ဝှီးချဲ့ပေါ်က ပဲ့ကိုင်ရှင်

အသက်အရွယ်ကြီးရင့်နေသည့် ကိုရွှေထွန်းသိန်း၏ မိဘနှစ်ပါးနှင့် သားအကြီးဖြစ်သူတို့မှာ လက်နက်ကြီး ပစ်ခတ်နေစဉ်အတွင်း နေအိမ်ပေါ်မှဆင်းပြေး၍ အန္တရာယ်ကြားမှ လွတ်မြောက်ခဲ့ရသည်။ ထိုအဖြစ်အပျက်က ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

By မြတ်ဆွေ 06 Jul 2022

DMG ၊ ဇူလိုင် ၆

(ဆောင်းပါး)

ဟောင်းနွမ်းနေသည့် ဝှီးချဲ့ပေါ်က အသက် ၃၈ နှစ်အရွယ် ကိုရွှေထွန်းသိန်းမှာ အငြိုးကြီးစွာရွာသွန်းနေသည့် မိုးရေစက်တွေကိုငေးကြည့်ရင်း တစ်စုံတစ်ရာကို တွေးတောနေဟန်ရှိသည်။ သူ ယခုကဲ့သို့ ဝှီးချဲ့ပေါ် ရောက်သွားသည့်နေ့မှစ၍ မိသားစုမှာလည်း အခက်အခဲများနှင့် ပြည့်နှက်နေတော့သည်။

တကယ်တော့ ကိုရွှေထွန်းသိန်းမှာ ပြည်တွင်းစစ်၏ သားကောင်ဖြစ်ခဲ့ရသူပါ။ ညဉ့်သန်းခေါင်ယံအချိန်တွင် ကုလားတန်မြစ်ကိုဖြတ်သန်းပြီး ပလက်ဝသို့ ရိက္ခာသွားပို့သည့် မြန်မာစစ်တပ်မှ (နေဗီ)နှစ်စီးကို ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှနေ၍ ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ်ခဲ့သည်။ နေဗီကလည်း နီးစပ်ရာနေရာများကို လက်နက်ကြီးများဖြင့် ယမ်းသန်းပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်တစ်လုံးမှာ ကိုရွှေထွန်းသိန်းတို့နေထိုင်ရာ နေအိမ်ခေါင်မိုးပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်ခဲ့တော့သည်။ ကိုရွှေထွန်းသိန်းမှာ ဇနီးနှင့်သားကို ရင်ခွင်ထဲထွေးပွေးရင်း ကျရောက်လာသည့် လက်နက်ကြီးကျည်ဒဏ်မှ ကာကွယ်ပေးခဲ့သည်။

ထိုသို့ကာကွယ်ပေးမှုကြောင့် ဇနီးဖြစ်သူ မခိုင်ညိုတွင် ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကာ သားငယ်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရခဲ့ပေ။ သို့သော် ကိုရွှေထွန်းသိန်းမှာတော့ ကျောတပြင်လုံး သွေးသန်ရဲရဲထွက်ခဲ့တော့သည်။

“ခေါင်မိုးပေါ်မှာကျတဲ့ လက်နက်ကြီးကျည်တွေက ဖြာထွက်လာတော့ ကျနော်ကမိန်းမနဲ့ သားလေးကို ကာကွယ်ပေးလိုက်တာကြောင့် ကျောကုန်းတခွင်လုံးမှာ ကျည်စတွေထိမှန်သွားတယ်”ဟု ဘဝတဆစ်ချိုး ပြောင်းလဲစေခဲ့သည့် အဖြစ်အပျက်ကို ကိုရွှေထွန်းသိန်းက ပြောပြသည်။

ကိုရွှေထွန်းသိန်းမှာ ဇနီးဖြစ်သူ မခိုင်ညို၊ သားကြီး မောင်ဦးမြတ်လင်း၊ သားငယ် မောင်ထိန်လင်းတို့အပြင် အမေအို၊ အဖေအိုတို့နှင့်အတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က သင်္ဂနက်ကျေးရွာမှာနေထိုင်ခဲ့ပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့သူဖြစ်သည်။

အသက်အရွယ်ကြီးရင့်နေသည့် ကိုရွှေထွန်းသိန်း၏ မိဘနှစ်ပါးနှင့် သားအကြီးဖြစ်သူတို့မှာ လက်နက်ကြီး ပစ်ခတ်နေစဉ်အတွင်း နေအိမ်ပေါ်မှဆင်းပြေး၍ အန္တရာယ်ကြားမှ လွတ်မြောက်ခဲ့ရသည်။ ထိုအဖြစ်အပျက်က ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် အနီးအနားရှိ ကံသုံးဆင့်ကျေးရွာ၊ စံပယ်လှကျေးရွာနှင့် သင်္ဂနက်ကျေးရွာတို့မှ ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရသည်။ ကျောတပြင်လုံးတွင် သွေးဖြိုင်ဖြိုင်ထွက်နေသည့် ကိုရွှေထိန်းသိန်းက ကျည်ထိမှန်ခဲ့သည့်နေရာတွင်ပင် သတိမေ့မျောသွားခဲ့တော့သည်။

“လက်နက်ကြီးကျည်စတွေက ကျမဆီမှာလည်းမှန်ထားတော့ အဲဒီတုန်းက နာကျင်တာလည်းမသိခဲ့ဘူး။ ကျမယောင်္ကျားမှာလည်း ကျောကုန်းတစ်ပြင်လုံးမှာ ထိမှန်ထားတဲ့အတွက် ကျမနဲ့သားလေးကို ဘေးလွတ်ရာကို ပြေးခိုင်းတယ်။ အဲဒီအချိန်မှာပဲ သူရဲ့အောက်ပိုင်းက မရှိသလိုခံစားရတယ်လို့ပြောတယ်။ ခဏလောက်ကြာတော့ သူလည်းသတိမေ့သွားတယ်”ဟု မခိုင်ညိုက လင်ယောင်္ကျား၏ အဖြစ်အပျက်ကိုပြောပြသည်။

ကိုရွှေထွန်းသိန်း သတိရချိန်တွင် ကျောက်တော်ဆေးရုံသို့ ရောက်နှင့်နေပြီဖြစ်သည်။ ခန္ဓာကိုယ် အောက်ပိုင်းမှာလည်း အမှန်ပင်သေဆုံးသွားခဲ့လေပြီ။ ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းလိုက်ပြီး ထိုဆေးရုံမှတစ်ဆင့် ရန်ကုန်သို့ဆေးကုသရန် သွားရောက်ခဲ့ရသည်။ ထိုသို့သွားရောက်စဉ် လမ်းတစ်လျှောက် မြန်မာစစ်တပ်မှ စစ်ဆေးမေးမြန်းမှုများကိုလည်းခံခဲ့ရသည်။

ရန်ကုန်တွင် ဆေးကုသမှုခံယူနေစဉ်အတွင်း မြန်မာစစ်တပ်က နေ့စဉ်ရက်ဆက် စစ်ဆေးမေးမြန်းရန် လာရောက်ခဲ့ကြသည်။ ဒဏ်ရာအနည်းငယ်သက်သာလာချိန်တွင် ဆေးကုသဖို့ ငွေကြေးမတတ်နိုင်တော့သဖြင့် ရခိုင်သို့ပြန်လာခဲ့ရတော့သည်။ ထိုအချိန်မှစ၍ ကိုရွှေထွန်းသိန်းမှာ ဝှီးချဲ့ပေါ်သို့ရောက်ရှိသွားရခြင်းဖြစ်သည်။

ဝှီးချဲ့ပေါ်မှ ဘဝကိုဖြတ်သန်းခြင်း

လက်ရှိ ကိုရွှေထွန်းသိန်းတို့မိသားစုမှာ ဆေးရုံဆေးခန်းနှင့် အနီးကပ်နေထိုင်ရန်လိုအပ်နေသေးသည့်အတွက် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ဆွေမျိုးတစ်ဦး၏အကူအညီဖြင့် နေထိုင်နေကြရသည်။ စစ်တွေမြို့ရှိ ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်းမှ ထောက်ပံ့ကူညီမှုဖြင့် စားသောက်နေကြရသည်။

ဝှီးချဲ့ပေါ်တွင်တမှိုင်မှိုင်ဖြစ်နေသော ကိုရွှေထွန်းသိန်းက သူယခင်ကလုပ်ကိုင်ခဲ့သော လယ်ကွင်းပြင်များကိုလည်း လွမ်းမိကြောင်းပြောသည်။ လက်ရှိအောက်ပိုင်းဆုံးရှုံးသွားသဖြင့် အပေါင်းအသင်းများမှ အဖက်မလုပ်သည်များကိုလည်း ခံရသည်ဟုဆိုသည်။
“ကျနော်မှာ အောက်ပိုင်းဆုံးရှုံးသွားရတော့ တအားခံစားရတယ်”ဟု ကိုရွှေထွန်းသိန်းကပြောသည်။

ကိုရွှေထွန်းသိန်း ယခုအသုံးပြုနေသော ဝှီးချဲ့မှာလည်း ဟောင်းနွမ်းနေသဖြင့် သွားလာရေးအဆင်မပြေတော့ဘဲ အသစ်တစ်ခု လိုအပ်နေသည်ဟုဆိုသည်။ ယခုအခါ ကိုရွှေထွန်းသိန်း အလေးအပေါသွားရန်အတွက် ဒိုင်ဘာထုတ်များကို အသုံးပြုနေရသည်။ ခန္ဓာကိုယ့်မှာလည်း မကြာခဏကိုက်ခဲနာကျင်သောကြောင့် လမ်းလျှောက်ရန် လေ့ကျင့်ခန်းများကို အိမ်တွင်ပြုလုပ်နေရသည်။

လက်တွဲဖော်ကောင်း ဇနီးသည်

ကိုရွှေထွန်းသိန်းကို အနီးကပ်ပြုစုနေသူမှာ ဇနီးဖြစ်သူ မခိုင်ညိုဖြစ်သည်။ သူမမှာ မိသားစုဝမ်းရေးအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေလိုသော်လည်း ကိုရွှေထွန်းသိန်းကို ပြုစုနေရသဖြင့် အခက်အခဲရှိသည်။ ထို့ကြောင့် နေအိမ်ရှေ့တွင် ဆိုင်ခန်းတစ်ခုဖွင့်ရန် မခိုင်ညိုက ဆန္ဒပြင်းပြနေသည်။

“အလေးအပေါ့တွေသွားမယ်ဆိုရင် ကျမ အနားမှာရှိနေမှရတာ။ အလုပ်ကလည်း မလုပ်ရ၊ ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ ကျမတို့မှာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရတယ်”ဟု မခိုင်ညိုကဆိုသည်။

ယခင်က ရှာဖွေထားသော မိသားစု၏ပစ္စည်းဥစ္စာများမှာလည်း ဆေးကုသခြင်းနှင့် နေထိုင်စားသောက်ရေးတို့ကြောင့် တစစနှင့် ပျောက်ပျက်လာနေတော့သည်။

လက်ရှိတွင် အသက် ၆ နှစ်အရွယ် သားငယ် မောင်ထိန်လင်းမှာ ပထမတန်းနှင့် အသက် ၁၂ နှစ်အရွယ် သားကြီး မောင်ဦးမြတ်လင်းမှာ ဆဋ္ဌမတန်းကို စစ်တွေမြို့ရှိ ၎င်းတို့နေထိုင်ရာအနီးမှကျောင်းတွင် တက်ရောက်သင်ကြားလျက်ရှိနေသည်။

ပြည်တွင်းစစ်၏ ဆိုးကျိုး

ရက္ခိုင့်တပ်တော်(AA)ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဌာနချုပ်ရှိရာ လိုင်ဇာမှာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ လက်နက်အင်အား၊ လူအင်အား တစ်ဖြည်းဖြည်းတောင့်တင်းလာသည့် AA သည် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်ရရှိရေးအတွက် ရခိုင်ပြည်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

၂၀၁၈ ခုနှစ် နှောင်းပိုင်းမှစ၍ ၂၀၂၀ ခုနှစ် နှောင်းပိုင်းအထိ ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲပေါင်း လေးထောင်ကျော်ဖြစ်ပွားခဲ့သည်။ ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အပြစ်မဲ့အရပ်သား သုံးရာကျော်သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ခုနှစ်ရာနီးပါးရှိခဲ့ကြောင်း စာရင်းပြုစုထားသူများ၏အဆိုအရ သိရသည်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲကိုအကြောင်းပြုကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ထားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း လက်ရှိတွင် နှစ်ဖက်တင်းမာမှုများပြန်လည်ဖြစ်ပေါ်နေကာ တကျော့ပြန်တိုက်ပွဲအတွက် တာဆူလျက်ရှိနေသည်။

“ကျမတို့ကငြိမ်းချမ်းတာတွေကိုပဲ လိုချင်တယ်။ နှစ်ဖက်လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်တော့ ကြားထဲမှာ ပြည်သူတွေကပဲ ထိခိုက်နစ်နာကြတယ်”ဟု မခိုင်ညိုကပြောသည်။

ရခိုင်တွင် နောက်ထပ်တိုက်ပွဲဖြစ်ပွားလာပါက အရပ်သားပြည်သူများကို ပစ်မှတ်မထားရန်လည်း မခိုင်ညိုက တိုက်တွန်းပြောဆိုသည်။

“အခုဆိုရင် ကျမယောင်္ကျားကိုပဲကြည့်။ သူက အောက်ပိုင်းဆုံးရှံးသွားပြီ။ ကျမတို့ကိုလုပ်ကျွေးခဲ့တဲ့ လင်ယောင်္ကျားက အသက်ငယ်ငယ်နဲ့ ဒုက္ခိတဖြစ်သွားတော့ အရမ်းခံစားရတယ်။ ဒီလိုမျိုး နောက်ထပ် ပြည်သူတွေကိုလည်း မဖြစ်စေချင်ဘူး”ဟု မခိုင်ညိုကပြောသည်။

ကိုရွှေထွန်းသိန်းနှင့် မခိုင်ညိုတို့ ဇနီးမောင်နှံတွင် သားနှစ်ဦးကိုရှင်ပြုရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် စုဆောင်းမိသမျှ ပစ္စည်းဥစ္စာများ တစ်ဖြည်းဖြည်းဆုံးရှုံးလာရသဖြင့် ၎င်းတို့၏မျှော်လင့်ချက်မှာလည်း ဝေဝါးသွားခဲ့ရသည်။

“ကျနော် သာမန်လူတုန်းကဆိုရင် မျှော်လင့်ထားခဲ့တာပေါ့။ မိဘတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်မွေးထားတဲ့ သားလေးတွေကို ကထိန်ကပ်ပြီး ရှင်ပြုပေးချင်ခဲ့တာပေါ့”ဟု ကိုရွှေထွန်းသိန်းက ပြောပြသည်။

လက်ရှိတွင် ကိုရွှေထွန်းသိန်း၏ အသက်အရွယ်ကြီးရင့်နေသော မိဘနှစ်ပါးမှာ ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာတွင် နေထိုင်နေကြပြီး အခြားသားသမီးတို့မှပြုစုစောင့်ရှောက်ပေးထားကြသည်။

မြတ်ဆွေ-ရေးသည်။