ဖုန်းတကောအတွက် အသက်တစ်ချောင်း

“ကျနော့် သားမှာဆိုရင် ခေါင်းရှာမတွေ့တော့ဘူး။ မိန်းမဆိုရင်လည်း ခန္ဓာတွေ ရှာမတွေ့တော့ဘူး။ လက် ၂ ချောင်း၊ ခြေ ၂ ချောင်းပဲ ရတယ်။ သူတို့ အင်္ကျီစကိုပဲ ရှာရတော့တယ်” ဟု ဒေါ်မဂျော်၏ ခင်ပွန်းဖြစ်သူ ဦးရောဟီမော်ဒိန်က ပြောသည်။

By Admin 31 Jan 2025

ဖုန်းတကောအတွက် အသက်တစ်ချောင်း

ဝင်းညွန့် - ရေးသည်။

အချိန်က ညနေ ၃ နာရီခန့်။ နေရောင်ခြည် စတင်ကျဆင်းချိန်ဖြစ်သည်။ သစ်ပင်အောက်တွင် ငုတ်ထုတ်ထိုင်သူက ထိုင်နေသည်။ ညနေစောင်း နေပူကျဲကျဲအောက်တွင် မတ်တန့်ရပ်သူကရပ်ကာ စုဝေးနေသည့် လူအများအပြားသည် ဖုန်းတစ်လုံးကိုယ်စီဖြင့် အလုပ်ရှုပ်နေသည်။ 

၎င်းတို့သည် နှစ်လကြာရှည်စွာ ဝေးကွာနေရသည့် သား/သမီး၊ လင်ယောကျ်ားများနှင့် စကားပြောနိုင်ရန် ဖုန်းလိုင်းရှာဖွေသူများ ဖြစ်သည်။ ယင်းအထဲတွင် အသက် ၄၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် ဒေါ်မဂျော်နှင့် သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ရာဟာနောဒ္ဒိန်လည်း ပါဝင်သည်။ 

ဒေါ်မဂျော်သည် ပြည်ပနိုင်ငံတွင် အလုပ်လုပ်နေသည့် သားဖြစ်သူနှင့် အဆက်အသွယ်ရရန် ဖုန်းလိုင်းမိသည့် နေရာကို တရွေ့ရွေ့ ရှာဖွေနေသည်။ သို့သော် ဒေါ်မဂျော်၏ ဖုန်းပြောနိုင်ရေး ဆန္ဒကို “ဝှန်းခနဲ” အသံတစ်ချက်က မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားပြီး သူ၏ ဆန္ဒမှာလည်း မပြည့်ဝခဲ့ဘဲ ကံဆိုးမိုးမှောင် ကျသွားခဲ့ရသည်။
 
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာအနီးရှိ တောင်တန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲမှုကြောင့် ဒေါ်မဂျော်နှင့် သားဖြစ်သူအပါအဝင် ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

“ကျနော့် သားမှာဆိုရင် ခေါင်းရှာမတွေ့တော့ဘူး။ မိန်းမဆိုရင်လည်း ခန္ဓာတွေ ရှာမတွေ့တော့ဘူး။ လက် ၂ ချောင်း၊ ခြေ ၂ ချောင်းပဲ ရတယ်။ သူတို့ အင်္ကျီစကိုပဲ ရှာရတော့တယ်” ဟု ဒေါ်မဂျော်၏ ခင်ပွန်းဖြစ်သူ ဦးရောဟီမော်ဒိန်က ပြောသည်။ 

ဒေါ်မဂျော်သည် ကျောက်တော်မြို့နယ်၊ ဝကင်း(မွတ်ဆလင်)ကျေးရွာမှဖြစ်ပြီး မိသားစု (၅) ဦး ရှိသည်။ သူသည် စားဝတ်နေရေး အဆင်မပြေမှုကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သားကြီးဖြစ်သူထံမှ ငွေကြေးမှာယူရန် ဖုန်းလိုင်းရသည့် အင်ဇုံပြင်ကျေးရွာအနီး တောင်တန်းကို ရောက်ရှိနေစဉ် ဗုံးကြဲခံရ၍ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ 

သေဆုံးသွားသည့် ဒေါ်မဂျော်သည် ၇ လရှိ ရင်သွေးငယ်လေးကိုလည်း ကိုယ်ဝန်လွယ်ထားရသည့် မိခင်တစ်ဦးဖြစ်သည်။ 

“သူတို့အလောင်းတွေကို ကြည့်လိုက်ရတဲ့ အချိန်မှာ ကျနော် ရူးမတတ်အောင် ခံစားရတယ်” ဟု မဂျော်၏ အမျိုးသားဖြစ်သူ ဦးရောဟီမော်ဒိန်က ပြောသည်။

လက်ရှိတွင် ဦးရောဟီမော်ဒိန်မှာ အသက် (၁၀) နှစ်အရွယ် သမီးဖြစ်သူ မရိုတီဇာနှင့်အတူ ဝကင်းကျေးရွာနေထိုင်နေပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေရသည်။ 

ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဝကင်းကျေးရွာမှ ဒေါ်ဂျော်နာဘေလ်ကော် (၄၅) နှစ်မှာလည်း မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် သားဖြစ်သူနှင့် ဖုန်းပြောနေစဉ် လေကြောင်းပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည်။ ၎င်းတွင် အမျိုးသားဖြစ်သူနှင့်အတူ သား၊ သမီး ၈ ဦး ကျန်ခဲ့ပြီး ထိုအထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်။

အငယ်ဆုံးသားဖြစ်သည့် မောင်မူဟီဇုလ်လောက် (၂) နှစ်မှာ ညအိပ်ရာဝင်လျှင် မိခင်ဖြစ်သူကိုတမ်းတပြီး လန့်နိုးမှုများရှိကြောင်း သေဆုံးသူ၏ ခင်ပွန်း ဦးအာမီနုလ်လောက်က ပြောသည်။

“သားလေးက သူ့ အမေကိုပဲ လိုက်ရှာနေတယ်။ ကလေးက ငယ်သေးတော့ မသိဘူးလေ။ ညညဆိုရင် “အမေ..အမေ.” ဆိုပြီးတော့ လန့်နိုးတယ်။ ကျနော်လည်း ကလေးတွေကို ကြည့်ပြီး မခံစားနိုင်ဘူး” ဟု သူက ရင်ဖွင့်သည်။ 

ရခိုင်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ လက်ရှိတွင် တစ်နှစ်ကျော်ထိ ကြာမြင့်လာပြီဖြစ်သည်။ နေရာအချို့တွင်သာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း နေရာကွက်ကျားရရှိနေသည်။ 

အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသော ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်လူမှုဘဝ ရပ်တည်ရေးကို ရိုက်ခတ်မှုများရှိနေသည်။ ထို့ကြောင့် ပြည်သူများမှာ တစ်ဦးနှင့်တစ်ဦး တစ်နေရာနှင့်တစ်နေရာတွင် ဆက်သွယ်ပြောဆိုနိုင်ရန် ဖုန်းလိုင်း၊ အင်တာနက် လိုင်းများရရှိရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ 

ထိုနေရာများကိုလည်း စစ်ကောင်စီက ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ရှိလာနေ၍ ဆက်သွယ်ရေးလိုင်းရရှိသည့် နေရာများကို မသွားရဲကြတော့ကြောင်း ပြောဆိုကြသည်။ 

ပေါက်တောမြို့နယ်မှ ဒေသခံတစ်ဦးက “လူစု၊ လူဝေးမြင်ရင် ဒေသခံတွေကိုလည်း AA ဆိုပြီးတော့ သဘောထားတယ်။ ဒါကြောင့် ဖုန်းလိုင်းရတဲ့ နေရာတွေကိုလည်း သိပ်မသွားရဲတော့ဘူး”ဟု ပြောသည်။ 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်ကလည်း ဖုန်းလိုင်းရရှိသည့် ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာအနီးကို စစ်ကောင်စီ၏ စစစ်တွေမြို့ အခြေစိုက် ရွှေမင်းဂံရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖုန်းပြောနေသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

စစ်ကောင်စီသည် ပြည်သူများရှိသည့် နေရာများကို ပစ်မှတ်ထား၍ တရားလက်လွတ် လူမဆန်တိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသဖြင့် လေကြောင်းရန်နှင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားရန်နှင့် ဖုန်း/အင်တာနက် သုံးစွဲမှုများကို သတိထားသုံးစွဲကြရန် အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ 

“လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထက်ပိုပြီးတော့ သတိထားကြဖို့၊ အင်တာနက်သုံးစွဲတာတွေ၊ ဖုန်းသုံးစွဲတာတွေကို သတိထားပြီးတော့မှ ပြောဆိုသုံးစွဲကြဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး စသည့် တိုင်းနှင့် ပြည်နယ်များထဲမှ မြို့နယ်ပေါင်း (၈၂) ခုကို အင်တာနက်ဖြတ်တောက်မှု အကြိမ်ပေါင်း (၁၃၀) ကျော် ပြုလုပ်ခဲ့ကြောင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို စောင့်ကြည့်နေသည့် Myanmar Internet Project က ထုတ်ပြန်ထားသည်။ 

အင်တာနက် ဖြတ်တောက်ခံထားရမှုနှင့် နောက်ဆက်တွဲ ရခိုင်ကို လေကြောင်းပစ်ခတ်မှု (၁၇၆) ကြိမ်နှင့် ရှမ်းပြည် မြောက်ပိုင်းကို (၁၅၁) ကြိမ် အများဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း MIP ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

စစ်ကောင်စီ အနေဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို ဖြတ်တောက်ကာ ပြည်သူများနေထိုင်သည့် နေရာများသို့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနေခြင်းဖြစ်ကြောင်း MIP ၏ မီဒီယာအရေး ကျွမ်းကျင်သူ ဦးဟန်က ပြောသည်။

“အွန်လိုင်းဆိုတာက လူသားတွေအတွက် အခြေခံအကျဆုံး ဖြစ်သလို ဒါကိုအသုံးပြုပြီး ကောင်းမွန်သော လူမှုဘဝကို တည်ဆောက်နိုင်ပါတယ်။ ဒါကို ပိတ်ပင်ဖိနှိပ်ကန့်သတ်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာပါ” ဟု သူက ဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဖိအားပေးသင့်ကြောင့် ဦးဟန်က ဆက်ပြောသည်။ 

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခံထားရ၍ ပြည်သူများမှာ သတင်းသိပိုင်ခွင့် ဆုံးရှုံးနေရသည်။ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုနှင့်အတူ သတင်းတု၊ သတင်းမှားများ ပျံနှံ့နေပြီး ပြည်သူများကြားတွင် စိုးရိမ်မှုများ မြင့်တက်နေသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ခံရမှု နောက်ဆက်တွဲကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသူများအား မှီခိုနေရသည့် မိသားစုဝင်များမှာ စားဝတ်နေရေးကျပ်တည်းမှုနှင့် ကြုံတွေ့နေရသည်။ 

ယင်းအထဲတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသည့် ဒေါ်မဂျော်၏ မိသားစုလည်း အပါအဝင်ဖြစ်သည်။ 

 “စားဝတ်နေရေး အခက်အခဲတွေရှိတဲ့အတွက် သားက မလေးရှားကို သွားတာ။ သိန်း ၈၀ လောက် ကုန်ကျတယ်။ သူများဆီက အကြွေးယူပြီးတော့ သွားတာ။ အခုတောင် အကြွေးဆပ်လို့ မပြီးသေးဘူး” ဟု ဦးရောဟီမော်ဒိန်က ဆိုသည်။

ယင်းအပြင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် သားကြီးဖြစ်သူကို ၎င်း၏ အမေနှင့် ညီလေးတို့သည် ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားခြင်းအား DMG မှ တစ်ဆင့် အသိပေးကြောင်း ဦးရောဟီမော်ဒိန်က ပြောသည်။ 

လက်ရှိတွင်လည်း စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံများမှာ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဆိုးရွားကို ကြုံတွေ့နေရသည်။ 

လေကြောင်းဗုံးကြဲခံရမှုကြောင့် ဖုန်းတကောအတွက် အသက်နှင့် ခန္ဓာကို စတေးလိုက်ရသည့် ဒေါ်မဂျော်တို့ သားမိနှစ်ဦးကဲ့သို့ အခြားသူများမဖြစ်စေရန် ဦးရောဟီမော်ဒိန်က ဆန္ဒပြုသည်။ 

“ကျနော်မိန်းမနဲ့ ကလေးကို သတ်သွားတဲ့ အဲဒီကောင်(စစ်ကောင်စီတပ်သား) ကိုရရင် အရှင်လတ်လတ် လည်လှီးပြီး သတ်ပစ်ချင်တယ်။ ကျနော့် မိန်းမနဲ့ ကလေးလို နောက်ထပ်လူတွေကိုလည်း ဒီအပြစ်ဆိုးနဲ့ မကြုံပါစေနဲ့လို့ပဲ ပြောချင်တယ်”