- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦးလုံး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
ရခိုင်က စစ်ရှောင်ကလေးများ အာဟာရမလုံလောက်မှုကြောင့် ကျန်းမာရေးချို့ယွင်းလာ
စစ်ဘေးရှောင်ကလေးငယ်များမှာ လုံလောက်သည့် အစာအာဟာရပြည့်ဝအောင် မစားသောက်နိုင်မှုကြောင့် ခန္ဓာကိုယ်ပိန်ပါးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ နာမကျန်းဖြစ်လာခြင်း စသည့်လက္ခဏာများနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။
03 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုနှင့်အတူ အာဟာရပြည့်ဝအောင် မစားသောက်နိုင်သည့် အကျိုးဆက်အဖြစ် အသက် (၁၀)နှစ်အောက် စစ်ဘေးရှောင် ကလေးငယ်များမှာ ကျန်းမာရေးချို့တဲ့မှုနှင့် ကြုံတွေ့လာကြကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
စစ်ဘေးရှောင်ကလေးငယ်များမှာ လုံလောက်သည့် အစာအာဟာရပြည့်ဝအောင် မစားသောက်နိုင်မှုကြောင့် ခန္ဓာကိုယ်ပိန်ပါးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ နာမကျန်းဖြစ်လာခြင်း စသည့်လက္ခဏာများနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။
"စစ်ဘေးရှောင်ကလေးတွေက အစားအသောက်တွေ ဝဝလင်လင်မစားရတော့ အာဟာရ မပြည့်ဝကြတော့ဘူး။ ခုခံအားတွေကျဆင်းပြီးတော့ အိပ်ယာထဲလဲပြီး ပြင်းပြင်းထန်ထန် ဝေဒနာခံစားနေရတဲ့ စစ်ဘေးရှောင် ကလေးတွေလည်းရှိတယ်" ဟု ဂွမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များမှာ အကူအညီရရှိမှုနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေမှုတို့ကြောင့် စားဝတ်နေရေး အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်။
ထိုသို့အကျပ်အတည်းများကြောင့် ထမင်း၊ အသား၊ ငါးများကို ဝဝလင်လင်မစားသုံးနိုင်သည့်အပြင် အာဟာရပြည့်ဝသည့် အခြားသော မုန့်ပဲသရေစာများကိုလည်း မကျွေးနိုင်၍ စစ်ရှောင်ကလေးငယ်များမှာ အာဟာရချို့တဲ့လာကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက "ကလေးတွေကို ငါးမပါပဲ ဟင်းနဲ့ပဲ ထမင်းကျွေးနိုင်တယ်။ ကလေးတွေ မုန့်တောင်းရင်လည်း ဘာမှဝယ်မကျွေးနိုင်ဘူး။ အလုပ်အကိုင်က မရှိ။ ဈေးကြီးတာတွေနဲ့ တစ်နေ့စာ တစ်နေ့သုံးဖို့တောင် မလောက်ဘူး" ဟု ပြောသည်။
ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များကို ခရီးသွားလာခွင့် ကန့်သတ်ပိတ်ဆို့ထားမှုကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရခြင်းဖြစ်သည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာဥပဒေတွင် ကောင်းမွန်သော ပတ်ဝန်းကျင်၊ ပျော်ရွင်စရာကောင်းသော နေရာ၊ အစာအာဟာရပြည့်ဝမှု၊ လွတ်လပ်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာဖြင့် နေထိုင်ရမည်ဟု ပါရှိသော်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများမှ ကလေးငယ်များမှာ အဆိုပါအခွင့်အရေးများကို ဆုံးရှုံးနေကြရသည်။
လက်ရှိတွင် အာဟာရချို့တဲ့မှုဒဏ်ကို ကလေးငယ်များအပြင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများလည်း ခံစားနေကြရပြီး အာဟာရချို့တဲ့မှုကြောင့် သက်ကြီးရွယ်အို စစ်ဘေးရှောင်အချို့မှာ အသက်သေဆုံးမှုအထိ ရှိလာနေသည်။
"စစ်ဘေးရှောင်တွေက အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတာ။ မိဘတွေကလည်း ကလေးတွေကို အာဟာရဖြည့်စွက်စာတွေ မကျွေးနိုင်ကြတော့ဘူး။ အာဟာရချို့တဲ့ပြီး ကျန်းမာရေးမကောင်းတဲ့ ကလေးတွေလည်းရှိတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ခန္ဓာကိုယ် ဝဝတုတ်တုတ်ကလေးတွေကိုတောင် မတွေ့ရတော့ဘူး" ဟု လေးဝတီ မျိုးသျှစ်လူငယ်ပရဟိတအသင်းမှ အဖွဲ့ဝင် ကိုနိုင်နိုင်ဇော်က ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတစ်နှစ်ကျော်အတွင်း ရခိုင်ပြည်တွင် နေရပ်စွန့်ခွာသူ စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိရှိလာပြီး ယင်းအထဲတွင် ကလေးသူငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည်။