- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဒီမိုကရေစီအတွက် နေ့ဆိုးတစ်နေ့ ၊ နိမိတ်ဆိုးတစ်ခု
ပြည်တွင်းစစ်ကြီးအတွက် ရေရှည်တည်မြဲသည့် အဖြေတစ်ရပ် မရှာနိုင်သေးသမျှ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်၊ ခွင့်တူညီမျှ ဝါဒဖြူစင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံ (Developed Country) တစ်ခုအဖြစ်သို့ ချီလှမ်းနိုင်မည် မဟုတ်ပေ။
26 Oct 2020
By အောင်ကျော် | DMG
ယနေ့ ရခိုင်ပြည်ရင်ဆိုင်နေရသည့် လက်ရှိပြဿနာများ၊ ယင်းတို့အပေါ် ဗဟိုအစိုးရနှင့် ၎င်း၏လက်အောက်ခံ ပြည်နယ်အစိုးရတို့၏ ကိုင်တွယ်ဖြေရှင်းပုံတို့ကိုကြည့်လျှင် ရခိုင်ပြည်သူတစ်ဦးအနေဖြင့် အကောင်းမြင်စိတ်မွေး၍ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် ကြီးမားသော မျှော်လင့်ချက်ထားရန် ခက်ခဲပါသည်။ သို့သော် ဤအခြေအနေ၌ပင် ကျနော်တို့သည် မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ အားတင်းကာ အကောင်းမြင်စိတ်မွေးပြီး မျှော်လင့်ချက်ထားခဲ့ကြသည်။
စစ်ဘောင်ပိုကျယ်ပြန့်လာသည့် ယခုကဲ့သို့ အခြေအနေတွင် နိုင်ငံရေးဘောင်ကို ဆက်လက်ဖွင့်ထားစေနိုင်မည့် တနိုင်ငံလုံးအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ရွေးကောက်ပွဲများအပေါ် မျှော်လင့်ချက်ထားခဲ့ပါသည်။ ရခိုင်ပြည်နယ်ရှိ ကိုယ်စားလှယ်လောင်းများသည်လည်း ကိုဗစ်ကပ်ရောဂါ၊ တိုက်ပွဲများ၊ 2G အင်တာနက် စသည့် အခက်အခဲ၊ အကျပ်အတည်းများစွာကို အံတု၍ မဲဆွယ်စည်းရုံးရေး ဆင်းနေခဲ့ကြသည်။
သို့သော် ရခိုင်ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မျှော်လင့်ချက်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့် ကြေညာချက်အမှတ် ၁၉၆/၂၀၂၀ က ရိုက်ချိုးလိုက်ပါပြီ။ သည်ကြေညာချက်မှာ ရခိုင်ပြည်နှင့် အခြားဒေသများရှိ နိုင်ငံသားများ၏ မဲပေးနိုင်မည့် မျှော်လင့်ချက်အား ရိုက်ချိုးပစ်လိုက်ပြီး ဒီမိုကရေစီ စနစ်တစ်ခု၌ နိုင်ငံသားတစ်ယောက်၏ အခြေခံအကျဆုံး အခွင့်အရေးတစ်ရပ်ဖြစ်သည့် မဲပေးခွင့်အား ငြင်းပယ်လိုက်ရုံသာမက မြန်မာနိုင်ငံ၏ မြေစမ်းခရမ်းပျိုးအဆင့်သာ ရှိသေးသည့် ဒီမိုကရေစီ ခရီးရှည်နှင့် ငြိမ်းချမ်းရေးအတွက်လည်း အဆုတ်ခြေလှမ်းတစ်လှမ်း ဖြစ်သည်။
မဲပေးခွင့် ဆုံးရှုံးရတော့မည့် ရခိုင်ပြည်သူများ
ရွေးကောက်ပွဲများအား လုံးဝဥဿုံ ဖျက်သိမ်းမည့် (၁၇ မြို့နယ်ထဲမှ) မြို့နယ် ၉ ခု၊ မြို့ပေါ်ရပ်ကွက်များ၌ ကွက်ကြားသာ ကျင်းပတော့မည့် မြို့နယ်များမှ မဲဆန္ဒရှင်အရေအတွက် ကိုကြည့်လျှင် ရခိုင်ပြည်သူအများစုမှာ နိုင်ဝင်ဘာလ အထွေအထွေရွေးကောက်ပွဲ၌ မဲပေးခွင့်၊ ပါဝင်ဆင်နွှဲခွင့် ရရှိတော့မည် မဟုတ်ပေ။ တနည်းပြောရလျှင် ရခိုင်ပြည်သူများသည် မိမိတို့ ရွေးကောက်တင်မြှောက်ခြင်း မရှိသည့် အစိုးရတစ်ရပ် နောက်ထပ်ငါးနှစ်တာ အုပ်ချုပ်မှုအောက်၌ စခန်းသွားရတော့မည် ဖြစ်သည်။ ဤနေရာ၌ စကားချပ်အဖြစ် ပြောလိုသည်မှာ ဒီမိုကရေစီစံနှုန်းများ၊ ဖယ်ဒရယ်စံနှုန်းများနှင့် များစွာအလှမ်းဝေးနေသေးသည့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ၁၀ နှစ်တာကာလ နှင့် ဗဟိုမှ ထိန်းချုပ်လိုစိတ်ကဲသည့် NLD အစိုးရတို့၏ ငါးနှစ်တာကာလအတွင်း၌လည်း ရခိုင်ပြည်သူများအပါအဝင် တခြားတိုင်ရင်းသား လူမျိုးများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မိမိတို့အရေး မိမိတို့ စီမံခန့်ခွဲပိုင်ခွင့်၊ တခြားအရေးပါသည့် မူဝါဒများရေးဆွဲ အကောင်အထည်ဖော်ရာ၌ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်ရခဲ့သည်တော့ မဟုတ်ပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းသားများပင် ပုဒ်မကြီးငယ် အသွယ်သွယ်ဖြင့် အဖမ်းအဆီးခံနေကြသေးသည် မဟုတ်ပါလား။
အပေါ်မှအချက်ကို ပြန်၍ကောက်လျှင် ၂၀၁၅ ခုနှစ်တွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကောင်းချီးထောပနာ ပြုခဲ့သည့် ရွေးကောက်ပွဲများဖြင့် အာဏာရလာခဲ့သည့် အစိုးရလက်ထက်၌ အစိုးရအာဏာ ကိန်းဝပ်ရာဖြစ်သည့် သန်းချီသောပြည်သူများ မဲပေးခွင့်ဆုံးရှုံးရတော့မည် ဖြစ်သည်။ ဤနေရာ၌ ကြေညာချက်တွင် ဖော်ပြထားသကဲ့သို့ ရွေးကောက်ပွဲများအား လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းခြင်း ဖြစ်သည်ဟူ၍ စောဒကတက်မည့်သူများ ရှိနိုင်သည်။ သို့သော် လုံခြုံရေးအကြောင်းပြချက်မှာ တိုက်ပွဲဖြစ်ပွားနေရာ မြေပြင်အခြေအနေအား တိတိပပ ထင်ဟပ်မှု မရှိခြင်းပင် ဖြစ်သည်။ အများထောက်ပြကြသလို တိုက်ပွဲအများဆုံး ကြုံတွေ့နေရသည့် ပလက်ဝ၌ ရွေးကောက်ပွဲကျင်းပပြီး ပေါက်တောမြို့နယ် ကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာ၌ ရွေးကောက်ပွဲ ဖျက်သိမ်းမည်ဟု ဆုံးဖြတ်ခြင်းမှာ လုံခြုရေးအကြောင်းပြချက်အား သံသယပွားစေသည်။
၂၀၁၅ ခုနှစ်၌ NLD ပါတီ မဲရှုံးခဲ့သည့် မဲဆန္ဒနယ်များအား ပစ်မှတ်ထားခြင်းမှာ ၎င်းတို့၏ မဲကလိမ်ကကျစ်လုပ်ရန် ကြိုးပမ်းခြင်းဟူ၍ လူမှုကွန်ယက်များ၌ ဝေဖန်သူများလည်းရှိသလို နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကြားလည်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဝေဖန်မှုများလည်း မြင့်တက်နေသည်။ အချုပ်ဆိုရလျှင် မဲပေးခွင့်မရှိသည့် ပြည်သူများအတွက်ဆိုလျှင် ၎င်းတို့မဲမပါဘဲ တက်လာသည့်အစိုးရသည် ၎င်းတို့အား ကိုယ်စားပြုခြင်းမရှိပေ။ တနည်းဆိုရသော် ဤသို့ ပြည်သူ့မဲမပါဘဲ တက်လာမည့် အစိုးရသည် အာဏာရှင်အစိုးရကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်း
နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားမျှတခြင်း၊ အများယုံကြည်မှုရှိခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျခြင်း စသည်ဖြင့် စံနှုန်း ၅ ချက်နှင့်အညီ ကျင်းပသွားမည်ဟု ကြွေးကြော်ထားသည်ကို အားလုံးအသိပင် ဖြစ်သည်။ သေချာသည်မှာ ရခိုင်ပြည်ရှိ မဲဆန္ဒနယ်အများစုအား ချန်လှပ်၍ကျင်းပသည့် ရွေးကောက်ပွဲများ၏ရလဒ်သည် ရခိုင်ပြည်သူများ၏ ဆန္ဒနှင့် မည်သည့်နည်းနှင့်မျှ တထပ်တည်း ကျနိုင်တော့မည် မဟုတ်ပေ။ ပို၍ ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင် တစ်ဒသမနှစ်သန်း (၁.၂ သန်း) ကျော်သော ပြည်သူများအား ပါဝင်ခွင့်မပေးသည့် ရွေးကောက်ပွဲတစ်ရပ်သည် တရားမျှတမှု၊ အများယုံကြည်လက်ခံမှု ရှိသည့်အပိုင်းတွင် များစွာအားနည်းသွားတော့မည် ဖြစ်သည်။ ဤမျှအထိ အတိုင်းအတာကျယ်ပြန့်သည့် ရွေးကောက်ပွဲဖျက်သိမ်းမှုသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနောက်မှ အရိပ်မည်းသဖွယ် လိုက်နေတော့မည် ဖြစ်သည်။
နိုင်ငံရေးဘောင် ကျဉ်းစေပြီး စစ်ဘောင်ချဲ့လိုက်သလိုဖြစ်စေခြင်း
နောက်ဆုံးတချက်အနေဖြင့် ပြောလိုသည်မှာ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများက မဆိုင်းမတွပင် ထောက်ပြကြသကဲ့သို့ ရွေးကောက်ပွဲများ ဆိတ်သုဉ်းစေခြင်းသည် ရခိုင်ပြည်၌ များစွာ ဘောင်ကျဉ်းနေနှင့်ပြီးဖြစ်သည့် နိုင်ငံရေးနယ်ပယ်အား ပို၍ကျဉ်းစေပြီး စစ်ဘောင်ကို ပို၍ ချဲ့လိုက်ခြင်းပင် ဖြစ်သည်။ လက်ရှိအကျပ်အတည်းအား ပိုမို၍ နက်ရှိုင်းစေသည်။
ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA) ကို အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဆက်ဆံပုံစံမှ ခွဲထွက်၍ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီး အပြုတ်တိုက်ရေးမူချထားခြင်းသည် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ကျွမ်းကျင်သူများ၊ ရခိုင်ပြည်သူတို့နှင့် သူတို့၏ဆန္ဒအား မျက်ကွယ်ပြု၍ ပြဿနာများအား နိုင်ငံရေးစကားဝိုင်းမှတဆင့် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဆန္ဒမရှိသေးသည်ကို ပြသထားပြီး ဖြစ်သည်။ နောက်တစ်ချက်မှာ လွှတ်တော်လမ်းကြောင်း ပိတ်ဆို့စေခြင်းသည် ရခိုင်ပြည်သူများနှင့် နိုင်ငံရေးအင်အားစုများအတွက် နိုင်ငံရေးလမ်းကြောင်း ပိတ်လိုက်ခြင်းဟု ဆိုနိုင်သည်။ ဤအချက်ကြောင့် ရွေးကောက်ပွဲအလွန်ကာလ၌ မည်ကဲ့သို့ ဖြစ်ပေါ်တိုးတက်မှုများ ရှိလာမည်ကို စောင့်ကြည့်ရပေဦးမည်။ အကျိုးဆက်များအား အာဏာရသည့် အစိုးရပင် ခါးပိုက်ဖြေရှင်းရပေလိမ့်မည်။
အားလုံးသိထားပြီး ဖြစ်သည့်အတိုင်း ရခိုင်ပြည်ရှိ စစ်ပွဲများ၏ဒဏ်ကို ရခိုင်ပြည်သူများ ခါးစည်းခံကြရသည်မှာ မှန်သည်။ အသက်သေဆုံးကြရသူများ၊ အိုးအိမ်များ ဗုံးကြဲ၊ မီးရှို့ဖျက်ဆီးခံရသူများ၊ ပိုင်ဆိုင်မှုအားလုံးကို စွန့်ပစ်၍ အသက်လုထွက်ပေးနေကြရသည်။ နှစ်သိန်းကျော်လာပြီဖြစ်သည့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ၏ ကြေကွဲဖွယ်ရာ အဖြစ်အပျက်၊ အတွေ့အကြုံများက သက်သေပင် ဖြစ်သည်။ သို့သော် ရခိုင်ပြည်ရှိ စစ်ပွဲသည်၊ အခြားနေရာများရှိ စစ်ပွဲများကဲ့သို့ မြန်မာနိုင်ငံ၏ နှစ်ပေါင်းခုနှစ်ဆယ်ကျော်လာသည့် ပြည်တွင်းစစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤပြည်တွင်းစစ်ကြီးအတွက် ရေရှည်တည်မြဲသည့် အဖြေတစ်ရပ် မရှာနိုင်သေးသမျှ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်၊ ခွင့်တူညီမျှ ဝါဒဖြူစင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံ (Developed Country) တစ်ခုအဖြစ်သို့ ချီလှမ်းနိုင်မည် မဟုတ်ပေ။ ယခုကဲ့သို့ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များအား အုံနှင့်ကျင်းနှင့် ဖျက်သိမ်းမည်ဟု ကြေညာခြင်းသည် အဖြေရှာသည့်ဘက်သို့ ဦးတည်ဟု ခြေလှမ်းတစ်လှမ်း မဟုတ်ကြောင်း တင်ပြလိုက်ရပါသည်။