စစ်ဒဏ်နဲ့ ကပ်ရောဂါကြားက စစ်ဘေးရှောင်ကျောင်းသားတွေရဲ့ ပညာရေး

ကလေးတွေဟာ စစ်ဘေးရှောင်အဖြစ်သို့ ရှောက်ရှိကတည်းကပင် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြပါတယ်။ တချို့စစ်ဘေးရှောင်စခန်းတွေမှာတော့ နီးစပ်ရာစာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ပညာသင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြပေမယ့် သေနတ်သံ၊ အမြောက်သံတွေကြားကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကလေးငယ်တွေအဖို့ ပညာရေးကို..

By ခင်သရဖီဦး 28 May 2020

ခင်သရဖီဦး ရေးသားသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ၂၀၁၈ ဒီဇင်ဘာလအစောပိုင်းကပင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာဟာ အခုဆိုရင် ၁ နှစ်ကျော်၊ ၂ နှစ်နီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။
အခုဆိုရင် စစ်ဘေးရှောင်ဦးရေဟာလည်း တစ်သိန်းခြောက်သောင်းလေးထောင်ကျော် အထိရှိသွားပြီ ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ရဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျေးရွာအနီးတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေထဲမှာ ပညာသင်ကြား နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ပါဝင်ကြပါတယ်။ REC ရဲ့ ခန့်မှန်းချက်အရ စစ်ဘေးရှောင် သုံးဆယ်ရာခိုင်နှုန်းဟာ ကျောင်းသား/သူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ စစ်ဘေးရှောင်အဖြစ်သို့ ရှောက်ရှိကတည်းကပင် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြပါတယ်။ တချို့စစ်ဘေးရှောင်စခန်းတွေမှာတော့ နီးစပ်ရာစာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ပညာသင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြပေမယ့် သေနတ်သံ၊ အမြောက်သံတွေကြားကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကလေးငယ်တွေအဖို့ ပညာရေးကို အာရုံစူးစိုက်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

“စစ်ဘေးရှောင်လာကြတဲ့ သူတွေဆိုတော့ စိတ်ဒဏ်ရာတွေ ကြောက်လန့်မှုတွေရှိနေတယ်။ စာသင်တာကို သူတို့ သိပ်ပြီးတော့ စိတ်မဝင်းစားကြဘူး”လို့ စစ်ဘေးရှောင်ကလေးငယ်တွေကို လက်ခံသင်ကြားပေးခဲ့တဲ့ ရသေ့တောင်မြို့ပေါ်က မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောပါတယ်။

တချို့ စစ်ဘေးရှောင် ကျောင်းသား/သူတွေမှာဆိုရင် မိဘဆွေမျိုးသားချင်းတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ကျည်ထိပြီးတော့ သေဆုံးဒဏ်ရာရရှိတာတွေ ရှိပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်ကျောင်းသား၊ ကျောင်းသူတွေကို စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အခုဆိုရင် ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကပ်ရောဂါဟာ ရခိုင်ပြည်နယ်သို့ထိတိုင် ပျံ့နှံ့ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မေလ ၂၇ ရက်နေ့၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၀၆) ဦးရှိပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်ထဲက နှစ်ဦးလည်း ပါဝင်လို့နေပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရခိုင်က စစ်ဘေးရှောင်အများစု မသိရှိကြပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ အစိုးရက အင်တာနက်ဖြတ်တောက်ထားတာဟာ အခုဆိုရင် တစ်နှစ်နီးပါးအထိ ကြာမြင့်လာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေအပါအဝင် စစ်ဘေးရှောင်တွေဟာ အစိုးရက ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေကြပါတယ်။

တစ်ဖက်မှာလည်း ကိုဗစ်ရောဂါကြောင့် ကျောင်းတွေနဲ့ ဌာနဆိုင်ရာတွေကို မေလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာသင်ကျောင်းတွေကို အမြဲပိတ်ထားလို့ မရတဲ့အတွက် ကျောင်းတွေကို ပြန်ဖွင့်ပေးရင်လည်း တစ်ယောက်နဲ့တစ်ယောက် သုံးပေအကွာ နေထိုင်ပြီး စာသင်နိုင်အောင် လုပ်ဆောင်ရမယ်လို့ မေလ ၁၂ ရက်နေ့က ပြောဆိုထားပါတယ်။

ဒါကြောင့် အခြေခံပညာကျောင်းတွေကို ဇူလိုင် ဒုတိယပတ်နောက်ပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ လျာထားပြီး အထက်တန်းတွေကစလို့ ဖွင့်သွားမယ်လို့ အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒီဗွီဘီ ကို ဖြေကြားထားပါတယ်။
ဒါပေမဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ တာပေါ်လင်မိုးထားတဲ့ တဲအိမ်လေးတွေပေါ်မှာ ကျပ်သိပ်စွာ နေထိုင်ကြရတဲ့ ကလေးတွေအတွက်တော့ အတိုင်ပင်ခံပြောသလို ပညာသင်ကြားဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း စစ်ဘေးရှောင်စခန်းတွေကို ခွင့်ပြုချက်မဲ့ အဆောက်လုပ်ကြဖို့အတွက် အစိုးရက ညွှန်ကြားထားတာကြောင့် စစ်ဘေးရှောင်တွေဟာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ ခိုလှုံမှုတွေ များပြားလာတာ ဖြစ်ပါတယ်။

မကြာမီကာလမှာဆိုရင် စာသင်ကျောင်းတွေ ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် ကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရေးက အခက်အခဲရှိလာတော့မှာပါ။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်တောမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “မြို့နယ်အုပ်ချုပ်ရေးမှူးပြောတဲ့ ဥစ္စာကတော့ ပလန်ရှိပုံမပါဘူး။ ၆ လပိုင်း ၁၅ ရက်နေ့မှာ စစ်ဘေးရှောင်တွေ၊ စာသင်ကျောင်းတွေမှာ Quaratine ဝင်နေသူတွေကို အပြီးသန့်ရှင်းရေးလုပ်၊ ဆေးဖြန်းပြီးတော့ သက်ဆိုင်ရာပညာရေးဌာနကို ပြန်အပ်ရမယ်။ အဲလိုအပ်မယ်ဆိုရင် စစ်ဘေးရှောင်တွေကို ဘယ်လိုစီမံမလဲဆိုတာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဖတ်ပြတဲ့အထဲမှာ မပါဘူး။ ဒါကလည်း အင်မတန် ရင်လေးစရာကောင်းပါတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန်အားဖြင့် ဧပြီလဆန်းပိုင်းလောက်မှာ အောင်စာရင်း ထုတ်ပြန်ပြီး ဇွန်လဆန်းမှာ ကျောင်းဖွင့်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာကြောင့် လက်ရှိအချိန်ထိ ကျောင်းမဖွင့်နိုင်သေးသလို အောင်စာရင်းတွေလည်း ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်က ကျောင်းသားမိဘတွေအပါအဝင်၊ စစ်ဘေးရှောင် ကျောင်းသားမိဘတွေကတော့ သူတို့သားသမီးတွေကို ကျောင်းအပ်ဖို့အတွက် တစ်စုံတစ်ရာ ပြင်ဆင်ထားတာ မရှိသေးပါဘူး။

“တချို့မိဘတွေကတော့ ကျောင်းကို လွှတ်ပေးမှာ ဟုတ်သေးဘူး။ ကျောင်းသားမိဘ အချင်းချင်းမှာလည်း တတ်နိုင်တဲ့မိဘတွေကတော့ အသုံးအဆောင်တွေကို ဖြည့်ဆည်းပေးနိုင်မှာပေါ့။ ဒါပေမဲ့ စစ်ဘေးရှောင် ကျောင်းသားတွေအတွက်ကော သောက်သုံးရေတွေ၊ှ နှာခေါင်းစည်းတွေနဲ့ လိုအပ်ချက်တွေကတော့ ရှိနေမှာပါ” လို့ ရသေ့တောင်မြို့နယ်က မူလတန်းပြဆရာတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင် မူလတန်းကျောင်းသားတွေကတော့ စခန်းမှာ ပညာသင်ကြားလို့ ရနိုင်ပေမဲ့ အလယ်တန်းကျောင်းသားတွေကတော့ မြို့ပေါ်မှာ သွားတက်ရမှာ ဖြစ်တဲ့အတွက် မိဘတွေမှာလည်း အခက်အခဲ ရှိနေကြပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကလည်း ရှိနေတဲ့အတွက် ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်လာတော့မှာ ဖြစ်ပါတယ်။

ရသေ့တောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းက ပဉ္စမတန်းတက်မယ့် မောင်ဦးကျော်နိုင်ရဲ့ ဖခင်ကတော့ တကယ်လို့ သူ့သားကို ကျောင်းထားနိုင်ခဲ့တယ်ဆိုရင်တောင် ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ရေးပစ္စည်းတွေ ဝယ်ပေးဖို့အတွက် တတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့က မတတ်နိုင်ဘူးလေ။ စစ်ဘေးရှောင်နေရတယ်ဆိုမှတော့ တခြားတတ်နိုင်တဲ့ မိဘတွေလို နှာခေါင်းစည်းတွေလည်း မဝယ်ပေးနိုင်တော့ ကျနော်တို့က စိုးရိမ်မိတယ်”

တကယ်လို့ စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ဆရာ/မတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသား/သူတွေ လိုက်နာရမယ့် အသေးစိတ် လမ်းညွှန်ချက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ အခြေခံပညာဦးစီဌာနက Myanmar Now သတင်းဌာနကို မေလ ၁၅ ရက်နေ့က ပြောဆိုထားပါတယ်။

တချို့စစ်ဘေးရှောင်မိသားစုတွေဆိုရင် စားဝတ်နေရေးအဆင်မပြေတဲ့အတွက် သူတို့ရဲ့ကလေးတွေကို ကျောင်း ဆက်မထားနိုင်ကြတော့ပါဘူး။ စာသင်ကြားဖို့ထက် စားဝတ်နေရေးအခက်အခဲရှိနေတာကြောင့် ကျောင်းပုံမှန်မတက်ရောက်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အများအပြားရှိနေတယ်လို့ မြောက်ဦးမြို့၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းက စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာမ ခိုင်သန်းဝေက ပြောပါတယ်။

“ဆရာမ သမီး ဒီနေ့ကျောင်းမတက်နိုင်တော့ဘူး၊ ကလေးထိန်းပေးရမယ်။ မေမေ အလုပ်လုပ်ဖို့ အပြင်သွားတယ်။ အဲဒီလို လာပြောတာတွေရှိတယ်။ ကျောင်းသားတစ်ချို့ဆိုလို့ရှိရင် အစက ကျောင်းပုံမှန် တက်တာတွေရှိပေမဲ့ နောက်ဆို အလုပ်ထွက်လုပ်တာတွေ ရှိတယ်”

ဒါ့အပြင် ကျောင်းသားတွေဟာလည်း တိုက်ပွဲတွေကြားကနေ ပြေးလာရတဲ့အတွက် စိုးရိမ်ကြောက်ရွံ့မှုတွေ၊ စာကို စိတ်မဝင်စားတဲ့အတွက် စာမလိုက်နိုင်တာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အခုဆိုရင် တိုက်ပွဲဧရိယာအတွင်းမှာ နေထိုင်ကြတဲ့ ကျောင်းသားတွေဟာ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုတွေကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတာတွေရှိသလို အသက်သေဆုံးတဲ့အထိပါ ကြုံလာရပါတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေကို နေ့စဉ်နဲ့အမျှကြားနေရတဲ့ ကျောင်းသားတွေရဲ့ စိတ်ဒဏ်ရာကို ဘယ်အရာက ကုစားပေးမနိုင်မလဲ….၊ ဘယ်လိုမျိုး ကုစားပေးမလဲ ဆိုတာကတော့…. စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။