တိုက်ပွဲကြောင့် အိမ်ကိုစွန့်ခဲ့တယ်၊ တိုက်ပွဲရပ်ပေမယ့် အိမ်မပြန်ရသေးဘူး
လက်ရှိ အပစ်အခတ်ရပ်စဲထားသည်ဆိုသော်လည်း ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခြင်းကြောင့် အိမ်ပြန်ရန်မဖြစ်နိုင်ဟု စစ်ဘေးရှောင်တို့က ပြောဆိုသည်။ အလားတူ ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်တို့ကလည်း စစ်ဘေးရှောင်များ၏ အိမ်ပြန်လမ်းကို ခြိမ်းခြောက်နေသည်။
29 Nov 2022
DMG ၊ နိုဝင်ဘာ ၃၀
(ဆောင်းပါး)
ဝါးထရံကာ၊ သွပ်မိုးထားသည့် ၆ ပေပတ်လည်အခန်းထဲက ဝါးကွပ်ပျစ်ပေါ်တွင် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက တင်ပျဉ်ခွေထိုင်လျက် ကလေးငယ်ကို ပုခက်လွှဲနေသည်။ သူမနှင့် မလှမ်းမကမ်းတွင် အဖြူရောင်မထင်ရှားတော့သည့် စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်လျက် အသက် ၇၅ နှစ်အရွယ်ရှိသူတို့က စကားပြောနေကြသည်။
ထိုသူတို့မှာ ဦးအောင်ထွန်းစိန်နှင့် သမီးဖြစ်သူ မသိန်းရွှေတို့ဖြစ်သည်။ စစ်ဘေးဒဏ်နှင့် ဆင်းရဲဒုက္ခ စားဝတ်နေရေး အခက်ခဲဒဏ်တို့ကို ရုန်းကန်နေရသူဖြစ်သဖြင့် ဦးအောင်ထွန်းစိန်၏အရွယ်မှာ ပို၍ အိုမင်းရင့်ရော်နေသည်ဟု ထင်ရသည်။
“ဒီမှာက စားဝတ်နေရေး ပိုပြီးကျပ်တည်းလာတယ်၊ ကိုယ့်အိမ်ကိုယ့်ယာကို လွမ်းတယ်”ဟု ဦးအောင်ထွန်းစိန်က ရင်ဖွင့်လာသည်။
နိုင်ငံရေးအကျပ်အတည်းဖြင့် နေထိုင်စားစရိတ်ကြီးမြင့်နေသည့် ယခုကာလတွင် ၆ ပေပတ်လည် အခန်းထဲ၌ မိသားစု ၂ စုမှ လူ ၉ ဦးနေထိုင်နေရကာ အလှူရှင်များ ထောက်ပံ့ပေးမှ စားသောက်ရသည့်အခြေအနေကို သူတို့ ငြိမ်းငွေ့နေကြသည်။
သူတို့မိသားစု အချိန်တိုင်းတွေးငေးကာ စကားပြောဆိုနေသည်မှာ လက်ရှိရောက်ရှိနေရာမှ မိုင် ၁၀၀ ခန့် ဝေးကွာသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာသို့ ပြန်ရမည့်အချိန်ကို ခန့်မှန်းနေကြခြင်းဖြစ်သည်။
မိမိဇာတိတွင် မကြောင့်မကြ၊ မတောင့်မတဘဲ လယ်ယာစိုက်ပျိုးရေးဖြင့် ဖြတ်သန်းလာခဲ့သည့် ဦးအောင်ထွန်းစိန်တို့ မိသားစုသည် တခါမှတွေးမထားခဲ့သည့် ပဋိပက္ခကြားတွင် မြေစာပင်အဖြစ် ခါးစည်းခံခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လက ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် အသက်ဘေးလွတ်ရာကို ထွက်ပြေးကာ လက်ရှိတွင် ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံရပ်ကွက် ဝိဘဇ္ဇဝါဒီစစ်ဘေးရှောင်စခန်းတွင် နေထိုင်လာသည်မှာ ၄ နှစ်ခန့် အချိန်ကြာမြင့်လာပြီဖြစ်သည်။
ထိုသို့ နေထိုင်လာရာတွင် ယခုရက်ပိုင်းတွင် အိမ်ပြန်ချင်စိတ်ကို နှိုးဆွပေးသည့် သတင်းတစ်ခုကို သူတို့ကြား လိုက်ရသည့်အတွက်ကြောင့်ဖြစ်သည်။ ထိုသတင်းမှာ “မြန်မာစစ်တပ်နှင့် AA တို့ အပစ်ရပ်စဲလိုက်သည်”ဟူ၍ဖြစ်၏။
ရခိုင်နှင့် ပလက်ဝဒေသတိုတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တိုအကြား ၂၀၂၂ ခုနှစ် သြဂုတ်လမှ စတင်ကာ တကျော့ပြန်တိုက်ပွဲများ တစတစ ပြင်းထန်လာပြီး နေ့စဉ်သေနတ်သံ၊ အမြောက်သံတို့ကြောင့် ဒေသခံများမှာ ပူလောင်သောကဖြစ်ခဲ့ရသည်။
မြန်မာစစ်တပ်ဘက်က AA တပ်ဖွဲ့နေထိုင်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဒေသခံကျေးရွာများနှင့် အနီးတဝိုက်ကို ရဟတ်ယာဉ်၊ ဂျတ်တိုက်လေယာဉ်များဖြင့် ပစ်ခတ်ရသည်အထိ ပြင်းထန်ခဲ့ကာ ဒေသခံများမှာလည်း နေရပ်စွန့်ခွာမှု တိုးလာနေသည်။
ထိုသို တိုက်ပွဲများပြင်းထန်နေချိန် နိုဝင်ဘာလ ၂၆ ရက်နေ့မှစပြီး မြန်မာစစ်တပ်နှင့် AA တို့အကြား ရုတ်တရက် အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။
ထိုသို့ ရပ်စဲလိုက်ခြင်းမှာ လက်ရှိ ရခိုင်လူထုရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး (Humanitarian Ceasefire) အလွတ်သဘောတူလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း လတ်တလော အပစ်အခတ်ရပ်စဲမှုမှာ စာချုပ်များနှင့် တရားဝင် လက်မှတ်ထိုးထားခြင်း မဟုတ်သည့်အတွက် အချိန်မရွေး စစ်ပွဲပြန်ဖြစ်ပွားလာနိုင်ကြောင်း ULA/AA ၏ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတိပေးထားသေးသည်။
ယင်းကြောင့် အစက အပစ်ရပ်သတင်းကိုကြားရ၍ ပျော်ရွှင်ခဲ့ရသည်။ သို့သော်လည်း အလွတ်သဘော အာမခံချက်မရှိကြောင်း သိလိုက်ရသည့်အခါ “ကျနော်တို့က ပြန်ရမှာမသေချာဘူး”ဟု ဦးအောင်ထွန်းစိန်က စိတ်မကောင်းဖြစ်သည့် ဟန်ဖြင့်ပြောသည်။
ထို့အတူ ပလက်ဝဒေသတွင် မြန်မာစစ်တပ်နှင့် AA တို့သည် နေရာတိုင်းတွင် စစ်ရေးလှုပ်ရှားမှုများရှိနေပြီး ယခုအပစ်ရပ်ထားသည်ဆိုသော်လည်း နှမဒါရွာအနီးတဝိုက်တွင် လက်နက်ကိုင်အဖွဲ့များ တပ်ဆုပ်သွားခြင်း မရှိသည့်အတွက် ဦးအောင်ထွန်းစိန်တို့ အိမ်ပြန်လမ်းကို ပို၍ဝေဝါးသွားစေသည်။
အပစ်ရပ်စဲခြင်းများ
ထိုသို့ ရခိုင်စစ်ရေးပဋိပက္ခအတွင် နားလည်မှုဖြင့် အပစ်ရပ်စဲခြင်းသည် ယခင်ကလည်း ရှိခဲ့ဖူး၏။ ၂၀၁၈ ခုနှစ်မှ စတင်ကာ ၂ နှစ်ကြာ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်စစ်ပွဲသည် ၂၀၂၀ ရွေးကောက်ပွဲကာလမှစတင်ကာ မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ပွဲများ ရပ်တန့်ခဲ့ကြသည်။
တိုက်ပွဲရပ်တန့်ခဲ့သည့်ကာလတွင် နှစ်ဘက်စစ်ရေးလှုပ်ရှားမှုများကို လျော့ချခဲ့ကာ ထိပ်တွေ့တိုက်ပွဲ အနည်းငယ်မှလွဲ၍ နှစ်ဘက်တပ်များ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
ယခင် တိုက်ပွဲရပ်တန့်စဉ်ကလည်း နေရပ်စွန့်ခွာခဲ့သူ စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်မှာ ဒေသတည်ငြိမ်မှုနှင့်အတူ တဖြည်းဖြည့် နေရပ်ပြန်သွားသူများရှိခဲ့သော်လည်း ဦးအောင်ထွန်းစိန်တို့ မိသားစုအပါအဝင် စစ်ဘေးရှောင် ၄၀၀၀၀ ကျော်မှာ အိမ်မပြန်နိုင်ခဲ့ကြပေ။
ယင်းမှတခါ မည့်သည့်စာရွက်စာတမ်းဖြင့် သဘောတူ လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် မြန်မာစစ်တပ်နှင့် AA တို့သည် တစတစ စစ်ရေးတင်းမာလာကာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှစတင်၍ ပလက်ဝ၊ မောင်တောတို့မှ စတင်ကာ ရခိုင်ပြည်တောင်ပိုင်းဒေသအထိ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ ရှိလာခဲ့ပြီး ယခင်စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိရှိလာပြီဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့အတူ ရခိုင်နှင့် ပလက်ဝဒေသအတွင်း အသွားအလာကန့်သတ်မှုများ၊ တိုးမြင့်လာသည့် စစ်ဆေးရေးဂိတ်များ၊ လမ်းပိတ်ဆို့မှုအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း ကန့်သတ်မှုများကြောင့် ရခိုင်ပြည်နယ်တဝှမ်းမှာ ရွှေ့ပြောင်းနေထိုင်ရသူများ လက်ရှိအခက်အခဲများစွာရှိခဲ့ကြောင်း (UNOCHA)က ဆိုသည်။
ထို့အပြင် အပစ်ရပ်ခြင်းကြောင့် အိမ်ပြန်နိုင်တော့လားဟု မျှော်လင့်ခဲ့ရသူနောက်တစ်ဦးမှာ ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာမှ အသက် ၆၇ အရွယ် ဦးမောင်သန်းစိန်ဖြစ်သည်။
ဦးမောင်သန်းစိန်တို့ ကျေးရွာတွင် ၂၀၂၀ အောက်တိုဘာလ ၃ ရက်မှစတင်ကာ ၆ ရက်နေ့အထိ ကျေးရွာအနီး ပြင်းထန်ခဲ့သော တိုက်ပွဲများကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ရွာသားအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
“ဂျတ်တိုက်လေယာဉ်တွေနဲ့ပစ်တယ်၊ လက်နက်ကြီးတွေ ပစ်တယ်။ အဲဒါကြောင့် ထွက်ပြေးလာရတာ။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေအားလုံး လက်နက်ကြီးကျလို့ အကုန်လုံးပျက်စီးသွားပြီ”ဟု ယခင်က တိုက်ပွဲအခြေအနေနှင့် သူ့နေအိမ်ပျက်စီးသွားပုံကို ပြောပြသည်။
ယင်းကြောင့် ယခုအပစ်ရပ်ကာလတွင် “ရွာပြန်ဖို့ မျှော်မှန်းထားပေမယ့် သွားလို့မရဘူး။ လုံးဝ အေးချမ်းသွားပြီးမှ သွားနိုင်မယ်”ဟု ပြောရင်း ဦးမောင်သန်းစိန်က ဆေးပေါ့လိပ်ကို ဖွာလိုက်သည်။
လက်ရှိတွင် ၎င်းတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့)၊ ICRC(အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ)အပါအဝင် လူမှုအဖွဲ့အစည်းများထံမှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီမှုကိုရရှိသော်လည်း လုံလောက်မှုမရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“ထောက်ပံ့ကြေးကတော့ WFP က တစ်ယောက်ကို တစ်လမှာ ၂၂၀၀၀ ကျပ်စီ ထောက်ပံ့တာတော့ရှိတယ်။ လူကယ်ပြန်ကတော့ တစ်ခါတစ်လေမှ ရောက်တယ်”ဟု ဦးမောင်သန်းစိန်က ရှင်းပြသည်။
ထွက်ပြေးလာစဉ်က စစ်ဘေးရှောင်များကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ဌာနဆိုင်ရာများက ကူညီပေးမှုများ အထိုက်အလျောက်ရှိခဲ့သော်လည်း ကိုဗစ်ကာလနှင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကြောင့် ကူညီသူများ လုံးဝမရှိသလောက် ဖြစ်သွားခဲ့ကြောင်းလည်း စစ်ဘေးရှောင်များကဆိုသည်။
ယင်းကြောင့် စစ်ဘေးရှောင်တချို့မှာ ကြုံရာကျဘန်းအလုပ်ကြမ်း နေ့စားအလုပ်များကို ထွက်လုပ်ကြသော်လည်း အလုပ်က ပုံမှန်မရှိခြင်းနှင့်ကြုံရသဖြင့် ပိုပြီးစိတ်ဓာတ်ကျဆင်းလာရကြောင်း ပြောကြသည်။
လက်ရှိ အပစ်အခတ်ရပ်စဲထားသည်ဆိုသော်လည်း ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခြင်းကြောင့် အိမ်ပြန်ရန်မဖြစ်နိုင်ဟု စစ်ဘေးရှောင်တို့က ပြောဆိုသည်။ အလားတူ ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်တို့ကလည်း စစ်ဘေးရှောင်များ၏ အိမ်ပြန်လမ်းကို ခြိမ်းခြောက်နေသည်။
ရသေ့တာင်မြို့နယ် ထီးစွဲကျေးရွာသူ စစ်ဘေးရှောင် မအေးအေးနုကလည်း “ဒီကိုရောက်တာ ၃ နှစ်ကျော်ပြီ။ ရွာမှာ စစ်သားတွေ တပ်စွဲထားတာ ၃ နှစ်လောက်ရှိပြီ။ အခုချိန်ထိ စစ်သားတွေတပ်စွဲထားတယ်။ လုံးဝသွားလို့ မရဘူး”ဟု ဆိုသည်။
DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့သည်။ အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦး အထိရှိခဲ့သည်။ ရခိုင်တွင် ယခုနိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း အရပ်သား ထိခိုက်သေဆုံးသူဦးရေ ၇၀ ကျော်အထိ ရှိခဲ့သည်။
ထို့အတူ ယခုအပစ်ရပ်စဲထားသည့် ကာလတွင် နှစ်ဘက်အဖွဲ့တို့မှာ တပ်စွဲထားခြင်းကို ရုပ်သိမ်းမှုမျိုးမဟုတ်ပေ။ ၎င်းတို့ ရောက်ရှိသည့်နေရာမှ အပစ်အခတ်များ ရပ်စဲထားခြင်းသာဖြစ်ကြောင်း ဦးခိုင်သုခက ပြောဆိုထားသဖြင့် အချို့စစ်ဘေးရှောင်တို့မှာ အိမ်ပြန်လမ်း ပိတ်နေတော့သည်။
အိမ်ပြန်ရန် အဆင်မပြေသည့်ကျေးရွာများမှာ ပလက်ဝမြို့နယ်မှ နှမဒ၊ စိမ့်ညှင်းဝတို့အပြင် ကျောက်တော်မြို့နယ်မှ တင်းမ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင်၊ ရသေ့တောင်မြို့နယ်မှ ထီးစွဲ၊ ကျောက်တန်း၊ အောင်သာစည် စသည့်ကျေးရွာများ အဓိကပါဝင်သည်ကို တွေ့ရသည်။
အဆိုပါကျေးရွာတို့မှာ စစ်ပွဲများအတွင်း မီးရှို့ခံရမှုကြောင့် နေအိမ်များ လုံးဝမရှိတော့ခြင်း၊ လုံခြုံရေးအာမခံချက် မရှိခြင်းတို့ကြောင့် အရဲစွန့်ပြီး နေရပ်ပြန်သွားလျှင်လည်း ပြန်လည်ထူထောင်ရေးအတွက် လုံးဝမလွယ်ကူသည့် ကျေးရွာများဖြစ်သည်။
ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်းတွင် (၄)နှစ်ကြာ ခိုလှုံနေရသော ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသူ ဒေါ်လှယဉ်ဦးက “အခုက ရွာက တောကြီးသဖွယ်ဖြစ်နေပြီ။ နေအိမ်တွေ မရှိတော့ဘူး။ လုပ်စားစရာ ကျွဲနွား ပိုင်ဆိုင်မှုတွေ မရှိတော့ဘူး။ ဒါကြောင့် ပြန်လည်ထူထောင်ရေးကို သေချာလုပ်ပေးရမယ်။ ရွာကို လုံခြုံရေး အာမခံချက်နဲ့ ပြန်ချင်တာ”ဟု သူ့သဘောထားကို ပြောပြသည်။
၂၀၂၀ မတ်လအတွင်း တင်းမကျေးရွာ မီးရှို့ခံရသဖြင့် နေအိမ် ၁၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် ဒေါ်လှယဉ်ဦး၏ ဆောက်လုပ်စနေအိမ်လည်း ပါဝင်သွားခဲ့ရသည်။
အကယ်၍ လုံခြုံရေးအာမခံချက်ဖြင့် ပြန်ရမည်ဆိုလျှင်လည်း “အရင်က အနေအထားမျိုး ကိုယ့်ရွာမှာ ဘဝသစ်စရတော့မယ်လေ။ ဘာမှမရှိတော့ အားလုံးလိုအပ်တယ်”ဟု တင်းမရွာသူ ဒေါ်လှယဉ်ဦးကဆိုသည်။
ယင်းကြောင့် နားလည်မှုဖြင့်အပစ်ရပ်ခြင်းထက် လုံခြုံရေးအာခံချက်ရှိသည့် စာချုပ်စာတမ်းဖြင့် တရားဝင် အခြေအနေဖြစ်စေရေးကို စစ်ဘေးရှောင်တို့က လိုလားနေကြသည်။
ထို့အပြင် ယခင်ကလည်း အပစ်ရပ်ကာလများတွင် နှစ်ဘက်တပ်များသည် လက်နက်ခဲယမ်း၊ ရိက္ခာ အစရှိသည့် စစ်အင်အားစုဆောင်းခြင်းများကို ပြုလုပ်လေ့ရှိကြပြီး အုပ်ချုပ်ရေးယန္တရား အပြိုင်အဆိုင်တည်ဆောက်ခြင်းများ ရှိခဲ့သည်။
ယင်းအပြင် တစ်ဘက်ကိုတစ်ဘက် သံသယထားကာ စောင့်ကြည့်တတ်ကြပြီး ကျေးရွာအတွင်းမှ ဒေသခံ အမျိုးသားများကို သံသယဖြင့် ဖမ်းဆီးခြင်းတို့အပြင် စစ်ရေးလှုပ်ရှားမှုများဖြင့် သဘောထားတင်းမာကာ ပြန်လည်တိုက်ခိုက်သည့် အနေအထားကြုံလာလျှင် ထပ်မံပြေးလွှားရမည့်အရေးကို စစ်ဘေးရှောင်များက တွေးပူနေကြသည်။
မည်သို့ပင်ဆိုစေကာမူ နှမဒါကျေးရွာသား ဦးအောင်ထွန်းစိန်တို့လို နှစ်ချီကြာ နေရပ်စွန့်ခွာနေရသူများအနေဖြင့် ပြွတ်သိပ်ကျပ်တည်းသည့် အခန်းငယ်တွင်နေကာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့်ဘဝက အမြန်ဆုံး လွတ်မြောက်မည့်နေ့၊ ဇာတိရပ်မှ လယ်ယာစိုက်ခင်းများကို မြင်ရမည့်နေ့ကို ရောက်လာနိုးနိုးဖြင့် မျှော်လင့်နေကြသည်။
လက်ရှိ သူတို့ကြုံနေရသည့် စစ်ရေးပဋိပက္ခနှင့်ပတ်သက်ပြီး “နှစ်ဘက်ခေါင်းဆောင်တွေကို ပြောချင်တာကတော့ အားလုံးအဆင်ပြေနိုင်အောင် ညှိနှိုင်းပေးကြပါ”ဟု ဦးအောင်ထွန်းစိန်က တောင်းဆိုသည်။
မင်းထွန်း - ရေးသည်