- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ARSA အကြမ်းဖက်တိုက်ခိုက်မှု ၁ နှစ်ပြည့် (သို့) ပစ္စက္ခ မောင်တော
"နင်တို့ ဒီနားမှာထိုင်လို့ ပြောတယ်။ နင်တို့ကို ဒီနေ့သတ်ရတော့မယ်လို့ပြောတယ်။ ကျွန်မတို့ငိုတော့ ရိုက်တယ်။ ကျွန်မတို့ မိန်းမရှစ်ဦးကို တစုထားပြီးတော့ တစ်ခြား ယောကျ်ား၊ ကလေး၊ အသက်ကြီးတဲ့သူတွေကို တစ် ခြားစီထားတယ်။ နင်တို့ကို အလှပမြင်လို့၊ အသက်လည်းငယ်သေးလို့ ငါတို့ မယားလုပ်ဖို့ထားတာလို့ ပြောတယ်။ မဟုတ်ရင် နင်တို့လည်း အသတ်ခံရမယ်လို့ ပြောတယ်"
10 Sep 2018
စိမ်းကိုကို ရေးသားသည်။
ပြာလွင့်လွင့်မိုးကောင်းကင်သည် မီးခိုးငွေ့အလိပ်ကြီးများကြောင့် အကျည်းတန်လျှက်ရှိသည်။ နုရွအားသစ်များ နှင့် ထွက်မြူလာသော စပါးခင်းများမှာ အစိမ်းရောင်အတိပြီးပြည့်နေသော်လည်း လောင်ကျွမ်းနေသည့် မီးတောက်များ၏ အရှိန်ကြောင့် အင်အားဖျော့တော့နေသည်။ စိမ်းလန်းစိုပြေနေသော မေယုတောင်တန်းကြီး တစ်လျှောက် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးတို့၏ မျက်ဝန်းအိမ်တွင် မျက်ရည်စက်များ ခိုတွဲကာ အသက်ကိုစွန့် ပြေးလွှား၊ ပုန်းခိုနေကြသည်။ သွေးသံရဲရဲနှင့် အကြမ်းဖက်ဘင်္ဂါလီများ၏ ရက်စက်စွာသတ်ဖြတ်ခံ လိုက်ရသော ရုပ်အလောင်းများ စွာတို့၏ ဝိညာဏ်သည် မေယုရင်ခွင်တစ်ခုလုံး အော်ဟစ် ညည်းကြိုင်းလျှက်။
ဤမြင်ကွင်းများ၊ ဤသို့သောအကြောင်းအရာများသည် ပြီးခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းမြင်ကွင်းများ၊ အကြောင်းအရာများပင်ဖြစ်သည်။ ထို အတိတ်မြင်ကွင်းများ၊ အကြောင်းအရာများ ကို မျက်ဝါးထင်ထင်တွေ့ကြုံခံစားလိုက်ရသူများအဖို့ မည်သို့မျှ မေ့ဖျောက်၍ရနိုင်သည့် မြင်ကွင်းမျိုးမဟုတ်သလို မေ့ဖျောက်မရနိုင်သော အကြောင်အရာများလည်း ဖြစ်သည်။ ယခုသော်ကား ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ရောက်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ သို့သော် အကြမ်းဖက်ခံ တိုင်းရင်းသားများ၏ ရင်ထဲတွင်မူ ယနေ့တိုင် စိုးရိမ်ထိတ်လန့် ကြောင့်ကြနေမြဲဖြစ်သည်။ ARSA အကြမ်းဖက် ဘင်္ဂါလီများ၏ ငရဲခန်းထဲမှ ကံကောင်း စွာလွတ်မြောက်လာသူတစ်ဦးဖြစ်သော ဟိန္ဒူဘာသာဝင် အမျိုးသမီး အသက် ၂၂ နှစ်အရွယ် မဘီနာဘာ က ယနေ့တိုင်သူ့ ရင်ထဲတွင်ဖြစ်ပေါ်နေသော အကြောင်းများကို ယခုလိုဖွင့်ချလာခဲ့သည်။
“ကျွန်မပူလောင်နေတယ်။ စိတ်လဲညစ်တယ်။ ကျွန်မတို့အနေနဲ့ မြင်ရတွေ့ရတာတွေကို အခုအချိန်ထိ ကြောက် လန့်ကာ မျက်စိထဲကမထွက်ဘူး။ ကျွန်မတို့ မိဘမဲ့ဖြစ်ခဲ့ရတယ်။ ဒီကိုပြန်လာတာလည်း အစိုးရကို အားကိုး တယ်။ ကျွန်မတို့ အနာဂတ်မှာ အစိုးရကသာ စောင့်ရှောက်မယ်လို့ မျော်လင့်တယ် ”ဟု ဘာသာပြန်ကတစ်ဆင့် ပြောသည်။
မဘီနာဘာလို ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦးတို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်မှ အသက်ချမ်းသာပေးမည်ဟု အကြပ်ကိုင် ခြိမ်းခြောက် မှုများကြောင့် ဘင်္ဂလာဒေရှ့်ဘက်ကို ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ ရာနှင့်ချီသော ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင်များကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ သည့်အထဲတွင် အသက် ၂၅ နှစ်အရွယ် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးဖြစ်သော မရီခါးတစ်ဦးလည်း အပါဝင် ဖြစ်ခဲ့သည်။ မရီခါးတွင် မောင် (၂) ဦး၊ တူ(၁) ဦးနှင့် သူ၏ လင်ယောကျ်ားပါ သတ်ဖြတ်ခြင်းကို ခံလိုက်ရ သည်။ သူ၏ (၆)နှစ်ရွယ်ရှိ သားတစ်ယောက်ကိုလည်း အကြမ်းဖက်ဘင်္ဂါလီများက သတ်ဖြတ်မည်ဟု ပြောဆိုစဉ် သူ့တွင်ပါသော ရွှေနှင့် လဲခဲ့သဖြင့် အသက်ကို ကယ်နိုင်ခဲ့သည်ဟု ဆိုသည်။
မရီခါးတို့ နေထိုင်သည့် ခမောင်းဆိပ်ကျေးရွာသို့ အကြမ်းဖက်သမားများဝင်လာပြီး ယောကျ်ား၊မိန်းမ အားလုံးကို ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကာ ယောကျ်ားများကို မျက်နှာဖုံးစွပ်ကာခေါ်ဆောင်ခဲ့ပြီး၊ လက်ကိုကြိုးဖြင့် တုတ်ကာ ယောကျ်ားတစ်ဦးလျှင် အကြမ်းဖက်သမား ၃ ဦးစီဖြင့် ခေါ်ဆောင်ခဲ့သည်ဟုဆိုသည်။။ အမျိုးသမီးများကို မူ မျက်နှာဖုံးစွပ်ထားခြင်း မရှိကြောင်းပြောသည်။ အကြမ်းဖက်သများ ဖမ်းဆီးခေါ်ဆောင်ရာ ခရီးလမ်းတလျှောက် တွင်လည်း ဝါးလုံး၊ တုတ်များဖြင့် ရိုက်နှက်ကြောင်းလည်းဆိုသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ သူတို့ရွာကို အကြမ်းဖက်သမားများဝင်လာသည်မှာ သောကြာနေ့ ညနေ ၈ နာရီခန့်တွင်ဖြစ်ပြီး ယင်းသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းလည်း မရီခါးကဆိုသည်။ ညနေ ၁၂ နာရီအချိန်ခန့်တွင် ခမောင်ဆိပ်တောင်ရွာနှင့် ၊ ဘော်ဒလာကျေး ရွာအနီးရှိ နွားရုံတစ်ခု အနီးတွင် အမျိုးသမီးများကိုချထားပြီး၊ အမျိုးသားများကိုတော့ ယင်းအနီးတောထဲတွင် ထားသည်ဟုဆိုသည်။
"နင်တို့ ဒီနားမှာထိုင်လို့ ပြောတယ်။ နင်တို့ကို ဒီနေ့သတ်ရတော့မယ်လို့ပြောတယ်။ ကျွန်မတို့ငိုတော့ ရိုက်တယ်။ ကျွန်မတို့ မိန်းမရှစ်ဦးကို တစုထားပြီးတော့ တစ်ခြား ယောကျ်ား၊ ကလေး၊ အသက်ကြီးတဲ့သူတွေကို တစ် ခြားစီထားတယ်။ နင်တို့ကို အလှပမြင်လို့၊ အသက်လည်းငယ်သေးလို့ ငါတို့ မယားလုပ်ဖို့ထားတာလို့ ပြောတယ်။ မဟုတ်ရင် နင်တို့လည်း အသတ်ခံရမယ်လို့ ပြောတယ်" ဟု မရီခါးက သူဖြတ်သန်း ခဲ့ရသည့် ထိတ်လန့်ဖွယ် ညအကြောင်း မျက်ရည်စများကို သုတ်ယင်းပြောသည်။
မရီခါးအပါဝင် ဟိန္ဒူဘာသာဝင်အမျိုးသမီး(၈) ဦးနှင့် ကလေး (၈) ဦး ကံကောင်းစွာလွတ်မြောက်လာခဲ့သော အကြောင်းအရင်းမှာလည်း အစ္စလမ်ဘာသာသို့ ကူးပြောင်းကာ၊ အကြမ်းဖက်သမားကို လက်ထပ်မည်ဟု ကတိပြုခဲ့သည့်အတွက်ဖြစ်ကြောင်းလည်း ဆိုပြန်သည်။
ည၏ တိတ်ဆိတ်ကြောက်ဖက်ဖွယ်ကောင်းသော ထို ၂၀၁၇ ခုနှစ် သြဂုတ်လအကြမ်းဖက်မှုအတွင် ကိုယ်တိုင် ကြုံတွေ့ခဲ့သူများအဖို့ တုန်လှုပ်ချောက်ခြားဖွယ် အဖြစ်ဆိုးများကို မျက်မြင်ကြုံတွေ့ကာ ထိုနေ့ညက သူတို့၏ လင်ယောက်ကျ်ားဆွေမျိုးများနှင့် ပါလာသမျှ ဟိန္ဒူအားလုံးကို သတ်ဖြတ်လိုက်အသည့် အသံများကို မရီးခါးတို့ ကြားခဲ့ရသလို ၎င်းတို့ကို သတ်ဖြတ်ထားသော သွေးများပေကျံနေသည့် ဓားများကို ယူဆောင်လာပြီး မရီခါးတို့ကို ပြသခြိမ်းခြောက်ခဲ့သည်ဟုလည်း မရီခါးကပြောသည်။
“ကျွန်မတို့ယောကျ်ား၊ မိသားစုတွေကိုသတ်တယ်ဆိုရင် ကျွန်မတို့ဘယ်လို သည်းခံနိုင်မှာလဲ။ ဒါပေမယ့် သတို့ပြောသလို ၊ သူတို့က ဟုတ်လားဆိုရင်၊ ဟုတ်ပါတယ်လို့ဖြေခဲ့ရတယ်။ ကျန်တဲ့လူတွေအကုန်လုံးကို သင်္ချိုင်းကို သွင်းလိုက်ပြီး သူတို့ကို သတ်နေတဲ့ အော်နေတဲ့အသံတွေကို ကြားရတယ်။ နောက်တစ်ယောက်က သွေးပေနေတဲ့ ဓားကို ယူလာပြတယ်။ နင်တို့မိသားစု၊ ဆွေမျိုးတွေကို ဒီလိုသတ်လိုက်တာ၊ သွေးကိုကြည့် လို့လာပြတယ်”ဟု မရီခါးကပြောသည်။
တုန်ရီနေသော မရီခါး၏အသံသည် အတိတ်အိပ်မက်ဆိုးကို ကြောက်လန့်နေသလို၊ ထိုအိပ်မက်ဆိုးများကိုလည်း မရီခါးတို့လို ဟိန္ဒူဘာသာဝင်များအပါဝင် မောင်တောဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ အားလုံးလည်း ပြန်လည်မြင်မက်ကြမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။ ရက်စက်စွာသတ်ဖြတ်ခံလိုက်ရသော မရီးခါးတို့၏ ဟိန္ဒူပါဘာသာဝင် ဆွေမျိုးများအတွက် ၁ နှစ်ပြည့်ဆုတောင်းပွဲ အလှူကိုလည်း ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က မောင်တောမြို့ပေါ်တွင် ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် မောင်တောဒေသအတွင်းသေဆုံးခဲ့ရသူများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာလမှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့အထိ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၉ ဦး၊ တိုင်းရင်းသား ၁၀ ဦး၊ အပြစ်မဲ့ပြည်သူ ၃၃ ဦး၊ လုံခြုံရေး တပ်ဖွဲ့ ဝင် ၁၇ ဦး စုစုပေါင်း ၇၉ ဦးထိရှိခဲ့ပြီး ဖမ်းဆီး၊ပျောက်ဆုံးသူ အရေအတွက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦး၊ ရခိုင်နှင့် မြို တိုင်းရင်းသား ၁၀ ဦး၊ အပြစ်မဲ့ပြည်သူ ၂၄ ဦး စုစုပေါင်း ၃၇ ဦးအထိရှိခဲ့ကာ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၆ နေ့အထိ SRSA အကြမ်ဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်သတ်ဖြတ်ခံ လိုက်ရပြီး ဝန်ထမ်း (၂) ဦး၊ တိုင်းရင်းသား (၆၉) ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး အထိသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ၊ ပျောက်ဆုံးသူများမှာ ရခိုင်၊ မြို၊ ဒိုင်းနက်နှင့် ဟိန္ဒူဘာသာဝင် (၅၃) ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်(၁) ဦးအထိ ရှိခဲကြောင်းလည်းသိရသည်။
ယခု ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ဆိုလျှင် ARSA အကြမ်းဖက်သမားများ၏ ရဲစခန်း၊ ရဲကင်း (၃၀) ကျော်ကို ဝင်ရောက်တိုက်ခိုက်စီးနင်းပြီး ၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုမှာ တစ်နှစ် ပြည့်မြောက်ပြီဖြစ်သည်။ သို့သော် တစ်နှစ်တာလွန်မြောက်ခဲ့ပြီဖြစ်သော ထို မီးလောင်းကျွမ်းနေသည့် ကျေးရွာများ၊ မိုးခိုးလိပ်ကြီးများ၊ ငိုသံများ၊ သွေးရူးသွေးတန်းအော်ဟစ်ထွက်ပြေးကြမြင်ကွင်းများစသော အနိဋ္ဌာရုံ မြင်ကွင်းများသည်ကား၏ အရိပ်အယောင်တို့သည် ကိုယ်နှင့်မကွာ ထပ်ကြပ်လိုက်လာသလိုရှိသည်ဟု လည်း ထင်မြင်နေကြဆဲဖြစ်သည်။
ထိုအဖြစ်ဆိုးများ၊ ရပ်စက်မှုများစသော အနိဋ္ဌာရုံမြင်ကွင်းများကိုကား ယင်းဒေသအတွင်းနေထိုင်သူအားလုံး အလိုမရှိကြတော့၊ ယခုလည်းအလိုမရှိခဲ့ ကြသလို၊ ယခင်ကလည်း အလိုမရှိခဲ့ကြ၊ နောက်နောင်လည်း အလို ရှိကြလိမ့်မည်မဟုတ်ပေ။ တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဆိုသော်လည်း မောင်တောခရိုင်တစ်ခုလုံး သည် ပကတိအနေအထားကို ရောက်ရှိ ခြင်းမရှိသေးပေ။ စိုးရိမ်ကြောက်လန့်မှုများနှင့် အသက်ရှင်နေထိုင် နေကြဆဲလည်းဖြစ်သည်။
မောင်တောဒေသ၏ အခြေအနေဖြစ်စဉ်များအပေါ်တွင် တိုက်ရိုက်ခံစားနေရသည့် လူတန်းစားတစ်ရပ်လည်း ရှိသေးသည်။ ထိုလူတန်းစားများမှာ တစ်ခြားမဟုတ် မောင်တောဒေသသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိ လာကြသေ ဆရာ/ဆရာမများပင်ဖြစ်သည်။ မောင်တောဒေသအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ဆရာမများ၏ အခက်အခဲမှာလည်း လွယ်သည်မဟုတ်၊ လုံခြုံရေးအစောင့်အရှောက်ဖြင့် သွားလာ လှုပ်ရှားနေရသော အခြေအတွင်ရှိသေးသည်။ ထိုဆရာ၊ဆရာမများထဲတွင် မောင်တောမြို့ခံတစ်ဦးဖြစ်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် တာဝန်ကျနေသည့် ဆရာမဒေါ်အိတာတစ်ယောက်လည်း အပါဝင် ဖြစ်သည်။ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်အတွင်း ကြိမ်ချောင်းကျေးရွာထဲ၌ ၁၀ ရက်နီးပါးခန့် ဘဝတူ ဆရာ၊ဆရာမများနှင့် အတူပိတ်မိနေခဲ့သည်ဟုဆိုသည်။
“တစ်ရက်တော့ သိပ်အခြေအနေမကောင်းဘူး။ ဒီလောက်ဆိုရင်တော့ သေပြီလို့မှတ်ပြီး။ အခန်းထဲမှာ မီးမှိတ်ပြီး တစ်ညလုံးနေခဲ့ရတာကို အမှတ်ရဆုံးပါ။ အဲဒီအချိန်တွေကို ပြန်စဉ်းစားရင် စဉ်းလည်းမစဉ်းစားချင်ဘူး။ စိတ်ဆင်းရဲလွန်းအားကြီးလို့ဟု”ပြောသည်။
ထိုသို့သော လူသားအားလုံးလက်ခံနိုင်မှုမရှိသည့် အကြမ်းဖက်မှု၊ ရက်စက်မှုများကို လက်မခံကြသူများထဲမှာ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များသာမဟုတ်ပဲ မောင်တောခရိုင်အတွင်း နေထိုင်ကြသော ဘင်္ဂါလီများလည်းရှိသေးသည်။ ARSA ဆိုသော အကြမ်းဖက်အုပ်စုတစ်စု၏ လုပ်ရပ်ကြောင့် ဘင်္ဂါလီ အားလုံးသည် အကြမ်းဖက်သမားဟု မဆိုနိုင်သလို၊ ဘင်္ဂါလီတိုင်းသည်လည်း ARSA နှင့်ဆက်စပ်သည့် အကြမ်းဖက်သမားများဟု မဆိုသာပေ။ အကြမ်းဖက်မှုလုပ်ရပ်ကို ရှုတ်ချကာ အလိုမရှိသူများထဲတွင် မောင်တော မြို့နယ် ပန်းတောပြင်ကျေးရွာမှ ဦးအဏ္ဏာဝါတို့လို လူများလည်းရှိသေးသည်ကို ငြင်းဆန်မရသလို သူတို့ကိုယ်တိုင်လည်း ဒုက္ခမျိုးစုံနှင့် ခံစားခဲ့ရသည်ဟုပြောသည်။ ဦးအဏ္ဏဝါမှာ ပန်းတောပြင်ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး သူတို့အနေဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုံးဝလက်မသလို သူတို့ရွာအနေ ဖြင့်လည်း လုံးဝလက်မခံကြောင်း ပြောသည်။
“အကြမ်းဖက်သမားတွေကို လုံးဝလက်မခံပါဘူး။ ကျွန်တော်ရယ်၊ ကျွန်တော့်ရွာသားရယ် လုံးဝလက်မခံဘူး။ အကြမ်းဖက်မှုကြောင့် အခုအချိန်ထိ ကလေးကအစလူကြီးတွေအထိ စားရေး၊သောက်ရေးကအစ အကုန် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ အဲဒါကိုလဲ နောက်နောင် ထပ်ပြီးတော့မဖြစ်အောင် ဘယ်လိုကာ ကွယ်မယ်ဆိုတာကို အမြဲတမ်းကျွန်တော်တို့ စိတ်ထဲမှာထားပါတယ်။ ”ဟု ပြောသည်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် တစ်နှစ်ပြည့်သွားပြီဆိုသော်လည်း မောင်တောဒေသအတွင်းနေထိုင် ကြသူများ အားလုံး၏ လူနေမှု ဘဝအခြေနေမှာ ပုံမှန်အခြေအနေတွင်လုံးဝမရှိဘဲ ယုံကြည်မှုကင်းမဲ့နေဆဲဖြစ်သလို တစ်ဖက်တွင်လည်း Facebook လူမှုကွန်ရက်တို့လို တစ်ခြားသောအွန်လိုင်း မှတစ်ဆင့် ကြိမ်ခြောက်မှုများ ရှိနေဆဲဖြစ်ကာ တိုင်းရင်းသား၊ ဟိန္ဒူ အသိုင်းအဝိုင်းနှစ်ခုနှင့် ဘင်္ဂါလီအသိုင်းအဝိုင်းမှာလည်း အကြမ်းဖက်မှု မဖြစ်မီအချိန်က ရှိခဲ့သည့် ကူးလူး ဆက်ခဲ့မှုမျိုးမရှိတော့သလို ယခုအချိန်ထိ အကြမ်းဖက်သမားများကို ကြောက် လန့်နေရဆဲ ဖြစ်ကြောင်း ဟိန္ဒူလူမှုကူညီရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးနီမောလ်ကပြောသည်။
ယင်းအပြင် နေရပ်စွန့်ခွာကာ ထွက်ပြေးခဲ့ရသည့် ဟိန္ဒဘာသာဝင်များနှင့် တိုင်းရင်းသားတစ်ချို့မှာလည်း မူလနေ ထိုင်နေခဲ့သော အခြေအနေတစ်ခုသို့ မရောက်သေးဘဲ တန်းလျားများ၌ ပင်နေထိုင်လျက်ရှိနေကြဆဲ လည်းဖြစ်သည်။
“အခုအားလုံး ဒုက္ခသည်ဘဝနဲ့ မြို့အနီးအနားမှာလာနေတယ်။ အဲဒီမှာလည်း ငါတို့ရွာမှာ ဟိန္ဒူတွေဘာကြောင့် ထားသလဲ၊ သူတို့ကိုသတ်မယ်ဆိုပြီးတော့ ကောလာဟလလိုပြောတဲ့ သူတွေလဲရှိနေတယ်။ အွန်လိုင်းတွေကလဲ အဲဒီလိုမျိုးပြောတာတွေရှိတယ်။ ဖြစ်တာတစ်ခုကတော့ဖြစ်သွားပြီ ဖြစ်တဲ့တရားခံတွေကိုလည်း ကျွန်တော်တို့ပြ ထားတယ်။ ဒါပေမဲ့ အဲဒီတရားခံတွေ အခုထိ ဘင်္ဂလာမှာရှိရဲ့သားနဲ့ ဖေါ်ထုတ်လို့မရတာတစ်ခု က တော်တော် ဝမ်းနည်းဖို့ကောင်းပါတယ်”ဟု ဦးနီမောလ်ကပြောသည်။
ဘင်္ဂလာရှေ့ဒ်နိုင်ငံဘက်တွင် ရောက်ရှိနေထိုင်ကြသော ဘင်္ဂါလီများအားလုံးသည်လည်း အကြမ်းဖက်သမားများ မဟုတ်ကြ သလို ၊ ကျန်ရှိနေသည့် ဘင်္ဂလီများအနေဖြင့်လည်း အကြမ်းဖက်သမားများကို လက်မခံကြရန်တာ ဝန်ရှိပြီး၊ အကြမ်းဖက်သမားများ ဝင်ရောက်လာလျှင်လည်း ရှိနေသည့် ဘင်္ဂါလီများဖက်မှ သတင်းပေး၊ဖမ်းဆီး ကာအပ်နှံရမည့် တာဝန်ရှိကြောင်းလည်း ဆိုသည်။
မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရမှု နောက်ပိုင်းမှ ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် လက်ခံရေးအပိုင်းနှစ်ပိုင်းကို အစိုးရမှတာဝန်ယူဆောင်ရွက်နေသော်လည်း လုပ်ငန်းစဉ်နှစ်ခုလုံးမှာ အချိန်တို အတွင်းအကောင်အထည်ဖေါ်ရန် ခက်ခဲသည့်အတွက် နှောင့်နှေးမှုများရှိသည်။ အထူးဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အစီအစဉ်ဖြင့် တည်ဆောက်ပေးသည့် ကျေးရွာသစ်တချို့သာ အဆင်ပြေသည်ဟု ဆိုနိုင်သော် လည်း UEHRD အစီစဉ်ဖြင့် အကောင်အထည်ဖေါ်သည့်အပိုင်းတွင် ထင်သလောက်ခရီးမပေါက်သေးသည် ကိုတွေ့ရသည်။
မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များမှာလည်း တစ်ကြိမ်၊တစ်ခါ ဖြစ်ပွားခဲ့ခြင်း မျိုး မဟုတ်သည့်အတွက် ရခိုင်တိုင်းရင်းသားများ၊ဟိန္ဒူဘာသာဝင်များနှင့် ဘင်္ဂါလီများကြား အချင်းချင်းယုံကြည် မှုအား နည်းသွားသည့်အတွက် ကူးလူးဆက်ဆံရေးပိုင်းနှင့် စီးပွားရေးအပိုင်းတို့မှာလည်း တိုးတက်မှုရှိ လာနိုင် မည် မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မောင်တောမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က သုံးသပ်သည်။
“ကျွန်တော်မြင်တာက အကြမ်းဖက်မှုက တစ်ကြိမ်တည်းမဟုတ်ဘူး။ နှစ်ကြိမ်သုံးကြိမ်ဖြစ်သွားဆိုတော့ ဘင်္ဂါလီ ထဲမှာလည်း အကြမ်းဖက်မှုအားမပေးတဲ့သူတွေရှိတယ်။ အဆိုးဆုံးကတော့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ ဝေးလံခေါင်သီတဲ့နေရာတွေနဲ့ ဟိန္ဒူတွေအသတ်ခံရတယ်ဆိုတော့ သူတို့မှာစိုးရိမ်မှုတွေရှိတယ်။ ယုံကြည်မှုအားနည်းသွားတယ်၊ ဘင်္ဂါလီတွေကိုပေါ့။ အများကြီး အားနည်းသွားတယ်။ အဲဒီလိုအားနည်းသွားတဲ့အတွက် ဒီလူ့အဖွဲ့အစည်းသုံးခုတောင် ရခိုင်တိုင်းရင်းသားတွေရယ်၊ ဟိန္ဒူတွေရယ်၊ လက်ရှိ ရှိနေတဲ့ဘင်္ဂါလီတွေနဲ့ ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် စီးပွားရေးအပိုင်းတိုးတက်လာမည့် အကြောင်းရှိမယ် မထင်ဘူးလို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုနည်းသွားပြီလေ။ တစ်ယောက်နဲ့တစ်ယောက် မဖြစ်မနေသွားနေကြရတယ်ဆိုပေမယ့်၊ မနက်ပိုင်းသာရှိတယ်။ ”ဟုဆိုသည်။
ပြန်လည်ထူထောင်ရေး၊ ပြန်လည်လက်ခံရေးအပိုင်းများတွင်လည်း အချိန်အများကြီးယူကာလုပ်ဆောင်ရမည့် ဖြစ်သလို၊လက်ရှိအစိုးရသော်လည်းကောင်း၊ နောက်အသစ်တက်လာသည့် အစိုးရတစ်ရပ်အနေဖြင့် သော်လည်းကောင်း ယခုပြဿနာကိုလေ့လာသုံးသပ်ရမည်ဟုလည်းဆိုသည်။
မောင်တောဒေသပုံမှန် အခြေအနေ တစ်ခုသို့ ရောက်ရှိရန်မှာလည်း လမ်ပန်းဆက်သွယ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝမ်းထမ်းများ၏ အရေးကိစ္စများအပါဝင်။ ဒေသတွင်း မိရိုးဖလာလုပ်ငန်းများ မဟုတ်တော့သည့် စက်မှုလက်မှုလုပ်ငန်းများကို ထူထောင်နိုင်ရန်လိုအပ်ကြောင်း ဦးထွန်းလှစိန်က အကြံပြုထားသည်။
လက်ရှိအချိန်တွင်လည်း မြင့်တက်လာသော ကုန်ဈေးနှုန်းအခြေအနေများမှာလည်း အထိန်းအကွပ်မရှိသဖြင့် ဝန်ထမ်းများတွင် လစာနှစ်ဆရ၍ အဆင်ပြေသည်ဟုဆိုနိုင်သော်လည်း တိုင်းရင်းသားများအနေဖြင့် ဝင်ငွေနှင့် ထွက်ငွေ များစွာကွာဟနေပြီး အလွယ်နည်းလမ်းများကို လိုက်ပါလာကြကြောင်းလည်းဆို သည်။ “ကုန်ဈေးနှုန်း က အဆမတန်များလာတော့ အထိန်းအကွပ်မဲ့နေတယ်။ ဝန်ထမ်းကလစာနှစ်ဆဆိုပေမယ့် တိုင်းရင်းသား တွေကိုကြည့်လိုက်ရင် ဝင်ငွေနဲ့ထွက်ငွေမကိုက်ဘူး။ မကိုက်တော့ အလွယ်နည်းကိုလိုက်လာကြတယ်။ ဒီလိုပဲ ဒုတိယတစ်ကျော့ ကျွန်တော်တို့ မူးယစ်ဆေးဝါးနဲ့ တိုက်ခိုက်ခံရမည့် အခြေအနေ ရှိတယ်။ အဓိကတော့ အလုပ် အကိုင်အခွင့်အလမ်းကို ကောင်းကောင်းမွန်လုပ်ပေးနိုင်ဖို လိုအပ်တယ်”ဟုပြောသည်။
အကြမ်းဖက်တိုက်ခိုက်မှု တစ်နှစ်ပြည့်ခဲ့ဆိုသော်လည်း မောင်တောဒေသ၏ အခြေအနေသည်မှာ လုံးဝပုံမှန် အနေအထားတစ်ခုသို့ ပြန်လည်ရောက်ရှိရန် နှစ်ပေါင်း ၁၀ သို့မဟုတ် ၂၀ သို့မဟုတ် ယင်းထက်ကြာမြင့်သော အချိန်တစ်ခုလည်းဖြစ်နိုင်သည်။
လက်ရှိ ပြဿနာအပေါ်အဖြေရှာရန်၊ ပြဿနာ၏အရင်းအမြစ်အပေါ် စုံစမ်းစစ်ဆေး ကာ တည်ငြိမ်အေးချမ်း ရေးကို ဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များ၊ နှင့်သီးခြားစုံစမ်းစစ်ဆေးရေး အဖွဲ့များ ၏ အဓိကအချက်မှာလည်း မတူကွဲပြားသည့် လူ့အသိုင်းအဝိုင်းများကြားမှ ယုံကြည်မှုကို ပြန်လည်တည် ဆောက်ပေးနိုင်ရန်မှာ လွန်စွာအရေးကြီးလှသည်။
ထိုကြောင့် တစ်ဖက်စောင်းနင်း ပြောဆိုသံများ၊လိမ်လည်လှည့်စားမှုများကို သတိကြီးစွာဖြင့် ကိုင်တွယ်ဖြေရှင်း ပြီး ပြဿနာအပေါ်ဖြေရှင်းကြရန် နှင့် ဒေသခံတိုင်းရင်းသားများ၏ ခံစားချက်၊အသံများကိုလည်း အလေးအနက် ထားရန် အထူးလိုအပ်သည် ဟု သုံးသပ်မိသည်။
မည်သို့ပင်ဆိုစေကာမူ မောင်တောဒေသကို ARSA အကြမ်းဖက်သမားများ၏တိုက်ခိုက်ခံခဲ့မှု တစ်နှစ်သာ ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ထိုသြဂုတ် ၂၅ ရက်နေ့ နောက်ပိုင်းမှအဖြစ်အပျက်များမှာ ဒေသတွင်းနေ ထိုင်သူ များ၏ ရင်ထဲ၌ အိပ်မက်ဆိုးကြီးတစ်ခုကို မြင်မက်နေသလို စိုးရိမ်ထိတ်လန့်ကာ ကြောက်စိတ်များ လွှမ်းမိုးနေဆဲ ဆိုသည်ကို ငြင်းပယ်၍မရနိုင်ပေ။ မေယုမြစ်ဝှမ်းဟုခေါ်သည့် ဘူးသီးတောင်၊ မောင်တော၊ရသေ့တောင်စသော မြို့နယ်များကို လွှမ်းမိုးကာ သွယ်တန်းဖြတ်သန်းနေသော မေယုတောင် တန်းကြီး၏ ရင်ခွင်တစ်လျှောက်တွင် ယခင်က စည်ကားခဲ့သောရွာကြီးများမှာ ရွာပျက်ကြီးများအဖြစ်သော် လည်းကောင်း၊ မီးလောင်ပြင်များအဖြစ် သော်လည်းကောင်း၊ စိမ်းစိုနုရွနေသည့် စပါးခင်းများမှာ လုပ်ကိုင်သူမရှိသောလယ်ကွင်းရိုင်းကြီးများအဖြစ် လည်းကောင်း ယနေ့ထက်တိုင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု၊ ရက်စက်မှု စသော အနိဋ္ဌာရုံများကို ဖေါ်ပြနေဆဲပင်ဖြစ်သည်။