ဗုံးခိုကျင်းထဲမှာ ၃၆ ရက်ကြာ

“ကျည်တွေကျတာက မိုးရွာနေသလိုပဲ။ လက်နက်ကြီးတွေကျတာတွေလည်း ငလျှင်လှုပ်သလို မြေတွေပါ တုန်ခါသွားတယ်။ ကျွန်မဘဝမှာ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး” ဟု အသက် ၄၀ ကျော်အရွယ် ဒေါ်လှယဉ်ဦးက တင်းမကျေးရွာအတွင်း ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြသည်။

By အောင်ထိန် 20 Mar 2021

ဒေါ်လှယဉ်ဦးတို့ မိသားစုကို တွေ့ရစဉ်

အောင်ထိန် ရေးသားသည်

“ကျည်တွေကျတာက မိုးရွာနေသလိုပဲ။ လက်နက်ကြီးတွေကျတာတွေလည်း ငလျှင်လှုပ်သလို မြေတွေပါ တုန်ခါသွားတယ်။ ကျွန်မဘဝမှာ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး” ဟု အသက် ၄၀ ကျော်အရွယ် ဒေါ်လှယဉ်ဦးက တင်းမကျေးရွာအတွင်း ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သော မီးဝတိုက်ပွဲမှာ ရက်ပေါင်း ၄၀ ကျော်မျှ ကြာမြင့်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ၂ နှစ်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဆိုက မမှားနိုင်ပေ။

အဆိုပါ တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်အတွင်းက တင်းမ၊ မာလာ၊ မုန့်သန်းပြင်၊ ပြိုင်းတိုင်း၊ ကျောက်တန်း၊ မျောက်တောင်၊ မီးကျောင်းတက် စသည့်ကျေးရွာများရှိ ဒေသခံများမှာ အိုးအိမ်များကိုစွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဒေါ်လှယဉ်ဦးမှာ ကောင်းစွာလမ်းမလျှောက်နိုင်သည့် အမေအိုအား ချန်မထားခဲ့နိုင်သလို ငယ်ရွယ်သေးသည့် သား၊ သမီးများနှင့် ပြေးလွှားရမည်ကို မဝံ့ရဲသဖြင့် တိုက်ပွဲရပ်တန့်မည့် အခြေအနေကို စောင့်ဆိုင်းရင်း အခြား သူများကဲ့သို့ ထွက်မပြေးခဲ့ဘဲ မိမိကျေးရွာ၌သာ နေထိုင်ခဲ့လေသည်။

မြေကျင်းထဲမှာ ဘယ်လိုနေခဲ့ရသလဲ

ဒေါ်လှယဉ်ဦးမှာ အသက် ၆၅ နှစ်အရွယ် အမေအိုတစ်ဦး၊ ၁၄ နှစ်အရွယ်သမီးငယ်တစ်ဦး၊ ၁၂ နှစ်၊ ၉ နှစ်၊ ၇ နှစ် အရွယ်ရှိကြသည့် သားသုံးဦးတို့နှင့်အတူ ၆ ပေ ပတ်လည်အကျယ်၊ အနက် ၄ ပေခန့်ရှိသော မြေကျင်းတစ်ခုအတွင်း မြေတွင်းထဲမှကြွက်များသဖွယ် လနှင့်ချီ၍ နေထိုင်ခဲ့ရပေသည်။

ဒေါ်လှယဉ်ဦးတို့၏ နေအိမ်အောက်တွင်တူးထားသည့် မြေကျင်းကို အပေါ်မှ သစ်လုံးများဖြင့်စီတန်းကာ တာပေါ်လင်စဖြင့်အုပ်မိုးထားပြီး မြေကျင်းထဲသို့ လူတစ်ကိုယ်စာ ဝင်/ထွက်နိုင်အောင်လည်း ပြုလုပ်ထားသည်။ အဆက်မပြတ် ပစ်ခတ်နေသည့် ကျည်ဒဏ်၊ ဗုံးဒဏ်များ မကျရောက်စေရန် အဆိုပါမြေကျင်းထဲ၌ ရက်ပေါင်း ၃၆ ရက်တိတိ ပုန်းခို နေထိုင်ခဲ့ရကြောင်း ဒေါ်လှယဉ်ဦးက ပြောပြသည်။

တိုက်ပွဲမှာ တစ်ရက်နှစ်ရက်နေက ရပ်တန့်သွားမည်ဟု ထင်မှတ်ခဲ့သည့် ဒေါ်လှယဉ်ဦးမှာ မှန်းချက်နှင့် နှမ်းထွက် လွဲခဲ့ရပြီး တိုက်ပွဲမှာ ပိုမိုဆိုးဝါးစွာပင် ရက်ဆက်ဖြစ်ပွားလာတော့သည်။

နေ့စဉ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ၊ ကောင်းကင်ယံပေါ် ဝဲပျံနေသည့် တိုက်လေယာဉ်များမှ ပစ်ခတ်သံများမှာ တင်းမကျေးရွာအနီး ဆူညံလျက်ရှိခဲ့သည်။ ယင်းသို့သော အခြေအနေကြားတွင် နေထိုင် နေရသည့် ဒေါ်လှယဉ်ဦးတို့မိသားစုအဖို့ မည်မျှ စိုးရိမ်ထိတ်လန့်နေမည်မှာ ပြောပြစရာစကားလုံး ရှာတွေ့နိုင်မည်မဟုတ်ပေ။

“ကျည်တွေကျတာက မိုးရွာနေသလိုပဲ။ လက်နက်ကြီးတွေကျတာတွေလည်း ငလျှင်လှုပ်သလို မြေတွေပါ တုန်ခါသွားတယ်။ ကျွန်မဘဝမှာ ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးခဲ့ဘူး” ဟု ဒေါ်လှယဉ်ဦးက ပြောပြသည်။

မြေကျင်းထဲ၌ ပုန်းခိုနေစဉ်ကာလအတွင်း နေ့စဉ်မိသားစုစားသောက်ရေးအတွက်ကို ဒေါ်လှယဉ်ဦးတစ်ယောက် လုံးပန်းထုတ်ခဲ့ရသည်။ ပစ်ခတ်သံများ ရပ်နားချိန်ရောက်သည့်အခါမှ မြေကျင်းထဲမှထွက်ကာ ချက်ပြုတ်ရသည်။ ထိုသို့ ချက်ပြုတ်ပြီးသော အစားအသောက်များကို သားသမီးလေးယောက်၊ အမေအိုတို့နှင့်အတူ မြေကျင်းထဲ၌ပင် စားသောက်ကြရ‌ပေသည်။

“ပစ်ခတ်တာရပ်တန့်မှ ကျွန်မတို့ထမင်းချက်စားရတယ်၊ ဟင်းလည်းမရှိဘူး။ ထမင်းဆုပ်တွေဆုပ်ပြီး ဆားနဲ့ စားကြတယ်။ ထမင်းစားရင်လည်း ဗုံးခိုကျင်းမှာပဲစားရတယ်” ဟု ဒေါ်လှယဉ်ဦးက ညှိုးငယ်သောမျက်နှာဖြင့် ပြောပြသည်။

တစ်ခါတစ်ရံ တစ်နေ့လုံးပစ်ခတ်သံများကြားရပြီး ည်ဉ့်သန်းခေါင်ချိန်အထိပင် ပစ်ခတ်သံများ ရပ်စဲမသွားသဖြင့် ညဉ့် ၁ နာရီအချိန်မှ မြေကျင်းထဲမှထွက်ကာ ထမင်းချက်ပြုတ် စားသောက်ခဲ့ရသည့် နေ့များလည်းရှိခဲ့ကြောင်း ဒေါ်လှယဉ်ဦးက ပြောပြသည်။

မီးရောင်မြင်ပါက ပစ်ခတ်ခံရမည်ကို စိုးရိမ်၍လည်း ညဉ့်အချိန်ထမင်းချက်ပြုတ်သည့်အခါတွင် မီးအလင်းရောင် မထွက်ရလေအောင် သံဖြူအပိုင်းစများဖြင့် ကာရံထားရသည်ဟု ဆိုသည်။

“တစ်ညလုံး လုံးဝမရပ်ဘဲ ပစ်တဲ့နေ့တွေလည်းရှိတယ်၊ အဲဒီနေ့မှာဆိုရင် ထမင်းမစားရဘူး၊ ရေသောက်ပြီး နေရတယ်။ နေ့တိုင်း ပုံမှန်တော့ ထမင်းမစားရဘူး။ ထမင်းငတ်တဲ့နေ့ငတ်တယ်၊ စားတဲ့နေ့လည်း စားရတယ်” လို့ ဒေါ်လှယဉ်ဦးက မြေကျင်းထဲ၌ သူတို့မိသားစု ထမင်းငတ်ခဲ့ရသည့်နေ့များကို တွေးတောကာ ပြန်ပြောင်း ပြောပြလေသည်။

မီးဝတိုက်ပွဲသည် ရက်ပေါင်းကြာရှည်စွာပြင်းထန်ခဲ့ပြီး နှစ်ဖက်အထိအခိုက်၊ အကျအဆုံးများခဲ့သော တိုက်ပွဲ တစ်ခုဖြစ်ခဲ့သည်ကို တပ်မတော်နှင့် အေအေတို့ နှစ်ဖက်လုံး၏ ယင်းတိုက်ပွဲဖြစ်စဉ်အပေါ် ထုတ်ပြန်ချက်များက သက်သေပြုနေသည်။

တိုက်ပွဲရက်ရှည် ကြာလာသည်နှင့်အမျှ ဒေါ်လှယဉ်ဦးတို့ မိသားစုအဖို့ အစားအသောက်အခက်အခဲ ဖြစ်ပေါ်လာသလို အသက်အန္တရာယ်လည်း အာမခံချက်မရှိတော့သည့် အခြေအနေဖြစ်လာခဲ့ရာ ကျေးရွာကိုစွန့်ခွာပြီး ရောက်သည့်အရပ်ဆီ ထွက်ပြေးရန် ဒေါ်လှယဉ်ဦး ဆုံးဖြတ်ခဲ့တော့သည်။

ဒေါ်လှယဉ်ဦး၏ခင်ပွန်းမှာ နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်လျက်ရှိသောကြောင့် တိုက်ပွဲဖြစ်ပွားစဉ်က မိသားစုနှင့်အတူ ရှိမနေနိုင်ခဲ့ပေ။ ထို့ကြောင့်ပင် မိသားစုတစ်စုလုံးကို ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်မှာ ဒေါ်လှယဉ်ဦးအပေါ် ကျရောက်နေခဲ့လေသည်။

၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့သည် ဒေါ်လှယဉ်ဦးတို့မိသားစု မြေကျင်းထဲ၌ နေထိုင်ခဲ့သည်မှာ ၃၆ ရက် တင်းတင်းပြည့်ခဲ့သည့်နေ့ဖြစ်သည်။ ထိုနေ့တွင် ရွာကိုစွန့်ခွာပြီး ထွက်ပြေးကြတော့သည်။

“ဒီအတိုင်းဆက်နေလို့ မဖြစ်တော့ဘူး။ လူတွေဖမ်း၊ ရွာတွေကိုမီးရှို့။ ဒီမှာနေရင် သေမှာပဲဆိုပြီးတော့ ထွက်ပြေးတာ” ဟု ဒေါ်လှယဉ်ဦးက ပြောပြသည်။

သေမင်းခံတွင်းမှ ရုန်းထွက်ခြင်း

ရွာ၏ချောင်းကမ်းနံဘေးတွင် ရပ်ထားသော လှေတစ်စီးပေါ်တွင် အမေအိုတစ်ဦးနှင့် သားသမီးလေးဦးတို့ကို တင်ဆောင်ပြီး ညဉ့် ၁၂ နာရီအချိန်တွင် တင်းမကျေးရွာအရှေ့ဘက် ကုလားတန်မြစ်တစ်ဘက်ကမ်းကို ဒေါ်လှယဉ်ဦး လက်ဖြင့်လှော်ခတ်ပြီး ဖြတ်ကျော်ခဲ့ရသည်။

မြစ်တစ်ဘက်ကမ်းတွင် တည်ရှိသည့် သားပုန်ကမ်း(မြို)ကျေးရွာသို့ ရောက်ရှိခဲ့ကာ တစ်ညနားခိုခဲ့ပြီး နံနက် လင်းသည့်အခါ ပစ်ခတ်သံများထပ်မံကြားရပြန်သဖြင့် ယင်းကျေးရွာမှ ဆက်လက်ခရီးနှင်ခဲ့ရာ ပီချောင်းသဲပုံ(မြို) ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်းဆိုသည်။

ပီးချောင်းသဲပုံရွာတွင် ယာယီနေထိုင်ခဲ့ကြပြီး တိုက်ပွဲရပ်တန့်သွားသည့်အခါ မိမိရွာကိုပြန်သွားမည်ဟု ဒေါ်လှယဉ်ဦး စိတ်ကူးထားသော်လည်း ၎င်းတို့မိသားစုရောက်ရှိပြီး နှစ်ရက်မြောက်သည့်နေ့တွင် လက်နက်ကြီး တစ်လုံး ပီးချောင်းရွာထဲသို့ ကျရောက်ပေါက်ကွဲလာသဖြင့် ဒေါ်လှယဉ်ဦးတို့ မိသားစုမှာ ထိုရွာမှ ထပ်မံစွန့်ခွာ ခဲ့ရပြန်တော့သည်။

ပီချောင်းကျေးရွာမှ ကျောက်တော်မြို့သို့ ရောက်ရှိသည်အထိ ဒေါ်လှယဉ်ဦးတို့မိသားစု ထွက်ပြေးတိမ်းရှောင် လာခဲ့ကြတော့သည်။

“အမေက သွားလို့မရတော့ဘူး။ ကလေးတွေကို ရှေ့ကပြေးခိုင်းတယ်။ ကျွန်မကအလယ်မှာ သွားလို့မရတဲ့ အမေကိုကြည့်ပြီးငို။ ကလေးတွေကြောက်လန့်တကြီးနဲ့ ပြေးနေတာလေးတွေကိုကြည့်ပြီး ငိုမိတယ်။ ကျွန်မဘဝ မပဋာလို ဖြစ်ခဲ့ရတယ်” ဟု ဒေါ်လှယဉ်ဦးက မျက်လုံးအိမ်မှ စီးကျလာသည့် မျက်ရည်စက်များကို လက်တစ်ဖက်ဖြင့်သုတ်ကာ ပြောလေသည်။

ဒေါ်လှယဉ်ဦးတို့မိသားစုမှာ မိမိတို့တင်းမကျေးရွာကနေ ကျောက်တော်မြို့ပေါ်သို့ရောက်ရှိရန် ငါးရက်မျှ ခရီးနှင်ခဲ့ရကာ ကျောက်တော်မြို့တွင်လည်း ထိုအချိန်က လုံခြုံသည့်အခြေအနေ မတွေ့ရသဖြင့် လက်နက်သံများကင်းဝေးရာ စစ်တွေမြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ပြီး ရွှေပါရမီဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းတွင် ခိုလှုံနေထိုင်ခဲ့ကြတော့သည်။

စစ်ဘေးရှောင်တဲတန်းလျားမှ တာပေါ်လင်စ အုပ်မိုးထားသည့် လက်တောင်လေးတောင်ပတ်လည်ရှိသော အခန်းကျဉ်းထဲတွင် ဒေါ်လှယဉ်ဦးတို့မိသားစုနေထိုင်လာခဲ့သည်မှာ တစ်နှစ်တာမျှ ရှိလာခဲ့ပြီဖြစ်သည်။

မရေရာသေးသည့် အိမ်ပြန်ခရီး

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှ စတင်ကာ တပ်မတော်နှင့် အေအေတို့ (၂)နှစ်ခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်မှာလည်း ၂ သိန်း ၆ သောင်းကျော်ခန့်အထိ ရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲမတိုင်မီကပင် တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲဖြစ်ပွားမှုများမှာ တရားဝင်မဟုတ်သော်လည်း နှစ်ဖက်နားလည်မှုဖြင့် ရပ်တန့်နေခဲ့သည်။ ယခု ၂၀၂၁ ခုနှစ် မတ်လဆိုပါက ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ငါးလအထိပင်ရှိလာပြီဖြစ်သည်။ ယင်းကြားအချိန်ကာလတွင် တပ်မတော်နှင့် အေအေတို့ဆွေးနွေးမှု အနည်းဆုံးသုံးကြိမ်မျှရှိခဲ့သည်။

ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစ ပွင့်လာခဲ့သည်ဟု ဆိုရမည်လော၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်မတော်(ULA/AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ်ကြေညာထားရာကနေ ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများရပ်တန့်၍ နယ်မြေဒေသ တည်ငြိမ်အေးချမ်းသည့်အခါတွင် ဒေါ်လှယဉ်ဦးတို့မိသားစု နေရပ် ပြန်မည်ဟုမျှော်မှန်းထားသော်လည်း နေရပ်ပြန်မည့်ခရီးမှာ မှုန်ဝါးဝါးရှိနေဆဲပင်ဖြစ်သည်။

ပြင်းထန်ခဲ့သည့် မီးဝတိုက်ပွဲကြောင့် ကုလားတန်မြစ်အထက်ပိုင်း အရှေ့ဘက်ခြမ်းတွင်ရှိသော ကျောက်တော် မြို့နယ်အတွင်းမှ တင်းမ၊ မာလာ၊ မုန့်သန်းပြင်၊ ပြိုင်းတိုင်း၊ ကျောက်တန်း၊ မျောက်တောင်၊ မီးကျောင်းတက် စသည့်ကျေးရွာများတွင် လက်နက်ကြီးကျရောက်မှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးသွားမှုများ ရှိခဲ့သည်။

ဒေါ်လှယဉ်ဦးမှာ သားသမီးများပညာရေးနှင့် မိသားစုစားဝတ်နေရေးအတွက် မိမိကျေးရွာ၌ နွားလေးကောင်၊ လယ်တချို့ကို ပိုင်ဆိုင်ထားရှိခဲ့သော်လည်း ယခုအခါတွင် ထိုပိုင်ဆိုင်မှုများမှာ တစ်ခုတစ်လေမျှ မရှိတော့ပေ။ ဒေါ်လှယဉ်ဦးတို့မိသားစုကဲ့သို့ပင် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြရသည့် ကျေးရွာသား များမှာလည်း ပိုင်ဆိုင်မှုများကို စွန့်လွှတ်ခဲ့ကြရသည်။

ထိုထက်ဆိုးဝါးလှသည်မှာ တင်းမကျေးရွာ မီးရှို့ခံရသည်ဆိုသည့် သတင်းစကားပင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့က မီးရှို့ခံရမှုကြောင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ နေအိမ် (၅၀၀)ကျော် ဆုံးရှုံး သွားခဲ့ရကြောင်း ကျေးရွာသားများကဆိုကြသည်။

“ရွာပြန်ရင်လည်း နေစရာအိမ်မရှိတော့ဘူး။ အကုန်လုံးမီးလောင်သွားပြီ။ ဘာပဲဖြစ်ဖြစ် ပြန်ခွင့်ရမယ်ဆိုရင်။ မီးလောင်သွားတဲ့နေရာလေးမှာ အခုလို တာပေါ်လင်စတွေနဲ့ တဲလေးဆောက်ပြီး နေရရင်လည်း ကျေနပ်တယ်” ဟု ဒေါ်လှယဉ်ဦးက အဝေးသို့ငေးကာပြောရင်း စကားသံများတိတ်ဆိတ်သွားခဲ့လေသည်။

အောင်ထိန်