိုအခြေနေကို ကြုံတွေ့နေရတဲ့ မျိုးဆက် အနာဂတ်ကလေးတွေအတွက်တော့ အများကြီးစိုးရိမ်စရာပါ။ သူတို့မှာ စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်နဲ့ ကြီးပြင်းရမှာကိုက မတွေးရဲတဲ့ အခြေနေပါ။ ဒါကို ဖြေလျော့ဖို့ အတွက် သက်ဆိုင်သူတိုင်းမှာ တာဝန်ရှိတယ်" ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ မဟေမွန်လှိုင်က ပြောသည်။
ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများ၏ အသက်ကိုကယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်တပ်ထံ လေယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရေးဖြစ်၍ စစ်ကောင်စီထံသို့ လေယာဉ်ဆီ စီးဆင်းမှုဖြတ်တောက်ရေး ကူညီပေးကြရန်လည်း နိုင်ငံတကာအသိုက်အဝန်းနှင့် UNICEF အပါအဝင် ကုလသမဂ္ဂအေဂျင်စီများအား သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။