- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
စစ်ရေးကြား ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှု လိုအပ်နေ
ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများမှာ ချိုင်းထောက်၊ ခြေတုကဲ့သို့ အကူပစ္စည်းများမရှိသဖြင့် နေ့စဉ်လူမှုဘဝ သွားလာလှုပ်ရှားရေးတွင် အခက်အခဲများနှင့် တွေ့ကြုံနေရသည်။
12 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၂
စစ်ရေးပဋိပက္ခကြား လေကြောင်း၊ လက်နက်ကြီး၊ မိုင်းနှင့် စစ်ကျန်လက်နက်တို့ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။
ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများမှာ ချိုင်းထောက်၊ ခြေတုကဲ့သို့ အကူပစ္စည်းများမရှိသဖြင့် နေ့စဉ်လူမှုဘဝ သွားလာလှုပ်ရှားရေးတွင် အခက်အခဲများနှင့် တွေ့ကြုံနေရသည်။
မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ မခိုင်ခိုင်မာက “မိုင်းထိသွားလို့ ခြေတစ်ဖက်ပြတ်သွားပြီး ကျန်တဲ့တစ်ဖက်ကလည်း စတီးရိုးစိုက်ထားရတော့ စိတ်ရှိတိုင်း သွားလာလှုပ်ရှားလို့ မရသေးဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ့်ဘာသာသွားလာလို့ရအောင် ချိုင်းထောက်လိုချင်တယ်။ ငွေကြေးမတတ်နိုင်တော့ ဝယ်ဖို့မဖြစ်နိုင်သေးဘူး” ဟု ပြောသည်။
စစ်ရေးအကျိုးဆက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှု၊ အမြင်အာရုံနှင့် အကြားအာရုံ ချို့ယွင်းမှုများကြောင့် မသန်စွမ်းဖြစ်သွားသူများမှာ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်နေကြရသည်။
မသန်စွမ်းဖြစ်သွားသူများထဲတွင် မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်နေရသည့် အိမ်ထောင်ဦးစီး အမျိုးသားအများစုပါဝင်ပြီး အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။
“ကျနော်ဆိုရင် ဝပ်ရှော့လုပ်ဖို့တတ်ပေမဲ့ မိုင်းထိလို့ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရတယ်။ အခုဆို အလုပ်မလုပ်နိုင်တော့ဘူး။ ခြေတုလိုမျိုး အထောက်အပံ့ရမယ့် ပစ္စည်းတစ်ခုခုသာရှိမယ်ဆိုရင် အလုပ်လည်း ပြန်လုပ်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာမှ ကိုထွန်းအေးသိန်းက ပြောသည်။
ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများနှင့်ပတ်သက်၍ ယခင်စစ်ရေးကာအတွင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအရပ်ဖက်အဖွဲ့များက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ ရှိခဲ့သော်လည်း လက်ရှိကာလတွင် မရှိသလောက် နည်းပါးနေသည်။
ဒေသတွင်းလူမှုကူညီရေးအဖွဲ့များမှာလည်း ငွေကြေးအခက်အခဲအပြင် လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေမှုကြောင့် စစ်ရေးကြား ထိခိုက်နစ်နာသူများအတွက် ကူညီထောက်ပံ့ရန် စိန်ခေါ်မှုများ ရှိနေသည်။
ပုဏ္ဏားကျွန်းလူငယ် အစည်းအရုံးဥက္ကဌ ကိုပြည့်ဖြိုးနိုင်က “ကျနော်တို့မှာ ဘတ်ဂျက်အခြေအနေတွေ၊ ဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် ကိုယ်တိုင်မကူညီနိုင်တဲ့ အပိုင်းတွေဆိုရင် လက်လှမ်းမီသလောက် ချိတ်ဆက်ကူညီပေးတာတွေ ရှိတယ်။ လက်ရှိမှာတော့ မသန်စွမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ကူညီထောက်ပံ့မှုတွေ၊ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးပေးဖို့ အများကြီး လိုအပ်နေပါသေးတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့၏ စာရင်းအရ ရခိုင်ဒေသတွင် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲကာလ ၁၁ လတာအတွင်း မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့တွင် မသန်စွမ်းသူဦးရေ ၇၂၀ ကျော်အထိ တိုးလာနေသည်။